သတင်း

စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်ကို ထိန်းချုပ်ရန် စစ်ခေါင်းဆောင် အမိန့်ပေး

ယမန်နေ့ (ဩဂုတ် ၃၀) က နေပြည်တော်၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူမှုကွန်ရက်အပါအဝင် စာပေ၊ ဂီတနှင့် ရုပ်ရှင်နယ်ပယ်တို့ကို ထိန်းချုပ်ရန် အမိန့်ပေးလိုက်သည်။

စစ်ခေါင်းဆောင်က ၎င်း၏ ဝန်ကြီးများကို အမိန့်ပေးရာ၌ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များ၏ လက်သုံးစကားဖြစ်သော အမျိုးသားရေးစရိုက်လက္ခဏာနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် ရေးသားထုတ်လွှင့်မှုများ မရှိစေရေးဟု အကြောင်းပြသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော INGO နှင့် NGO များကို စနစ်တကျ ကြပ်မတ်ရန် လိုကြောင်း၊ နိုင်ငံတကာရှိ အဖွဲ့အစည်းများနှင့် အစိုးရများက ၎င်းတို့ထောက်ပံ့ပေးနေသော အဖွဲ့အစည်းများမှတစ်ဆင့် အသုံးချနေကြောင်းလည်း ထည့်သွင်းပြောဆိုသည်။

အာဏာသိမ်းပြီးနောက် အတိုက်အခံများကို ထောက်ခံကြောင်း ရေးသားဖော်ထုတ်သူများကို အဆက်မပြတ် ဖမ်းဆီးထောင်ချနေသည့် စစ်ကောင်စီက ယခုအခါ ထိန်းချုပ်ကန့်သတ်မှုများကို နယ်ပယ်ပေါင်းစုံတွင် ထပ်တိုးလုပ်ဆောင်လာခြင်းဖြစ်သည်။​

စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သော Facebook လူမှုကွန်ရက်ကို ပိတ်ပင်ခဲ့သည်သာမက ပုံနှိပ်ဥပဒေပြင်ဆင်ခြင်း၊ စာပေနှင့် သတင်းမီဒီယာတိုက်များကို လိုင်စင်ရုပ်သိမ်းခြင်း၊ NGO များနှင့် သက်ဆိုင်သော အသင်းအဖွဲ့ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့အပြင် လူထုကို ဖိနှိပ်ရန် အခြားဥပဒေများကိုလည်း ပြင်ဆင်ပြဋ္ဌာန်းထားသည်။

ဆန့်ကျင်သူမှန်သမျှကို အတောမသတ် ဖိနှိပ်ဖြိုခွင်းနေသည့် စစ်ကောင်စီက Facebook အသုံးပြုသူများကိုပါ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူနေကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် နေ့စဉ် ထုတ်ပြန် ကြေညာလျက်ရှိသည်မှာ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းပင်ဖြစ်သည်။​

လူသုံးများသည့် Telegram လူမှုကွန်ရက်ရှိ စစ်တပ် ဝါဒဖြန့် စာမျက်နှာများ၏ လှုံ့ဆော်မှုများကြောင့် စစ်တပ်အသိုင်းအဝိုင်းနှင့် အနည်းငယ်မျှ သဘောထားကွဲလွဲသူများပင် နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်သည့် ပုဒ်များဖြင့် ဖမ်းဆီးထောင်ချခံနေရသည်။

စစ်ကောင်စီသည် Facebook အစား ကိုယ်ပိုင်လူမှုကွန်ရက်တစ်ခု တည်ထောင်ရန် ကြိုးစားနေသော်လည်း မအောင်မြင်ဘဲရှိနေသည်။ ဆန့်ကျင်တော်လှန်သူများကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီက လူမှုကွန်ရက်အသုံးပြုသူများကို ဦးတည် ပစ်မှတ်ထားနေဆဲဖြစ်သည်။​

ရွေးကောက်ခံ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ထိုမှတစ်ဆင့် ပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသည်။

အထက်ပါ အဖွဲ့အစည်းများနှင့် ပတ်သက်သော ရေးသားထုတ်လွှင့်မှုများကို လူမှုကွန်ရက်တွင် Like တစ်ခု ပေးရုံမျှဖြင့် ထောင် ၁၀ နှစ်အထိ ချနိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ) ဖြင့် ဖမ်းဆီးထောင်ချမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွန်ခဲ့သည့်နှစ်အတွင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

“တစ်ကျပ်တစ်ပြားလေး လှူတာတောင်မှ ထောင် ၁၀ နှစ် ကျတယ်တို့၊ သေဒဏ်အထိ ဖြစ်လာတယ်ဆိုတာ ပုဒ်မ ၅၄ နဲ့ ငြိလို့ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်” ဟု အာဏာသိမ်းစစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးလည်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်း သတင်းစာရှင်းလင်းပွဲတွင် ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီက ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချရာ၌ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၁၂၄၊ ၅၀၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၂ နှင့် ၅၄ တို့ကို အများဆုံး အသုံးချလေ့ရှိသည်။​

အများပြည်သူ၏ လူမှုကွန်ရက်အသုံးပြုမှုကို စောင့်ကြည့်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့မှာ နိုင်ငံတကာစာမျက်နှာ၌မူ လူမှုကွန်ရက်မှတစ်ဆင့် လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးမီးမွှေးသူများအဖြစ် ကျော်ကြားသည်။

ထိုသို့ နာမည်ဆိုးဖြင့် ကျော်ကြားသဖြင့် စစ်ခေါင်းဆောင်၏ Facebook စာမျက်နှာအပါအဝင် စစ်တပ်နှင့် ဆက်နွှယ်သည့် လူမှုကွန်ရက်စာမျက်နှာ ၆၀၀ နီးပါးမှာ ၂၀၁၈ ခုနှစ်တွင် နာမည်ကျော် လူမှုကွန်ရက်ပလက်ဖောင်းများဖြစ်သော Facebook နှင့် Instagram တို့မှ ဖယ်ရှားခံရသည်။

၂၀၂၁ ဖေဖော်ဝါရီလ တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက်တွင်လည်း မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ Mytel အပါအဝင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် စစ်တပ်အဆက်အနွှယ် စာမျက်နှာများ၊ အကောင့်များကို Facebook က ဖယ်ရှားပစ်ခဲ့သည်။

Facebook Announcement
စစ်ခေါင်းဆောင်နှင့် သူ၏လုပ်ငန်းများကို Facebook က ၎င်းတို့၏ ပလက်ဖောင်းများမှ အပြီးတိုင်ဖယ်ရှားထားသည်။ (ဓာတ်ပုံ – Meta ၂၀၁၈ သြဂုတ် ၂၈ ထုတ်ပြန်ချက်)

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာ ၁၃ ခု၊ စာအုပ်ထုတ်ဝေရေး ပုံနှိပ်တိုက် ၇ ခုထက်မနည်းကို ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းကြောင်း ထုတ်ပြန်ထားသည်။

လိုင်စင်သိမ်းခံရသူများထဲတွင် လိင်တူဇာတ်လမ်း “My Possessive Step-Bro” စာအုပ်ထုတ်ဝေသည့် ရွှေလာဘ်စာပေ၊ Myanmar’s Rohingya Genocide: Identity, History and Hate Speech စာအုပ်ကို Facebook ပေါ်တွင် ရောင်းချသည့် လွင်ဦးစာပေ၊ ရှင်ဥက္ကဋ္ဌ၏ “လူသေလူဖြစ်ဝါဒ” စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေသည့် ရန်အောင်စာပေနှင့် ဝင်းတိုးအောင်ပုံနှိပ်တိုက်၊ စစ်ကောင်စီဆန့်ကျင်ရေး စတစ်ကာများ ရိုက်နှိပ်ကြောင်း စွပ်စွဲခံရသည့် ကလေးမြို့မှ စံလှပုံနှိပ်တိုက်တို့ ပါဝင်သည်။

ယခုနှစ် မတ်လအတွင်း စစ်ကောင်စီက ပုံနှိပ်ထုတ်ဝေရေးဥပဒေကို ပြင်ဆင်ခဲ့ရာ ဥပဒေအရ တားမြစ်ထားသည့် ရေးသားထုတ်ဝေမှု ဟုတ်မဟုတ်ကို ခရိုင်တရားရုံးအစား ပြန်ကြားရေးဝန်ကြီးဌာနက ဆုံးဖြတ်မည်ဆိုသော ပြင်ဆင်ချက်ကို ထည့်သွင်းခဲ့သည်။

Lwin Oo Publishing Hosue
Myanmar’s Rohingya Genocide စာအုပ်ကို မြန်မာပြည်တွင်းရောင်းချမှုဖြင့် လွင်ဦးစာအုပ်တိုက်ကို စစ်ကောင်စီက ၂၀၂၂ မေ ၂၈ တွင် လိုင်စင်သိမ်းခဲ့သည်။ (ဓာတ်ပုံ – စာအုပ်ရေးသူ Ronan Lee ၏ Facebook)

စစ်ကောင်စီသည် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းခဲ့ပြီး ထောင်ဒဏ် ၅ နှစ်နှင့် ကျပ်သိန်း ၅၀ အထိ ဒဏ်ရိုက်နိုင်သော ဥပဒေသစ်ကို ၂၀၂၂ အောက်တိုဘာတွင် ပြဋ္ဌာန်းခဲ့သည်။

ထို့ပြင် ဆန့်ကျင်သူများကို ဖိနှိပ်ဖြိုခွင်းနိုင်ရေး ရာဇသတ်ကြီးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပါ ပုဒ်မများကို အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်းမှာပင် ဗိုလ်ချုပ်ကြီးများက ပြင်ဆင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button