မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပ အသင်းအဖွဲ့များကို ထောင်ဒဏ် ၅ နှစ်နှင့် ကျပ်သိန်း ၅၀ အထိ ဒဏ်ရိုက်နိုင်သော အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကို စစ်ကောင်စီက ပြီးခဲ့သည့်လကုန်ပိုင်းတွင် ပြဋ္ဌာန်းလိုက်သည်။
မည်သည့် အရပ်ဘက်အဖွဲ့အစည်းမဆို မှတ်ပုံတင်ရမည်ဖြစ်ကာ၊ ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) ဒဏ်ငွေကျပ် ၁၀ သိန်း၊ အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများနှင့် ဆက်သွယ်ပါက ဒဏ်ငွေကျပ်သိန်း ၅၀ နှင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်မည်ဟု ဆိုသည်။
အသင်းအဖွဲ့များကို ပိုမိုဖိနှိပ်ရန် ရည်ရွယ်ထားသည့် ထိုဥပဒေကို အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၂၈ ရက်တွင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကာ နောက်တစ်နေ့ နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းသည်ဟု စစ်ကောင်စီက ဆိုသည်။ စစ်ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးသည့် နေပြည်တော်အစိုးရ၊ လွှတ်တော်များက ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့်ဥပဒေဟောင်းတွင် အသင်းအဖွဲ့များအတွက် ထောင်ဒဏ်သတ်မှတ်ချက် မပါဝင်ပေ။
ယခု စစ်ဗိုလ်ချုပ်ကြီးများ၏ ဥပဒေသစ်တွင် ငွေဒဏ် ထောင်ဒဏ်အသီးသီး ထည့်သွင်းထားသည့်အပြင် မှတ်ပုံတင်ကြေးနှင့် သက်တမ်းတိုးရန် နှုန်းထားများကိုလည်း တိုးမြှင့်လိုက်သည်။
အစိုးရနှင့် မသက်ဆိုင်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) အတွက် မှတ်ပုံတင်ကြေးကို ကျပ် တစ်သိန်းမှ ငါးသိန်း၊ ပြည်တွင်းအဖွဲ့အစည်းများအတွက် ကျပ်သောင်းဂဏန်းမှ ကျပ်တစ်သိန်းအထိ တိုးမြှင့်သည်။
ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဘုတ်အဖွဲ့ဝင်နေရာတွင် မြန်မာနိုင်ငံသား ၄၀ ရာခိုင်နှုန်းအထိ ထည့်သွင်းခန့်ထားရမည်ဖြစ်ကာ မှတ်ပုံရာ၌လည်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ထံ ပူးတွဲတင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။
အသင်းအဖွဲ့များအနေဖြင့် နိုင်ငံရေး၊ ဘာသာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရ၊ အစိုးရဌာနများက အချိန်မရွေး ဝင်ရောက်စစ်ဆေးခွင့်ရှိသည်ဟုလည်း စစ်ကောင်စီက ထိုဥပဒေဖြင့် တင်းကျပ်လိုက်သည်။
ယခင်က အသင်းအဖွဲ့များ နှစ်စဉ်အစီရင်ခံစာသာ တင်ပြခဲ့ရသော်လည်း အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သုံးလတစ်ကြိမ် တင်ပြရမည်ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် အချို့သော အသင်းအဖွဲ့များမှာ မြေအောက်လှုပ်ရှားမှု (Underground) အသွင် ကူးပြောင်းသွားရာ ယခုဥပဒေကြောင့် ထိုအခြေအနေအတိုင်းပင် ဆက်သွယ်ရတော့မည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဆိုသည်။
“အခက်အခဲကတော့ ငွေကြေးစီးဆင်းမှုနဲ့ INGO တွေနဲ့ ချိတ်ဆက်ထားတာတွေရှိရင်တော့ အခက်အခဲရှိလာနိုင်တယ်။ ဥပဒေ ပြည်တွင်းက INGO တွေနဲ့ ချိတ်ပြီး လုပ်နေတာတွေပါ” ဟု ထိုအဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ICNL ခေါ် International Centre for Not-for-Profit Law အဖွဲ့၏ ၂၀၁၄ ခုနှစ်က အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်းပေါင်း တစ်သောင်းကျော်ရှိသည်။
စစ်ကောင်စီက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အသင်းအဖွဲ့များတွင် လုပ်ကိုင်နေသူများကိုပါမချန် ဖမ်းဆီးအရေးယူခဲ့ပြီး ယခုဥပဒေကြောင့် ဖိနှိပ်ချုပ်ချယ်မှု ပိုတိုးလာမည် ဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များ ဆုတ်ယုတ်သွားနိုင်သည့်အတွက် ပိုမိုစိုးရိမ်နေကြသည်။
အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအပြင် ဒေသအာဏာပိုင်များနှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်း၌ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁၁ သိန်းကျော်ရှိနေပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA) က ထုတ်ပြန်ထားသည်။
ဒေသအသီးသီးတွင်လည်း အာဏာသိမ်းစစ်ကောင်စီက ပြည်သူအများအပြားကို နေ့စဉ် ဖမ်းဆီးစစ်ဆေးနေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ စစ်တပ်က ဆက်လက် ဖမ်းဆီးထားသူ အရေအတွက် ၁၂၈၉၀ ဦးထက်မနည်း ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)