ရခိုင်ပြည်နယ်ရှိ အသင်းအဖွဲ့များအနေဖြင့် ရက္ခိုင့်တပ်တော် (AA) အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် PDF အဖွဲ့များနှင့် မပတ်သက်ရန် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်လိုက်သည်။
စစ်တွေမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယခုလ ၂၈ ရက်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ရှင်းလင်းပွဲပြုလုပ်စဉ် တက်ရောက်လာသော အရပ်ဘက်အဖွဲ့အစည်းများကို စစ်ကောင်စီ၏ ပြည်နယ်ရဲမှူးကြီး သက်လွင်က အထက်ပါအတိုင်း သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
“အဓိကတော့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ မတရားအသင်းတွေနဲ့ မဆက်စပ်ဖို့၊ နောက်ပြီးတော့ ငွေကြေးသုံးစွဲမှုတွေကို အဓိကစစ်မယ်။ နိုင်ငံခြားငွေစီးဝင်မှုတွေကို စစ်မယ်။ ပြီးတော့ နှစ်စဉ် စာရင်းစစ်မှုကို ခံယူရမယ်။ သူတို့ စာရင်းစစ်မယ်။ အဲဒါတွေကို ပြောသွားတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ အရပ်ဘက် အသင်းအဖွဲ့ပေါင်း ၂၀ ခန့် တက်ရောက်သည့် ထိုရှင်းလင်းပွဲတွင် စစ်ကောင်စီ တာဝန်ရှိသူများက NUG နှင့် PDF တို့ကို တိတိပပ ထည့်သွင်းပြောဆိုခဲ့သော်လည်း ရက္ခိုင့်တပ်တော် (AA) ကိုမူ အမည်နာမ ထည့်ပြောခြင်းမရှိဘဲ မတရားအသင်းအဖြစ် ရည်ညွှန်းပြောဆိုသည်ဟု သိရသည်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအမတ်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လက်နက်ကိုင်တော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။
အာဏာသိမ်းပြီးနောက် AA နှင့် ယင်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ထားသော်လည်း မတရားအသင်းမှ ပယ်ဖျက်ခြင်း မရှိပေ။
မည်သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းကိုမဆို ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ်ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်သော အသင်းအဖွဲ့ဥပဒေကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းများ၊ အသင်းအဖွဲ့အစည်းများကို ခေါ်ယူပြီး ထိုသို့ပြောဆိုခြင်းမှာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု မြောက်ဦးအခြေစိုက် မြတန်ဆောင်းဖောင်ဒေးရှင်းတည်ထောင်သူ ဆရာတော် အရင်နန္နသာရက မိန့်သည်။
“အသင်းအဖွဲ့တွေကို သူတို့လက်အောက်ကို သွတ်သွင်းလိုက်တာပဲ။ သူတို့လက်အောက်မှာ မနေရင် ဆွဲစိပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်လိုက်တာပါပဲ။ အမှန်ကတော့ ဖိနှိပ်တာပါပဲ။ ပါးစပ်က ပြောလိုက်တာ မဟုတ်ဘူး။ တကယ်လည်း သူတို့က လုပ်မှာပဲ”
မြတန်ဆောင်းဖောင်းဒေးရှင်းသည် ရခိုင်ပြည်နယ်အတွင်း ပညာရေးပိုင်ဆိုင်ရာထောက်ပံ့ခြင်း၊ စစ်ဘေးရှောင်များကို ထောက်ပံ့ခြင်းများသာရှိပြီး အကြမ်းဖက်အဖွဲ့၊ မတရားအသင်းနှင့် ဆက်သွယ်ခြင်း မရှိသောကြောင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်ဟုလည်း ဆိုသည်။
“စစ်အစိုးရကတော့ စစ်အစိုးရပုံစံအတိုင်း လုပ်တာပဲ။ ဗမာတွေပြောနေကျအတိုင်းဆိုရင် ရန်ငါစည်းပြတ်တာပဲ။ သူတို့ကလည်း သူတို့လုပ်သင့်တယ်လို့ ထင်တယ်။ သူတို့အာဏာတည်မြဲဖို့အတွက် သူတို့သွားချင်တဲ့ပုံစံကို ရဖို့ အတွက် လုပ်သင့်တာကို လုပ်တယ်လို့ မြင်တယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။
စစ်ကောင်စီသည် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းကာ အသင်းအဖွဲ့ဥပဒေကို ၎င်းတို့စိတ်ကြိုက် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
မည်သူမျှ မှတ်ပုံတင်လက်မှတ် မရှိဘဲ အသင်းအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခြင်း မပြုရ၊ မည်သူမျှ မှတ်ပုံတင်လက်မှတ် မရှိသော အသင်းအဖွဲ့တွင် အသင်းဝင်အဖြစ် ပါဝင်ခြင်း၊ ဆောင်ရွက်ခြင်း၊ အားပေးကူညီ ခြင်း သို့မဟုတ် အယောင်ဆောင်ခြင်း မပြုရ စသည်ဖြင့် ထည့်သွင်းပြဋ္ဌာန်းထားသည်။
မြတန်ဆောင်းဆရာတော်နည်းတူ ရခိုင်ရဟန်းတော်များအသင်း အထွေထွေအတွင်းရေးမှူး အရှင်သဘာဝနဒီကလည်း AA ရှိနေသော ပြည်နယ်တွင် ယခုကဲ့သို့ အသင်းအဖွဲ့များကို ခေါ်ယူရှင်းလင်းခြင်းမှာ ရခိုင်တစ်မျိုးသားလုံးကို ခြိမ်းခြောက်ခြင်းဟု ဆိုသည်။
“အသင်းအဖွဲ့ဆိုင်ရာဥပဒေအရ သူတို့ဆီမှာ မှတ်ပုံမတင်ထားရင် တရားမဝင်အသင်းလို့ သက်ရောက်တယ်။ ပြီးတော့ မတရားအသင်းကြေညာထားတာမှာ ရက္ခိုင့်တပ်တော်လည်း ပါဝင်တယ်။ ရခိုင်တစ်မျိုးသားလုံးဟာ AA နဲ့က တစ်နည်းမဟုတ်ရင် တစ်နည်းနဲ့တော့ ဆက်စပ်နေတာပဲ။ ရခိုင်တစ်မျိုးသားလုံးကို ပေါ်ပေါ်ထင်ထင်ကြီး ခြိမ်းခြောက်တာလို့ မြင်ပါတယ်”
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ စစ်ကောင်စီနှင့် AA တို့ တစ်ကျော့ပြန်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကာ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးများလည်း ရှိခဲ့သည်။
၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေသော အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သူများအနက် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ အမတ်လောင်း ဦးစိန်ချစ်၊ ၎င်းနှင့်အတူ ပရဟိတလုပ်ငန်းလုပ်ကိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ တောင်ကုတ်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမင်းကိုဦး၊ တောင်ကုတ်မြို့ရှိ မိုးပညာဒါန ပရဟိတကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်တို့မှာ ထင်ရှားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)