သတင်း

စစ်ဖြစ်နေသည့် လွိုင်ကော်တွင် လျှပ်စစ်နှင့်ရေ ပြတ်နေပြီး ကုန်စည် ရှားလာ

စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်သွားကြသည့် ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့တွင် လျှပ်စစ်မီးနှင့် ရေ ပြတ်တောက်နေဆဲဖြစ်ကြောင်း နေရပ်စွန့်ခွာရန် အခြေအနေမပေးသေးသည့် ဒေသခံတချို့က ယမန်နေ့ (ဇန်နဝါရီ ၁၁) တွင် ပြောကြသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် မိုင်းလုံးအပါအဝင် ရပ်ကွက်တချို့တွင် မီးလုံးဝမလာသည်မှာ ၆ ရက်ခန့်ရှိပြီး လွိုင်ကော်တစ်မြို့လုံး မီးမလာသည်မှာ ၃ ရက်ကြာပြီဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မီးပျက်တော့ အဓိကပြဿနာက ရေပြတ်တာပါ။ စည်ပင်ရေလဲ မလာသလို ရေသန့်စက်ရုံတွေကလဲ မလည်ပတ်တော့ သောက်ရေသုံးရေ ရှားပါးမှုကို ကြုံနေကြရပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းက ဆိုသည်။

စစ်ခေါင်းဆောင်များ ရုံးစိုက်သော နေပြည်တော်နှင့် မိုင် ၁၂၀ ခန့်သာ ကွာဝေးသော လွိုင်ကော်တွင် လျှပ်စစ်ဓာတ်အားမရှိသဖြင့် Wifi အင်တာနက်သုံးရန် ခက်ခဲနေကြောင်း၊ MPT နှင့် Mytel မှလွဲ၍ အခြားဆက်သွယ်ရေးလိုင်းများ အင်တာနက်အသုံးပြု၍ မရကြောင်း ၎င်းက ဆက်ပြောသည်။

“မြို့လယ်ကောင်မှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ရနေပေမဲ့ နေရာတော်တော်များများမှာ ဖုန်းပြောလို့ပဲ ရပါတော့တယ်။ တစ်ချက်တစ်ချက် လိုင်းပျောက်သွားတာမျိုးတော့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၇ မှစ၍ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာ ထိခိုက်သေဆုံးမှုများလာသည့် စစ်ကောင်စီတပ်က နောက်တစ်နေ့တွင် လက်နက်ကြီးသာမက တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။

ထိုနေ့တွင်ပင် မိုင်းလုံး၊ ပန်ကန်း၊ ရွာတန်းရှည် ရပ်ကွက်တို့မှ ဒေသခံအချို့ နေရပ် စတင်စွန့်ခွာကြသည်။ စစ်တပ်က လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်နေပြီး လျှပ်စစ်မီးများပြတ်တောက်လာသည့် အခြေအနေတွင် အခြားရပ်ကွက်များကပါ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

မိုင်းလုံးနှင့် ဒေါဥခူရပ်ကွက်တို့တွင် နေ့စဉ် ပစ်ခတ်သံများကြားနေရပြီး ဘာဒိုကျေးရွာရှိ ဒေသခံများလည်း ပြောင်းရွှေ့နေရကြောင်း၊ တိုက်ပွဲဖြစ်နေသည့်ရပ်ကွက်နှင့် အနီးတစ်ဝိုက်သည် လုံခြုံမှုမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

မြို့နေလူဦးရေ၏ ထက်ဝက်ခန့် ပြောင်းရွှေ့သွားကြကြောင်း အခြားအမျိုးသမီးတစ်ဦးနှင့် အထက်ပါအမျိုးသားထံမှ သိရသည်။

တိမ်းရှောင်ရန် ပြင်ဆင်နေကြသည့် လွိုင်ကော်ဒေသခံများကို ဇန်နဝါရီ ၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-PDF Loikaw)

“သူခိုးရန်ကာကွယ်ဖို့ အိမ်စောင့်ကျန်ခဲ့တဲ့သူတွေ အနီးအနားရွာတွေက စစ်ရှောင်လာရင်း ဘုန်းကြီးကျောင်းတွေမှာ သောင်တင်နေတဲ့သူတွေရယ်၊ သွားစရာ နေရာမရှိ ငွေကြေးမတတ်နိုင်တဲ့သူတွေရယ် ကားရှာမရသူတွေနဲ့ အခြားအကြောင်းကြောင်းကြောင့် ကျန်နေခဲ့ကြသူတွေများပါတယ်” ဟု အထက်ပါအမျိုးသားက Myanmar Now ကို ပြောသည်။

မိုင်းလုံးရပ်ကွက်ကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ ၇ လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံတို့က အတည်ပြုသည်။ 

ထို့ပြင် ဒေသတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

“ကုန်စီးဆင်းမှုရှိတာတော့ မတွေ့ရဘူးဗျ။ အခြေခံကုန်စည်တွေ ရှားပါးလာပါတယ်။ ကယားကို လာတဲ့ ကုန်ကားတွေကို ရှမ်းတောင်ဘက်မှာ စစ်ကောင်စီက ပေးမဖြတ်ဘဲ ကုန်တွေကို ဆွဲချနေတယ်လို့လဲ ကြားရပေမဲ့ သိပ်တော့မသေချာပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ကုန်စည်များ အဝင်ကန့်သတ်မှု ရှိမရှိ မသိရသော်လည်း တိုက်ပွဲအခြေအနေနှင့် လွိုင်ကော်မြို့ရှိ ကုန်စုံဆိုင်ကြီးများ ပိတ်ထားရသဖြင့် ကုန်တင်ကားများ မဝင်ရဲကြကြောင်း အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကုန်စုံဆိုင်တွေက အကုန်ပိတ်ပြီး ပြေးကုန်တာ၊ အခုတောင်မှ နှစ်ဆိုင်သုံးဆိုင်ပဲ ဖွင့်တော့တယ်။ အဲဒါလဲ သူတို့ရောင်းကုန်ရင် ပြေးတော့မယ် ထင်တယ်။ ရောင်းတဲ့သူမရှိတော့ ကုန်ကားလဲ မဝင်တော့ဘူး၊ အဲဒီသဘောပါပဲ” ဟု ၎င်းက ဆိုသည်။

ကုန်စည်ပြတ်လပ်ပါက လွိုင်ကော်ရှိ ကုန်စည်များကို အဓိကအားထားနေရသည့် ပြည်နယ်တစ်ခုလုံးရှိ စစ်ရှောင်နှင့် ဒေသခံများ အခက်တွေ့နိုင်ကြောင်း ၎င်းက ပြောသည်။

ဒေသခံများရှောင်တိမ်းသွားကြသည့် မိုင်းလုံးရပ်ကွက်တွင် နေအိမ်များ ဖောက်ထွင်းခံရပြီး သူခိုးတချို့က ၁၂ ဘီးကားကြီးများဖြင့် ခိုးယူမှုပြုလုပ်နေကြောင်း ဆိုသည်။

“ကားတောင် အစီးလိုက် မ,သွားတာ။ ဆိုင်ကယ်တွေ သယ်သွားတယ်၊ မီးစက်တွေ ဖြုတ်သွားတယ်၊ ရေခဲသေတ္တာတွေ သယ်သွားတယ်၊ အိမ်တော်တော်များများ။ ဓာတ်ပုံတော့ ကျွန်မတို့ သွားမရိုက်နိုင်ဘူး။ အန္တရာယ်များတယ်လေ” ဟု ထိုအမျိုးသမီးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- လွိုင်ကော် (PDF- Loikaw)  ကလည်း ခိုးယူသူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ဇန်နဝါရီ ၈ ကလည်း မိုင်းလုံးနှင့် ပန်ကန်းတစ်ဝိုက်ရှိ ဒေသခံများကို ကယ်ထုတ်ရင်း ထိုတပ်ဖွဲ့မှ PDF တစ်ဦး သေဆုံးခဲ့သည်။ 

အလားတူ ဇန်နဝါရီ ၇ ကလည်း လွိုင်ကော်မြို့အနီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်။ 

၂၀၁၄ သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့နယ်တွင် လူဦးရေ ၁၃၀,၀၀၀ ခန့်ရှိပြီး မြို့ပြတွင်နေထိုင်သူ  ၅၂,၀၀၀ ခန့်ရှိသည်။

လက်ရှိတွင် လူဦးရေ အနည်းဆုံး နှစ်သောင်းခွဲမှ သုံးသောင်းအထိသည် ရှမ်းပြည်နယ်အပါအဝင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းသို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button