အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေး

ကုန်းလမ်းရေလမ်း ပိတ်ဆို့ခံထားရသည့် စစ်ကိုင်းအထက်ပိုင်းတွင် ကုန်စည်ပြတ်လပ်

ဟုမ္မလင်း၊ ခန္တီးနှင့် နာဂတောင်တန်းဒေသသို့ ကုန်စည်ပို့ဆောင်ရာတွင် အချက်အချာကျသည့် ချင်းတွင်းမြစ်နှင့် ကုန်းလမ်းပေါင်းဆုံရာ ဖောင်းပြင်မြို့တစ်ဝိုက်၌ နှစ်ဖက်လက်နက်ကိုင်များက ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပိတ်ပင်ထား၍ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ကုန်စည်ပြတ်လပ်နေသည်။

ဟုမ္မလင်း၊ ခန္တီးနှင့် နာဂတောင်တန်းဒေသသို့ ကုန်စည်ပို့ဆောင်ရာတွင် အချက်အချာကျသည့် ချင်းတွင်းမြစ်နှင့် ကုန်းလမ်းပေါင်းဆုံရာ ဖောင်းပြင်မြို့တစ်ဝိုက်၌ နှစ်ဖက်လက်နက်ကိုင်များက ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပိတ်ပင်ထား၍ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ကုန်စည်ပြတ်လပ်နေသည်။

ဖောင်းပြင်မြို့အနီး ကုန်းလမ်းနှင့် ရေလမ်းကြောင်းနှစ်ခုလုံးကို ၂၀၂၃ နိုဝင်ဘာမှစတင်၍ ယနေ့အချိန်ထိ နှစ်ဖက်တပ်များက ပိတ်ဆို့ထားရာ ဟုမ္မလင်း၊ ခန္တီးအပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လေရှီး၊ လဟယ်မြို့များတွင် ဆန်၊ စားသောက်ကုန်နှင့် စက်သုံးဆီများ ပြတ်လပ်ကာ အဆမတန်ဈေးတက်နေသည်ဟု သိရသည်။

ဖောင်းပြင်မြို့သည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင်ရှိကာ နိုဝင်ဘာ ၂၂ တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်ခိုက်သိမ်းပိုက်ထားသည့် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့၏ မိုင် ၃၀ ခန့်အကွာ တောင်ဘက်တွင် ရှိသည်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မော်လိုက်၊ ဖောင်းပြင်နှင့် ရွှေပြည်အေးမြို့တို့တွင် ကုန်တင်ယာဉ်နှင့် ရေယာဉ်များ ပိတ်မိနေကြောင်း၊ လွန်ခဲ့ငသည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးသို့ ကုန်စည်တင်ရေယာဉ် ၄ စီးဝန်းကျင်သာ ရောက်ရှိနိုင်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ခန္တီးမြို့ခံ အမျိုးသားတစ်ဦးက ယမန်နေ့ (ဇန်နဝါရီ ၂) တွင် ပြောသည်။

“ဒီတိုင်းသာ မော်တော် (ရေယာဉ်) သာ ဆက်မဝင်နိုင်ဘူးဆိုရင် (ဒေသခံတွေ စားဝတ်နေရေးအတွက်) နောက်ထပ် သုံးလေးလ ဆက်တောင့်ခံနိုင်ဖို့ဆိုတာ မလွယ်ဘူး”။

စစ်ကိုင်းတိုင်းအထက်ပိုင်း၌ ဆန်ကြမ်းတစ်ပြည်လျှင် ယခင် ၃,၀၀၀ ကျပ်မှ ယခု ၁၀,၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၂၀၀ ကျပ်မှ ၁,၀၀၀ ကျော်၊ ဓာတ်ဆီတစ်လီတာ ၃,၀၀၀ ကျပ် မှ ၁၂,၀၀၀ ကျပ်အထိ ဈေးတက်သွားကာ ငွေရှိလျှင်ပင် လိုသလောက် ဝယ်မရကြောင်း၊ ဆန်ချောရှားပါးနေ၍ ပြောင်းဆန်နှင့် တောင်ယာထွက် ဆန်အညံ့စားများကို ဝယ်ယူစားသောက်နေရကြောင်း အထက်ပါ ခန္တီးမြို့ခံက ဆိုသည်။

လေရှီး၊ လေဟယ်၊ နန်းယွန်းနှင့် ခန္တီးမြို့တို့သည် အိန္ဒိယနယ်စပ်တွင်ရှိသော်လည်း ပြည်ပသွင်းကုန်ထက် ဈေးသက်သာသည့် ပြည်တွင်းထုတ်ကုန်ကိုသာ အဓိက မှီခိုအားထားကြသည်ဖြစ်ရာ ကုန်စည် ပို့ဆောင်ရေးလမ်းကြောင်း လနှင့်ချီ ပြတ်တောက်နေသောကြောင့် အခက်တွေ့နေကြသည်။

ကုန်းလမ်း၊ ရေလမ်းပေါင်းစုံရာ ဖောင်းပြင်မြို့အနီးကို NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပိတ်ဆို့ထားသလို စစ်ကောင်စီကလည်း ဖောင်းပြင်မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် စစ်ဆေး နေသည်ဟု သိရသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့မှတစ်ဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများကို ပို့ဆောင်မည့် ကုန်စည်များသည် ဟုမ္မလင်းမြို့နှင့် မော်လိုက်မြို့အကြား၊ ချင်းတွင်းမြစ်ကြောင်းနှင့် ပင်လယ်ဘူး- ဖောင်းပြင်ကြားရှိ ကားလမ်းများပေါ်တွင် အစီးရေထောင်နှင့်ချီ ပိတ်မိနေသည်ဟု ထိုဒေသအတွင်း ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသူ ခန္တီးမြို့ခံ နောက်ထပ် အမျိုးသားတစ်ဦးထံမှ သိရသည်။

ဖောင်းပြင်မြို့ကို ပင်လယ်ဘူးနှင့် မဟာမြိုင် ကုန်းလမ်းကြောင်း နှစ်ခုမှဝင်ရောက်နိုင်ပြီး ချင်းတွင်းမြစ်ကို အသုံးပြု၍ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ဆောင်နိုင်သည်။ ကုန်တင်ယာဉ်နှင့် ရေယာဉ်များမှာ ဖောင်းပြင်မြို့ကို ဖြတ်သန်းပြီးမှသာ စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ သွား၍ရသည်။

မုံရွာ-ခန္တီးခရီးမှာ ပုံမှန်အားဖြင့် သုံးရက်ခရီးသာ ကြာပြီး လက်ရှိတွင် လနှင့်ချီ ဖြတ်သန်းခွင့်မရ၍ ၁၂ ဘီး ကားဖြင့် တင်လာသည့် ကြက်ဥများကို လွှတ်ပစ်ခဲ့ရကြောင်း အထက်ပါ ကုန်စည်ပို့ဆောင်သူ အမျိုးသားက ဆိုသည်။

“တိုက်ပွဲဖြစ်ပွားတော့မှာမို့လို့ ပိတ်တာလည်းရှိသလို လက်နက်ကြီးနဲ့ လေယာဉ်နဲ့ လာပစ်ခတ်နေလို့ ပိတ်တာလို့လည်း ပြောတယ်။ မပစ်တဲ့ရက်တွေကို ဖွင့်စေချင်တာပေါ့။ မပစ်တဲ့ရက်တွေလည်း မဖွင့်ဘူး။ ပစ်တဲ့ရက်တွေလည်း မဖွင့်ဘူးဆိုရင် တော်တော်ကျပ်တည်းလာမယ်”။

၂၀၂၃  ဩဂုတ်လက စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဉ်တစ်စီး။ (ဓာတ်ပုံ -ရေလယ်ကျွန်းသတင်း)

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းတွင် နှစ်ဖက်လက်နက်ကိုင်များ၏ ပိတ်ဆို့စစ်ဆေးမှုများကြောင့် ငွေကုန်ကြေးကျများကာ လမ်းခရီးတွင် ကြန့်ကြာမှုများဖြစ်ပေါ်နေသည်ဟု မန္တလေးမှ ကုန်စည်ပို့ဆောင်ရေးသမားတစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဖောင်းပြင်အနီးတွင် လမ်းကြောင်းများပြန်ဖွင့်ပေးပြီဟု ဆိုကြသော်လည်း စောင့်ဆိုင်းနေသည့် ယာဉ်များအားလုံး သွားလာခွင့်မရသေးဘဲ အသုတ်လိုက်ခွဲပြီး သွားလာခွင့်ပြုနေခြင်းသာဖြစ်သည်ဟု ဆိုသည်။

“ထိခိုက်မှု ဆုံးရှုံးမှုရှိတာပေါ့။ ရက်တွေကကြာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိ၊ (ဗုံးကြဲ) လေယာဉ်တွေ လာရင် ဟိုပြေးရ ဒီပြေးရပေါ့။ တချို့ကျတော့ ငှက်ဖျားဖြစ်သွားတာတို့၊ တိုက်ပွဲထဲမှာ ကျည်ထိမှန်ပြီးတော့ သေတာတွေလည်း ရှိတာပေါ့။ ကားသမားတွေ သေသွားတာရှိတယ်”။

မန္တလေးဘက်မှ စစ်ကိုင်းအထက်ပိုင်းဒေသများသို့ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်း၊ ရွှေမျောလုပ်ငန်းသုံးပစ္စည်း၊ စက်သုံးဆီနှင့် ဆိုင်ကယ်အပိုပစ္စည်းများ အဓိကပို့ဆောင်နေပြီး စစ်တပ်အပြင် စစ်ကောင်စီနှင့် နီးစပ်သည့် ရှမ်းနီတပ်၊ PDF အဖွဲ့စုံကိုလည်း ငွေကြေးပေးဆောင်နေရသည်ဟု မန္တလေးမှ အထက်ပါ အမျိုးသားက ပြောသည်။

စက်သုံးဆီနှင့် ရွှေမျောလုပ်ငန်းသုံးပစ္စည်းများ သယ်ဆောင်လာပါက နှစ်ဖက်စစ်ဆေးရေးဂိတ်များတွင် ငွေကြေးပိုပေးရပြီး ကုန်ကားတစ်စီးလျှင် ခရီးစဉ်တစ်ကြောင်းအတွက် ကျပ်သိန်း ၁၃၀ မှ ၁၅၀ အထိ ကျသည်ဟု ၎င်းက ဆိုသည်။

“အဲဒီလို ယူပါစေ ဆုတောင်းနေရတယ်။ လုပ်စားလို့ ရအောင်ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ။ ကျွန်တော်တို့က အမှားနဲ့ လုပ်နေရသလိုပဲ။ ကျွန်တော်တို့ပါ မှားနေသလိုကြီး သွားနေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စားဝတ်နေရေးအတွက် လုပ်နေကြရတယ်” ဟု ၎င်းက ဆိုသည်။

လမ်းခရီးတွင် အမျိုမျိုးသောကုန်ကျစရိတ်များသည် ကုန်တင်တန်ဆာခပေါ်တွင် ပေါင်းထည့်ကြသဖြင့် တော်လှန်ရေးအားကောင်းရာဒေသများတွင် ကုန်ဈေးနှုန်းကြီးမြင့်သွားသည့် အခြေအနေသို့ ဆိုက်ရောက်သွားစေကြောင်း ထိုသူက ဆက်ပြောသည်။

နှစ်ဖက်အဖွဲ့အစည်းများ၏ အကြောင်းအမျိုးမျိုးဖြင့် လမ်းပိတ်ဆို့မှုရှိသော်လည်း ရသည့်နည်းလမ်းဖြင့် ကုန်စည်များပို့ပေးနေကြောင်း မုံရွာအခြေစိုက် ကုန်တင်ရေယာဉ်အသင်း တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“ရတဲ့နေရာအထိတော့ ပို့နေတယ်။ သူတို့က ပိတ်တယ်ဆိုရင် ကျွန်တော်တို့ သွားခွင့်မရတော့ဘူး။ လမ်းကြောင်းတစ်လျှောက်လုံးတော့ မဟုတ်ဘူး။ ဒီကနေ ဖောင်းပြင်လောက်အထိ သွားလို့လာလို့ ကောင်းပါတယ်ဗျ။ အထက်ဘက်ပဲ ခက်မယ်”။

၂၀၂၀ ဒီဇင်ဘာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး တွေ့ရသော ကုန်ကားများ။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

အရပ်သားအစိုးရကို ဖြတ်ချကာ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာတွင် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်မှုများ၊ စစ်ကောင်စီ၏ ရက်စက်သော ဖြိုခွင်းမှုများကြောင့် ဒေသခံများအနေဖြင့် စစ်ဒဏ်အပြင် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကိုလည်း ခံစားနေရသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့ စုဖွဲ့ထားသည့် ညီနောင်မဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေး အောက်တိုဘာလကုန်ပိုင်းတွင် စတင်ပြီးနောက် နိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်အဟုန်မြင့်လာသည်။

ထိုအခြေအနေတွင် အိမ်နီးချင်းနိုင်ငံများနှင့် အဓိက ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအများအပြားကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ နိုင်ငံမြောက်ပိုင်း တရုတ်၊ အနောက်ပိုင်း အိန္ဒိယ၊ တောင်ပိုင်း ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်သည့် နယ်စပ်ဒေသများတွင် ကုန်စည်ပို့ဆောင်ရေးလမ်းများ ဖြတ်တောက်ခံထားရသည်။

Related Articles

Back to top button