ရန်ကုန် – မြိတ်မြို့ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာအပြီး သုံးနာရီခန့်အကြာမှာပင် ‘ဒုတ်’ခနဲ အသံတစ်သံကို ကြားလိုက်ရပြီးနောက် မယုမိစံတို့စီးနင်းလာသည့် ရှပ်ပြေးအမြန်ရေယာဉ်သည် မြိတ်ကျွန်းစုများအကြား ကပ္ပလီပင်လယ်ပြင်တွင် တုံးလုံးလဲကာ ဇောက်ထိုးပြောင်းပြန် ဖြစ်သွားတော့သည်။ အသက်ကယ်အင်္ကျီ ဝတ်ထားကြသဖြင့် လှေပေါ်မှ ခရီးသည်များ ရေပေါ်ပြန်ပေါ်လာကြသော်လည်း မယုမိစံ၏ မိခင် ဒေါ်ခင်ဆောင်းတင်ကိုတော့ မတွေ့ရပေ။
မယုမိစံ၏ မိခင်အပြင် ရေပေါ်ပြန်ပေါ်မလာသူ နောက်တစ်ဦးက မန္တလေးမြို့မှ ခရီးသည် ဒေါ်ကြင်စု (ခေါ်) ဒေါ်ခင်ချို ဖြစ်သည်။ အသက် ၆၀ ကျော် ၇၀ နီးပါး ထိုသက်ကြီးရွယ်အိုနှစ်ဦးသည် ရေယာဉ်မမှောက်မီက လှေပေါင်းမိုးအောက်မှာ ထိုင်နေခဲ့ကြသူများဖြစ်သဖြင့် လှေမှောက်သည့်အခါ ရေယာဉ်ကိုယ်ထည်အောက်ပိုင်းကို ရောက်သွားကြပြီး ပြန်မပေါ်လာကြခြင်း ဖြစ်သည်။
မကြာမီမှာပင် ငါးဖမ်းလှေတစ်စီးရောက်လာပြီး ရေပေါ်ပေါ်နေသူများကို ဆယ်ပေးသည်။ သို့သော် သူတို့ လူအားဖြင့် ရေယာဉ်ကို ပြန်လှန်ဖို့ မဖြစ်နိုင်သဖြင့် အဝေးက ငါးဖမ်းစက်လှေကြီးကို အချက်ပြကာ ခေါ်ရသည်။ ငါးဖမ်းလှေငယ်နှင့် လှေကြီးတို့မှ ရေလုပ်သားများပေါင်းပြီးတော့မှ အမြန်ရေယာဉ်ကို လှန်လိုက်နိုင်သည်။ ထိုအခါ ပျောက်နေသည့် အမျိုးသမီးကြီးနှစ်ဦး ပြန်ပေါ်လာကြသည်။ အားလုံး မိနစ် ၂၀ ခန့်ကြာသည်။
အနီးဆုံးကျွန်းသို့ မောင်းပြီးနောက် ၎င်းတို့နှစ်ဦးကို ကျွန်းဓလေ့ထုံးစံနည်းများဖြင့်ပါ အသက်ကယ်ဖို့ ကြိုးစားကြသော်လည်း နောက်ဆုံး လက်လျှော့လိုက်ရသည်။ ပျော်ရွှင်အပန်းပြေရအောင်လာခဲ့သည့် ခရီးစဉ်တစ်ခုသည် မမျှော်လင့်ဘဲ သေကွဲကွဲရခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။
ထိုအဖြစ်အပျက်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်အနှံ့မှ ခရီးသွား ၂၀ ခန့်သည် မိမိတို့ဒေသရှိ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်ကာ မြိတ်ကျွန်းစုခရီးစဉ်ကို လာရောက်လည်ပတ်ခဲ့ကြသည်။ ၎င်းတို့အနက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ မယုမိစံတို့ သားအမိကတော့ ကျောက်မြောင်းရှိ ‘မင်္ဂလာပါ’ အပန်းဖြေခရီးသွားလုပ်ငန်းထံမှ ရန်ကုန်–မြိတ်–ကော့သောင်း–ရနောင်းအထိ ၆ ညအိပ် ၇ ရက် ခရီးစဉ်ကို တစ်ဦးလျှင် ကျပ် ၃၅၀,၀၀၀ နှုန်းဖြင့် လိုက်ပါခဲ့ကြခြင်း ဖြစ်သည်။
မြိတ်သို့ရောက်သည့်အခါ ၎င်းတို့ကို စမတ်ကျွန်း၊ ဒုံးကျွန်းစသည့် လှပသည့် မြိတ်ကျွန်းစုဝင် ကျွန်းအချို့သို့ လိုက်ပါပို့ဆောင်ပေးရန် ‘မင်္ဂလာပါ’ ခရီးသွားလုပ်ငန်းက ချိတ်ဆက်ထားသည့် မြိတ်ဒေသခံ ‘ထူးထက်ရှိန်’ ကုမ္ပဏီ၏ အမြန်ရှပ်ပြေးရေယာဉ်က စောင့်ကြိုနေခဲ့သည်။ ကမ်းမှခွာပြီးနောက် ထိုရေယာဉ်နှေးသည်ဟုဆိုကာ နောက်တစ်စီးဖြင့် လဲပေးသည်။ ပိုမြန်သည့် ထိုရေယာဉ်ကိုစီးပြီး သုံးနာရီခန့်မှာပင် ကြေကွဲစရာအဖြစ်အပျက်နှင့် ကြုံရခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ပြည်တွင်းပြည်ပ အပန်းဖြေခရီးသွားသည့်ဓလေ့ ထွန်းကားလာသည့် မြန်မာနိုင်ငံတွင် မြိတ်ကျွန်းစုသည် ပြည်တွင်းခရီးစဉ်ရေးဆွဲရာတွင် ပါဝင်လာသည်မှာ သိပ်မကြာသေးပေ။ ထိုနေ့က လူသေရသည်အထိ ဖြစ်ခဲ့ရသည့်အဖြစ်အပျက်သည် တိုးတက်ရန် အားယူနေသည့် မြိတ်ကျွန်းစုဒေသအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။
“ဘာလုပ်ပေးရမလဲ”
မတော်တဆမှုဆိုသည်မှာ ပုံမှန်ဖြစ်တတ်သည့်အရာ မှန်သော်လည်း ထူးထက်ရှိန်ကုမ္ပဏီပိုင် အမြန်ရေယာဉ်တိမ်းမှောက်၍ လူနှစ်ဦး သေဆုံးရသည့်အမှုတွင်မူ မိခင်ကို ဆုံးရှုံးခဲ့ရသည့် မယုမိစံအတွက် ရန်ကုန်ရှိ ကုမ္ပဏီကရော၊ မြိတ်ရှိ ရေယာဉ်ကုမ္ပဏီကပါ ကျေနပ်လောက်အောင် တာဝန်ယူမှုမရှိဟု ခံစားနေရသဖြင့် မေးခွန်းထုတ်လျက်ရှိသည်။
မိခင်အလောင်းကို ရန်ကုန်သို့ပြန်သယ်ပြီး သင်္ဂြိုဟ်ခဲ့ရာတွင် ခရီးသွားကုမ္ပဏီနှစ်ခုစလုံးမှ တာဝန်ရှိသူများ တစ်ဦးမျှ ရောက်မလာသလို ဝမ်းနည်းကြောင်း စာတစ်စောင်၊ လွမ်းသူ့ပန်းခွေပန်းခြင်းပို့ခြင်းပင် မရှိခဲ့ဟု မယုမိစံက ပြောသည်။ ‘ထူးထက်ရှိန်’ ကုမ္ပဏီကမူ “ဘာလုပ်ပေးရမလဲ” လှမ်းမေးသည်ဟု ဆိုသည်။
“နာရေးရက်ကြီးမှာ ‘ဘာလုပ်ပေးရမလဲ’ ဆိုတာထက် ‘ဘာလုပ်ပေးမယ်’ဆိုပြီး ပြောရင် အဆင်ပြေတာပေါ့။ ရုတ်တရက် အမေဆုံးလို့ အလုပ်တွေရှုပ်နေချိန်မှာ ဘာလုပ်ပေးပါဆိုပြီး စဉ်းစားဖို့လည်း အချိန်မရှိဘူးလေ။ အဲဒီတော့ ဘာလုပ်ပေးပါရယ်လို့ မပြောလိုက်ရဘူး”ဟု မယုမိစံက ပြောသည်။
လတ်တလောတွင် မယုမိစံသည် မိခင်အသက်ဆုံးရှုံးမှုအတွက် ထူးထက်ရှိန်ကုမ္ပဏီနှင့် နစ်နာကြေးကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်သည်။ ၎င်း၏ဆန္ဒမှာ ရေယာဉ်မှောက်သည့်ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် ခရီးသည်အားလုံးကို ကုမ္ပဏီဘက်က တောင်းပန်စေလိုခြင်း ဖြစ်သည်ဟု ပြောသည်။
ရေယာဉ်မှောက်ရာတွင် အသက်မသေခဲ့သည့် ရန်ကုန်မှ အသက် ၈၀ အရွယ်ရှိ မင်္ဂလာဒုံမြို့နယ်နေ တပ်မတော်စစ်မှုထမ်းဟောင်း ဦးလှသန်းကမူ ပစ္စည်းများ ရေထဲကျကာ ဆုံးရှုံးခဲ့ခြင်းအတွက် ထူးထက်ရှိန်ကုမ္ပဏီထံမှ လျော်ကြေး ကျပ် ၇၅၀,၀၀၀ ပြန်လည်ရရှိခဲ့သည်ဟု ပြောသည်။ သို့သော် ကုမ္ပဏီဘက်က အရင်ကမ်းလှမ်းခြင်းမျိုး မဟုတ်ဘဲ ကိုယ့်ဘက်က စတောင်းမှ ပေးခြင်းဖြစ်သည်ဟု ပြောသည်။
နောက်ထပ် လျော်ကြေးရသူတစ်ဦးမှာ အသက် ၆၃ နှစ်ရှိသည့် ရန်ကုန်မြို့နေ ဦးမြတ်ထွန်း ဖြစ်သည်။ ၎င်းက ကျပ် ၆၅၀,၀၀၀ ရသည်။
“(ဦးလှသန်း)က ကုမ္ပဏီက လူတွေကိုခေါ်ပြီးတောင်းမှ ကျွန်တော်တို့လည်း တောင်းရကောင်းမှန်းသိတာ။ အဲဒါနဲ့ သူတောင်းတုန်း ဝင်တောင်းလိုက်တယ်။ ရေအောက်ကျတဲ့အထဲမှာ ပိုက်ဆံတွေမပါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ ဖုန်းတွေပါသွားလို့ ဖုန်းသုံးလုံးဖိုးစာပဲ တောင်းလိုက်ပါတယ်”ဟု ဦးမြတ်ထွန်းက ပြောသည်။
ဦးလှသန်းနှင့် ဦးမြတ်ထွန်းတို့ ရရှိခဲ့သည့် လျော်ကြေးငွေများမှာ ထိုနေ့က လှေမှောက်သဖြင့် ဖျက်သိမ်းလိုက်ရသည့် တစ်နေ့တာ မြိတ်ကျွန်းစုခရီးစဉ်အတွက်သာ ‘ထူးထက်ရှိန်’ထံမှ ရရှိခြင်း ဖြစ်ပြီး ရန်ကုန်–မြိတ်–ကော့ သောင်း–ရနောင်း ခရီးစဉ်တစ်ခုလုံး၏ မူလစီစဉ်သူ ရန်ကုန်ရှိ ‘မင်္ဂလာပါ’ ခရီးသွားကုမ္ပဏီက ငွေပြန်အမ်းပေးခြင်း မရှိဟု ၎င်းတို့နှစ်ဦးက ပြောသည်။
“(လှေမှောက်ပြီးတဲ့နောက်) ကျွန်တော်တို့က ခရီးစဉ်ကို ဆက်မသွားဖို့ ဆုံးဖြတ်လိုက်တာဆိုတော့ ကျွန်တော်တို့ဘက်က စဖျက်လိုက်သလို ဖြစ်သွားတယ်။ ခရီးစဉ်က ပျက်သွားတာ မဟုတ်ဘဲ ကျွန်တော်တို့က ဖျက်လိုက်သလို ဖြစ်သွားတာပေါ့”ဟု ဦးမြတ်ထွန်းက ပြောသည်။
တာမွေမြို့နယ် ကျောက်မြောင်း ကျိုက္ကစံလမ်းရှိ မင်္ဂလာပါခရီးသွားကုမ္ပဏီဘက်ကမူ ခရီးစဉ်ကို ခရီးသည်များ ကိုယ်တိုင်က ဆက်မသွားချင်၍သာ ဖျက်သိမ်းရပြီး ၎င်း၏ ကားစက်ချို့ယွင်းခြင်း၊ ကားမမောင်းနိုင်သဖြင့် ခရီးစဉ်ဖျက်လိုက်ရခြင်းမျိုး မဟုတ်ဟု ခရီးသွားကုမ္ပဏီပိုင်ရှင် ကိုလွင်အောင်က Myanmar Now ကို ဆိုသည်။ လူသေဆုံးမှုတွင်လည်း နစ်နာသူ မိသားစုနှင့် ခရီးသည်များကို မြိတ်မြို့မှ ရန်ကုန်သို့ ရောက်သည်အထိ ၎င်း၏ ကားဖြင့် ၎င်းကိုယ်တိုင်မောင်းကာ အစစအရာရာ ကုန်ကျခံ၍ အိမ်တိုင်ရာရောက် ပြန်ပို့ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့က နောက်နောင် ခရီးသွားမယ်ဆို ၅၀ ရာခိုင်နှုန်းအထိ သူတို့ကို လျှော့ပေးဖို့ စီစဉ်ထားတာ။ သို့ပေမဲ့ သူတို့က ဘာမှလည်း မပြောဘူး။ ကျွန်တော်တို့ကိုလည်း သူတို့က မဆက်သွယ်ဘူး။ ကျွန်တော်တို့ကလည်း တာဝန်ကျေပြီလို့ သတ်မှတ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တိုးတိုးကျိတ်ကျိတ်ပြန်ပို့
အဆိုပါ ခရီးစဉ်တွင် ခရီးသည် ၂၀ ပါသည့်အနက် ရန်ကုန်မှ ခြောက်ဦးသာပါပြီး ကျန်သူများမှာ မြန်မာပြည်နေရာအနှံ့မှဖြစ်သည်။ ရေယာဉ်မှောက်ပြီးနောက် ကုမ္ပဏီတာဝန်ရှိသူများသည် သေဆုံးသူနှစ်ဦး၏ အလောင်းနှင့် မိသားစုကို သပ် သပ်၊ ကျန်ခရီးသည်များကို သပ်သပ်ခွဲကာ သယ်ဆောင်ပြီး မြိတ်မြို့ မူလစတင်ထွက်ခွာရာ ဆိပ်ကမ်းမဟုတ်သည့် မြို့ပြင် ဗောတံတားတစ်ခုမှတဆင့် သက်ဆိုင်ရာဟိုတယ် အသီးသီးသို့ ပြန်ပို့ပေးခဲ့သည်ဟု ဦးလှသန်းက ပြောသည်။
ရန်ကုန်အဖွဲ့သည် ကျန်ဒေသမှအဖွဲ့များနှင့် အဆက်အသွယ်ပြတ်သွားကြသဖြင့် ကျန်ခရီးသွားများအပေါ် ကုမ္ပဏီဘက်က မည်သို့တာဝန်ယူမှုရှိသည်ကို မသိရဟု ၎င်းက ပြောသည်။
“စပိဘုတ်မှာ ပါလာတဲ့ ရန်ကုန်က ခြောက်ယောက်အဖွဲ့က အချင်းချင်းသိပေမဲ့ ကျန်တဲ့ခရီးသည်တွေကို ဘာလုပ်ပေးလဲ မသိဘူး။ သူတို့က မီဒီယာတွေမသိအောင် လူကိုခွဲပြီး ဟိုတယ်ကို တန်းပို့လိုက်တာ။ တကယ်ဆို ရဲဌာနတွေခေါ်ပြီး စစ်ဆေးရမှာ။ ဘယ်လိုဖြစ်တာလဲ မေးရမယ်”ဟု ဦးလှသန်းက ပြောသည်။
Myanmar Now အနေဖြင့် ရန်ကုန်မှလိုက်ပါသွားသည့်အဖွဲ့ကိုသာ အဆက်အသွယ်ရခဲ့ပြီး ကျန်ခရီးသွားများနှင့် အဆက်အသွယ် မရခဲ့ပါ။
အစိုးရက ခေါ်ဆူပြီးပါပြီ
တနင်္သာရီတိုင်း မြိတ်ကျွန်းစုဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသည့် လေးနှစ်အတွင်း ပထမဆုံးဖြစ်ပွားသည့် ရှပ်ပြေးရေယာဉ်တိမ်းမှောက်မှုတွင် သက်ဆိုင်ရာကုမ္ပဏီ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာ အစိုးရတို့ဘက်က မတော်တဆမှုဖြစ်ရသည့်အကြောင်းရင်းကိုလည်းကောင်း၊ နစ်နာသူများအတွက် တာဝန်ယူထားပုံကိုလည်းကောင်း အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိပေ။
ထိုနေ့က တိမ်းမှောက်သည်မှာ သတ်မှတ်ထားသည့်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းကြောင့်လား၊ သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်ခြင်းကြောင့်လား၊ ရေယာဉ်မောင်း၏ မကျွမ်းကျင်ခြင်းကြောင့်လား စသည်ဖြင့် ကွဲကွဲပြားပြား ထုတ်ဖော်ပြောခြင်း မရှိပေ။ ရေယာဉ်နစ်မြုပ်သည့်နေရာအပိုင် ကျွန်းစုမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးညွန့်ဝင်းကမူ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်နေစဉ် ရေမှာ မျောနေသည့် သစ်တုံးနှင့် တိုက်မိပြီး တိမ်းမှောက်ရခြင်း ဖြစ်သည်ဟု ၎င်း၏အမှုတည်ဆောက်မှုအပေါ် အခြေတည်ကာ Myanmar Now ကို ပြောသည်။
မြိတ်ခရိုင်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်က ခရီးသွားလုပ်ငန်းအရှိန်ယူနေချိန် ဦးကျိုးအောင်လုပ်ရပါမည်လားဟူ၍ “ခေါ်ဆူပြီးပါပြီ” ဟု ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် မြိတ်ခရိုင်ဒေသလူထုတွေ့ဆုံပွဲတွင် ပြောသည်ဟုသာ သိရသည်။ ယခုဖြစ်စဉ်ကို နမူနာယူပြီး ခရီးသွားများ ဘေးကင်းလုံခြုံရေးအတွက် စည်းကမ်းထိန်းကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်အသင်းနှင့် ချိတ်ဆက်ဆောင်ရွက်စေသည်ဟု မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးသိန်းဆွေမြင့်က ပြောသည်။
ယခုဖြစ်ရပ်တွင် ထူးထက်ရှိန်ကုမ္ပဏီပိုင် ရေယာဉ်ဝန်ထမ်းများသည် ဘေးကင်းရေးစည်းကမ်းများကို လိုက်နာမှုရှိမရှိ အစိုးရက စစ်ဆေးရေးဝင်မဝင် မသိရပေ။ လူသေဆုံးသည်အထိ ဖြစ်ခဲ့ရသဖြင့် ‘ထူးထက်ရှိန်’ ကုမ္ပဏီကို ခရီးသွားလုပ်ငန်းလိုင်စင် တစ်လပိတ်သိမ်းသည်ဟု မြိတ်ခရိုင်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးသိန်းဆွေမြင့်က ပြောသည်။ သို့ရာတွင် မြိတ်ခရိုင်ဟိုတယ်ခရီးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဇော်ကမူ အကြောင်းကြားစာမရသေးကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ပြောသည်။
ထိုခရီးစဉ်ကို ဝန်ဆောင်မှုပေးခဲ့သည့် ‘ထူးထက်ရှိန်’ အမြန်ရေယာဉ် ကုမ္ပဏီတို့ကို Myanmar Now က ဇန်နဝါရီ ၂၈ ရက်နေ့အထိ စုစုပေါင်း ဆယ်ကြိမ်ထက်မနည်း ဖုန်းခေါ်ဆိုခဲ့သော်လည်း တယ်လီဖုန်းဖြေကြားခြင်း မရှိပါ။
မြန်မာနိုင်ငံထက် ခရီးသွားလုပ်ငန်း အကြီးအကျယ် ဖွံ့ဖြိုးပြီးဖြစ်သည့် ထိုင်းနိုင်ငံတွင်မူ ထိုသို့ဖြစ်ပွားပါက ရေယာဉ်ကို စစ်ဆေးပြီး လုံလောက်သည့် အရည်အသွေး မရှိပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်း၊ ဒဏ်ငွေ ရိုက်ခြင်းတို့ လုပ်သည်ဟု ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံမှ စာရေးဆရာ မင်းဒင်က Myanmar Now ကို ပြောသည်။
လွန်ခဲ့သည့်ငါးလခန့်က တရုတ်ခရီးသွားအများစု ပါဝင်သည့် အမြန်ရေယာဉ်တစ်စင်း ဖူးခက်တွင် တိမ်းမှောက်ခဲ့ရာ ခရီးသွားလက်မှတ်တန်ဖိုးတွင် ထိခိုက်မှုနှင့် အသက်အာမခံကြေးပါပြီးဖြစ်၍ အာမခံကုမ္ပဏီက ပြန်လျော်ပေးကြောင်း၊ အသက်သေပါက အာမခံကုမ္ပဏီက လျော်ကြေး ထိုင်းဘတ်တစ်သန်းကို ပေးရကြောင်း ဦးမင်းဒင်က ပြောသည်။
ကိုယ်တိုင်က လိုင်စင်ရဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် မယုမိစံကမူ ပြည်တွင်းခရီးသွားလုပ်ငန်းများ၏ ဝန်ဆောင်မှု၊ ဧည့်သည်အပေါ် ဂရုတစိုက်ရှိမှုတို့နှင့် ပတ်သက်ပြီး ၎င်း၏လူမှုကွန်ရက် facebook တွင် ယခုလို ဇန်နဝါရီလ ၁၁ ရက်က ရေးသားထားသည်။
“ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတိုင်းက ကိုယ့်ရဲ့ ဧည့်သည်တိုင်းကို ဂရုစိုက်မယ်၊ စိတ်ချမ်းသာမှု အတတ်နိုင်ဆုံးပေးနိုင်အောင် ဝန်ဆောင်မှုပေးနေကြတယ်လို့ပဲ ကျွန်မ ထင်ခဲ့မိတယ်။ တွေးခဲ့မိတယ်။ ယုံကြည်မိတယ်။ အဲဒီလို ထင်တာ တွေးတာ မှားသွားမှန်း ကျွန်မ သိပါပြီ။ သဘောပေါက် ပါပြီ” ဟု ရေးသားထားသည်။