ရခိုင်ပြည်နယ်တွင် မေ ၂၁ ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ရေလုပ်သား ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ၊ ၄ ဦး ပျောက်ဆုံးနေကြောင်း၊ မုန်တိုင်းအခြေအနေ ကြိုတင်သတိပေးချက် မရရှိခဲ့ကြောင်း ဒေသခံ ရေလုပ်သားများက ပြောသည်။
ထိုနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ ကျောက်မောင်းကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ကိုငယ်မောင်ချေ၊ ၂၆ နှစ်အရွယ် ကိုနုစိန်အောင်တို့ ကျောက်မောင်းကျေးရွာအရှေ့ဘက် ပင်လယ်ပြင်သို့ ငါးဖမ်းရန်အသွား လေပြင်းတိုက်ခတ်မှုကြောင့် လှေတိမ်းမှောက်ကာ အသက်ဆုံးရှုံးခဲ့ရသည်။
နောက်တစ်နေ့ နံနက် ၁၁ နာရီတွင် ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု ကျောက်မောင်းကျေးရွာမှ တံငါသည် ကိုမောင်သန်းဝင်းက ပြောသည်။
“သူတို့အလောင်းကို အဲဒီလှေမှောက်တဲ့နေရာမှာ သွားတွေ့တာပါ။ ၂၁ ရက်နေ့ သူတို့နှစ်ယောက်က ၂ နာရီဝန်းကျင်လောက်က ထွက်သွားတာဆိုတော့ လိုင်းနဲ့ လှေနဲ့ လုံးထွေးပြီးတော့ ဖြစ်နေကြမှာဆိုတော့ သူတို့ မြုပ်တာက ၅ နာရီဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်” ဟု ၎င်းက ဆိုသည်။
ရုပ်အလောင်းများကို တွေ့သည့်နေ့မှာပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကိုငယ်မောင်ချေတွင် ဇနီးနှင့် သားသမီး ၅ ဦး၊ ကိုနုစိန်အောင်တွင် ဇနီးနှင့် သမီး ၂ ဦး ကျန်ခဲ့ပြီး စားရေးသောက်ရေး အခက်အခဲဖြစ်နေကြသည်။
“ဒီလှိုင်းဒဏ်လေဒဏ်ကြောင့်နဲ့ ဘုတ် (စက်လှေ) ပျက်စီးသူ ပျက်စီး၊ စက်ပျက်စီးတဲ့သူ ပျက်စီးနဲ့။ ကမ်းနားမှာထားတဲ့ လောင်းလှေတွေကလည်း လေနဲ့ လွင့်ပါသွားတာလည်း ပါသွား။ အခက်အခဲတွေနဲ့ အရမ်းကြုံခဲ့ကြရပါတယ်” ဟု အထက်ပါ တံငါသည်က ဆိုသည်။
ဒဏ်ရာရသူတို့မှာ သံတွဲ၊ ငပလီမြို့ ဂျိတ်တောရပ်ကွက်မှ ၂၉ နှစ်အရွယ် ကိုမောင်ဝင်း၊ မြေပုံမြို့နယ် ပြင်ဝန်းကျေးရွာမှ အသက် ၂၁ နှစ်အရွယ် ကိုရွှေဖြိုးဟိန်းတို့ဖြစ်ကြောင်း မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာမှ မအေးသွယ်သွယ်အောင်က ပြောသည်။
“ကျွန်းသာယာ၊ ပြင်ဝန်း၊ ငပသုန်ကျေးရွာတွေက ဘုတ်တွေမြုပ်သွားတယ်။ ဘုတ်မှောက်တဲ့အချိန်မှာ ပန်ကာနဲ့ ထိပြီးတော့ လူနှစ်ယောက် ဒဏ်ရာရသွားတယ်။ သူတို့က အခု ငပသုန်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်” မအေးသွယ်သွယ်အောင်က ပြောသည်။
“ငပသုန်ကတော့ လူအသေအပျောက် လုံးဝမရှိပါ။ ဘုတ်တွေသာ လုံးဝနစ်မြုပ်သွားတာရှိတယ်။ နောက် ပြင်ဝန်းတို့ ကျွန်းသာယာဘက်က လူ ၄ ယောက်လောက် လုံးဝ ရှာမတွေ့သေးတာရှိတယ်။ ဒဏ်ရာရသွားတဲ့ ရွှေဖြိုးဟိန်းဆိုတဲ့ကောင်လေးမှာ အစ်ကိုဖြစ်သူကိုလည်း အခုထိ ရှာလို့မရသေးဘူး”
ထိုနေ့ လေပြင်းတိုက်ခတ်ခဲ့စဉ် မြေပုံမြို့နယ်တွင် ငါးဖမ်းစက်လှေ ၁၈ စီးနှင့် ခရီးသည်တင်စက်လှေ ၁ စီး နစ်မြုပ်ပြီး ကျွန်းသာယာကျေးရွာမှ ငါးဖမ်းစက်လှေ ၈ စီး၊ ပြင်ဝန်းကျေးရွာမှ ငါးဖမ်းစက်လှေ ၂ စီး၊ ငပသုန်ကျေးရွာမှ ငါးဖမ်းစက်လှေ ၈ စီးနှင့် ငပသုန်မှ ကျေက်ဖြူမြို့သို့ ထွက်ခွာခဲ့သည့် ခရီးသည်တင်စက်လှေ ၁ စီး တို့ ဖြစ်ကြသည်။
ငပသုန်ကျေးရွာမှ ကျောက်ဖြူမြို့ပေါ်သို့ သွားသည့် ခရီးသည် ၂၀ ဦးပါ ဦးဘသိန်းဟန်ပိုင် လိုင်းဘုတ်မှာ ကျောက်ဖြူမြို့အဝင် ကြက်တောပြင်ရွားအနီး တိမ်းမှောက်သွားပြီး ထိုဘုတ်ပေါ်တွင် လိုက်ပါခဲ့သူတို့ကို တခြားဘုတ်တစ်စီးဖြင့် ကယ်တင်နိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။
ရခိုင်တွင် မုန်တိုင်းအခြေအနေနှင့် ပတ်သက်၍ ပြည်နယ်စစ်ကောင်စီက ထိန်းချုပ်ထားသည့် အုပ်ချုပ်ရေးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန စသည့် ဌာနများက သတိပေးချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိဟု ရခိုင်ဒေသခံများထံမှ သိရသည်။
“ပြောချင်တာက ကျွန်တော်တို့ ရေလုပ်သားတွေကို လေပြင်းတိုက်ခတ်မယ်ဆိုပြီးတော့ မကြေညာခဲ့ဘူး။ အမှန်မှာက ပင်လယ်ထဲမှာ ငါးဖမ်းစက်လှေတွေ ရေလုပ်သားတွေ အန္တရာယ်ကင်းဖို့အတွက် လေပြင်းတိုက်ခတ်မှုနဲ့ ပတ်သက်ပြီးတော့ သတင်းလွှင့်ပေးစေချင်တယ်” ဟု ကျောက်မောင်းကျေးရွာမှ တံငါသည် ကိုမောင်သန်းဝင်းက ပြောသည်။
ဌာနဆိုင်ရာတို့က သတင်းအချိန်မီထုတ်ပြန်ရန် လိုအပ်သလို ဒေသခံတို့ကလည်း ရေဒီယို၊ ရခိုင်ဒေသတွင် ပိတ်ပင်ခြင်း မရှိသေးသော PSI စလောင်းရုပ်သံတို့ကို အားပြုရန် လိုအပ်ကြောင်း စစ်တွေအခြေစိုက် ဒေသဖွံ့ဖြိုးရေးများ လုပ်ကိုင်သော ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက မှတ်ချက်ပြုသည်။
“အဓိကက ဒီမိုးလေဝသသတင်းတွေကို အချိန်နဲ့ တစ်ပြေးညီကြေညာဖို့ လိုပါတယ်။ နောက်တစ်ခုက ပြည်သူတွေဘက်ကလည်း ရေဒီယိုနားထောင်ဖို့လိုတယ်။ ရေဒီယိုအပြင် ကျွန်တော်တို့ လက်ရှိမှာ PSI စလောင်းနဲ့ DVB တို့က၊ Mizzima တို့က မိုးလေဝသသတင်းတွေလွှင့်တယ်။ အဲဒီသတင်းတွေကို အဓိကနားထောင်ဖို့ လိုတယ်” ဟု သူက အကြံပြုသည်။
”နောက်တစ်ခုက လက်ရှိမှာက ကျေးရွာတွေအခြေပြုတဲ့ လူတွေက သတင်းအချက်အလက်ရရှိတယ်ဆိုရင်လည်း ဖုန်းကဖြစ်ဖြစ်၊ လူမှုကွန်ရက်က ရလာတဲ့ သတင်းဖြစ်ဖြစ် အချင်းချင်းကြားထဲမှ ဖြန့်ပေးဖို့ လိုပါတယ်။ အဲဒီအခါကျမှ ဘေးအန္တာရာယ်ကို ကြိုတင်ပြီးတော့ ဆောင်ရန် ရှောင်ရန်တွေကို သိရမှာ ဖြစ်တယ်”
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး မြောက်ဘက်တွင် ချင်းပြည်နယ်၊ တောင်ဘက်တွင် ဧရာဝတီတိုင်း၊ အရှေ့ဘက်တွင် ပဲခူးတိုင်းနှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့နှင့် ထိစပ်လျက်ရှိသည်။
ရခိုင်ပြည်နယ်သည် ဧရိယာ ၁၄၂၀၀ ဒသမ ၀၈ စတုရန်းမိုင် ကျယ်ဝန်းပြီး ကုလားတန်မြစ်၊ လေးမြို့မြစ်၊ နတ်မြစ်၊ မေယုမြစ်နှင့် ထင်ရှားသော မြစ်ကြီးများအပြင် ချောင်းနှင့် ရေလက်ကြား ပေါများစွာရှိသည့် မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၂၀ ကလည်း တစ်နာရီလျှင် မိုင် ၈၀ နှုန်း တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များမှ စစ်ရှောင်စခန်း ၅ ခုထက်မနည်း ပျက်စီးခဲ့ရပြီး လူထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ထိုစဉ်ကလည်း သက်ဆိုင်ရာဌာနများထံမှ ကြိုတင်သတိပေးချက် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်းလည်း စစ်ရှောင်အရေးကူညီသူများက ပြောကြသည်။
ထိုပျက်ကွက်မှုနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် ကြိုးစားသော်လည်း ပြည်နယ်အုပ်ချုပ်ရေးဌာန၊ မိုးလေဝသဌာနတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)