သတင်း

ရေယာဉ်နစ်မြုပ်မှုတွင် ၁၂ ဦး ပျောက်နေဟု စစ်ကောင်စီပြော

ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ်တန်းထဲမှ မော်တော်တစ်စင်း နစ်မြုပ်မှုတွင် အရပ်သား ၉ ဦး၊ တပ်ဖွဲ့ဝင် ၃ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာ ၂၀) တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များကမူ စက်တင်ဘာ ၁၉ ရက်နေ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ မောက္ကတော်ရွာ အောက်ဘက် ရှဲနတ်တောင်အနီး နစ်မြုပ်ခဲ့သည့် အဆိုပါရေယာဉ်တွင် လူ၁၀၀ ဝန်းကျင် လိုက်ပါလာပြီး မတော်တဆမှုတွင် သေဆုံးနှင့် ပျောက်ဆုံးသူ အများအပြားရှိနိုင်ကြောင်း ပြောဆိုထားသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် သေဆုံးသူအရေအတွက်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိသလို နစ်မြုပ်သွားသည်မှာ ကုန်တင်ရေယာဉ်ဟုလည်း ဆိုသည်။

ရေယာဉ်ပေါ်လိုက်ပါလာသည့် အရပ်သား ၆ ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ကုမ္ပဏီဝန်ထမ်း ၃ ဦးတို့ ပျောက်ဆုံးနေသည်ဟု ဆိုသည်။ ထိုထုတ်ပြန်ချက်အရ စစ်သားများသည် အရပ်သားများနှင့် ရောနှောကာ ချင်းတွင်းမြစ်အတွင်း သွားလာနေကြောင်း ပြသနေသည်။

စစ်ကောင်စီတပ်သားများသည် အရပ်သားများနှင့် ရောကာ ချင်းတွင်းမြစ်အတွင်း သွားလာနေကြောင်း ပြသနေသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်။

Myanmar Now က အဆက်အသွယ်ရခဲ့သည့် မင်းကင်းဒေသခံတစ်ဦးက ရေယာဉ်နစ်မြုပ်မှုတွင် အသက်ရှင်လျက် လွတ်မြောက်လာကြသူများရှိသလို သေဆုံးသူများရှိကြောင်း ပြောဆိုသည်။

“၆ ယောက်ကတော့ ရေကူးတတ်တဲ့သူတွေပါလာတော့ ပြန်လာခဲ့ပါတယ်။ ကျန်တဲ့သူတွေသတင်း အတိအကျတော့ မရသေးပါဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားက ပြောသည်။

စက်တင်ဘာ ၂၀ နံနက်ပိုင်းအထိ ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိထားသည်ဟု သတင်းရထားကြောင်းလည်း ဒေသတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ Student’s Revolutionary Force အဖွဲ့မှ ဆရာစံက ပြောသည်။

၂၀၁၉ အတွင်းက ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သည့် ရေယာဉ်တစ်စင်း (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

ထိုမတော်တဆမှုအကြောင်း Myanmar Now သတင်းဌာနက စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းထံ နှစ်ရက်ဆက်တိုက် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် ၁၄ စင်းပါ စစ်ကောင်စီ ရေယာဉ်အုပ်စုအနက်မှ အမြန်ရေယာဉ်သည် မင်းကင်းမြို့နယ်၊ မောက္ကတော်ရွာ အောက်ဘက် ရှဲနတ်တောင်အနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေယာဉ်တွင် ချင်းတွင်းမြစ်ကမ်းအနီးအနားရှိ အရပ်ဝတ်လက်နက်ကိုင် (အရပ်အခေါ် ပျူစောထီး) အားကောင်းသည့် ကျေးရွာများမှ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသားကျောင်းသူများ၊ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ပျူစောထီးမိသားစုဝင်များ ပါဝင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စက်လှေနစ်မြုပ်သည့် အခြေအနေနှင့် ပတ်သက်ပြီး အနီးအနားရှိ ပျူစောထီးအားကောင်းရာ ကျေးရွာများမှ ဒေသခံများက ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

ရေယာဉ်တန်းမှ ကျန် ၁၃ စင်းသည် စက်တင်ဘာ ၂၀ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတိုင်း ဆက်လက်စုန်ဆင်းလာပြီး သင်တောကျေးရွာအနီး ရောက်ရှိနေပြီဖြစ်ကြောင်း မြစ်ရိုးတစ်လျှောက် လှုပ်ရှားနေသည့် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (ULF) က ထုတ်ပြန်ထားသည်။

ချင်းတွင်းမြစ်တွင်းသွား ရေယာဉ်များ (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

ကုန်းလမ်းတစ်လျှောက် တိုက်ခိုက်မှုများဖြင့် ကြုံနေရသည့် စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများသို့ လက်နက်နှင့် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ယခုနှစ် မိုးရာသီတွင် ချင်းတွင်းမြစ်ကြောင်းကို ပိုမိုအားပြုလာပြီး စစ်သင်္ဘောများပါ အသုံးပြုလာသည်။

ချင်းတွင်းမြစ်အတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး အမြန်ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့ပြီး ၇၀ ကျော် သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button