အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းတွင်းမြစ်သွား စစ်ရေယာဉ်အုပ်စုကို ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်း အထက်ဘက်မှ စုန်ဆင်းလာသည့် စစ်ကောင်စီရေယာဉ်အုပ်စုကို ဒေသခံကာကွယ်ရေးအဖွဲ့များက ယမန်နေ့ (စက်တင်ဘာ ၄) ရက် နံနက်ပိုင်းတွင် နေရာ ၄ ခု၌ ကြားဖြတ်တိုက်ခိုက်သည်။

မြစ်တွင်းသွား ကင်းလှည့် စစ်ရေယာဉ် ၁ စီးနှင့် ဖလက်ခွံ(ပစ္စည်းတင်) ရေယာဉ် ၆ စီးကို မင်းကင်းနှင့် ကနီမြို့နယ်ကြား နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြိုတင်နေရာယူပစ်ခတ်ခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ရွှေတြိဂံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ကြိုတင်ပြင်ဆင်ပြီးတော့ ၁၅ ရက်လောက်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေဘက်မှာတော့ အထိခိုက်မရှိဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက သင်္ဘောများပေါ်မှ လက်နက်ကြီးဖြင့် ပြန်ပစ်၍ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကနီမြို့နယ် မဲဒင်ရွာမှ နေအိမ်တစ်လုံး ပျက်စီး၊ အိုင်တောင်ရွာမှ အသက် ၃၀ ဝန်းကျင် ဒေသခံတစ်ဦး ဒဏ်ရာရသည်ဟု ဒေသတွင်း သတင်းများက ဆိုသော်လည်း သီးခြား အတည်မပြုနိုင်ပေ။

တိုက်ခိုက်ခဲ့သည့် နေရာ၊ စစ်ရေယာဉ်အုပ်စု မည်သည့်အရပ်မှ ထွက်ခွာခဲ့သည်နှင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေ အသေးစိတ်တို့ကို မသိရသေးပါ။ ထိုရေယာဉ်အုပ်စုမှာ ယမန်နေ့ (စက်တင်ဘာ ၄) ညနေပိုင်းတွင် မုံရွာမြို့၊ အလုံမင်းဒေါင့် ဆိပ်ကမ်းသို့ ရောက်သွားပြီဟု ဒေသတွင်း သတင်းရင်းမြစ်တို့ထံမှ သိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကိုင်းတိုင်းမှ ယင်းမာပင်၊ ကနီနယ်များသည် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံမှုများ အားကောင်းသည်။ ထိုဒေသသို့ ဖြတ်၍ စစ်အင်အား၊ ရိက္ခာ၊ ကျောက်စိမ်း သယ်ယူပို့ဆောင်ရာတွင် စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုနေရာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ ကြားဖြတ် တိုက်ခိုက်နေသည်။

ချင်းတွင်းမြစ်ရိုးတစ်လျှောက် အစုန်၊ အဆန်ခရီးစဉ်များတွင် အမြန်သွား ကင်းလှည့် စစ်သင်္ဘောများပါ စစ်ကောင်စီက ရံဖန်ရံခါ သုံးလေ့ရှိသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“(ဒီတစ်ခေါက်ရေယာဉ်အုပ်စုက) တော်လှန်ရေးသမားတွေကို မျက်လှည့်ပြသွားတယ်။ မလာသေးဘူးလိုလို၊ လာမှာလိုလိုနဲ့ ရုတ်တရက်ထွက်လာပြီးတော့ မောင်းချသွားတာ။ ခါတိုင်းဆိုရင် ဟိုနားရပ်၊ ဒီနားရပ်နဲ့။ ဒီတစ်ခေါက်တော့ ဖတ်ခနဲထွက်လာပြီးတော့ အမြန်သွားတာ။ ဖလက်ခွံမိုးကာတွေနဲ့ ဘန်ကာတွေနဲ့ သေချာအုပ်လာတာဆိုတော့ သေချာမမြင်ရဘူး။ ဒါပေမဲ့ ကျောက်စိမ်းတွေပဲဖြစ်နိုင်တယ်” ဟု ရွှေတြိဂံအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ချင်းတွင်းမြစ်ကြောင် သွားလာသည့် စစ်ရေယာဉ်အုပ်စုများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် မြစ်ကမ်းဘေးရှိ ရွာများဖြစ်သည့် မဲဒင်၊ အိုင်တောင်အပါအဝင် အနီးအနား ကျေးရွာများမှ ဒေသခံ သုံးထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့က ပြောသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button