သတင်း

မော်လိုက်တွင် စစ်ကောင်စီရေယာဉ် သောင်တင်နေစဉ် တိုက်ပွဲဖြစ်

ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ်အုပ်စု အတိုက်ခံရပြီးနောက် သစ်တင်ထားသော ယာဉ်ကို ချန်ကာ ပြန်လည် စုန်ဆင်းသွားသည်။ ပျူစောထီးတို့ကလည်း ဝင်ကူရန် ကြိုးစားကြသေးသည်။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့က ဝင်တိုက်ရာ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့က ဖောင်းပြင်မြို့နယ်မှ ထွက်လာသည့် ဖလက်ခွံ ၆ စီးပါ ရေယာဉ်အုပ်စု မော်လိုက်မြို့နယ်သို့ ရောက်ရှိလာစဉ် သဝန်နှင့် မုန်ကြီးရွာအနီး တစ်စီး သောင်တင်သွားသောကြောင့် ကျန်ရေယာဉ်များလည်း အနီးရှိ တောင်ပေါက်ရွာဝန်းကျင်တွင် ကမ်းကပ်ခဲ့ကြသည်။

အောက်တိုဘာ ၂၀ တွင် မော်လိုက်အခြေစိုက်ကာကွယ်ရေးအဖွဲ့က မြစ်ကမ်းပေါ် တက်ရန် ကြိုးပမ်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခုခံတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၂ တွင် ကမ်းကပ်ထားသည့် ရေယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သောင်တင်နေသည့်ရေယာဉ်ကို မျောဖောင်များ အသုံးပြုကာ ဆွဲချရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ ထွက်ခွာသွားရကြောင်း ဒေသခံများက ဆိုသည်။

“သောင်ငြိတော့ တစ်စီးက လုံးဝ ချလို့မရဘဲနဲ့ ရေကလည်း ကျတဲ့အချိန် ရောက်နေပြီဆိုတော့ ပေါ်ပေါ်တင်တင်ကြီးကို ငေါငေါကြီး သောင်တင်ခဲ့တယ်။ အဲဒါကို သူတို့က ဘယ်လိုမှ ဆွဲချလို့ မရတော့ဘူး။ အဲဒီမှာ သောင်တင်တာက (ဖလက်ခွံ) တစ်စီး ငြိတယ်။ ကျန်တဲ့မော်တော်တွေကလည်း စုန်မသွားဘဲနဲ့ ကြိုးစားကြတာပေါ့။ မနေ့ကကျတော့ ငြိတဲ့ဟာကို ထားခဲ့ပြီး စုန်ပြေးသွားတယ်” ဟု အမည်မဖော်လိုသော မော်လိုက်ဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

နှစ်ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း သေဆုံးသလို ဒဏ်ရာရသူများလည်း ရှိသည်ဟု ကာကွယ်ရေးအဖွဲ့က ပြောခဲ့ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ရေယာဉ်များသည် မြစ်အထက်ပိုင်း ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်မှ သစ်များကို တင်ဆောင်လာသည်ဟု ယူဆရပြီး သောင်တင်နေသည့် ရေယာဉ်ပေါ်တွင် ကညင်အမျိုးအစား သစ်တန်ချိန် ၂၀၀ နီးပါး တွေ့ရှိခဲ့ရသည်ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

သိမ်းဆည်းရမိသည့် သစ်တုံးများပေါ်တွင် ရေးထားသောစာများအရ ရန်ကုန်မြို့ဘက်သို့ ပို့ဆောင်ရန် သယ်ယူလာခြင်း ဖြစ်ကြောင်း သိရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သစ်တွေက သိပ်တော့မကောင်းတော့ပါဘူး။ မထုတ်တာလည်း ကြာပြီ။ ပစ်ထားတာလည်း ကြာပြီဆိုတော့ သိပ်ကောင်းတဲ့အထဲတော့ မပါတော့ဘူး။ သစ်မှာ ရေးထားတာတွေရှိတယ်လေ။ ရန်ကုန်ကို ချမဲ့ဟာတွေ” ဟု ၎င်းက ပြောသည်။

သောင်တင်ကျန်နေရစ်သော စစ်ကောင်စီ၏ ဖလက်ခွံရေယာဉ်။ (ဓာတ်ပုံ- ပေးပို့)

ဖမ်းဆီးရမိသော သစ်များနှင့် ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များက အထက်၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

မော်လိုက်မြို့နယ်ရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးများ အင်အားကောင်းသည့် ကင်းတပ်ရွာမှ လက်နက်ကိုင်စစ်ကူများ လာသော်လည်း ကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်သဖြင့် ပြန်ဆုတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

သောင်တင်နေသည့်နေရာသည် ယူးချောင်းနှင့် ချင်းတွင်းမြစ် ဆုံရာ အထက်ပိုင်းတွင် ဖြစ်ပြီး ယခုရာသီတွင် သဲသောင်ခုံများ ပေါ်လေ့ရှိသည်ဟု အထက်ပါ မော်လိုက်ဒေသခံ အမျိုးသမီးက ဆိုသည်။

“ယူးချောင်းက ဆင်းလာပြီး မြစ်ထဲကို ဝင်တဲ့နေရာပေါ့။ အဲ့ဒီနေရာက ခုံက နဂိုကတည်းက ကြီးတယ်။ ခါဝဲ၊ သဝန်၊ မုံကြီးဆိုတာက သောင်ကြီးကြီး ထွန်းတဲ့နေရာတွေ”

ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ကို အာဏာသိမ်းစစ်တပ်က လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းတွင် ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းလာသည်။

ပြောက်ကျားတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီ လက်နက်ကိုင်တို့သည် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ကျောက်စိမ်းနှင့် သစ်တို့ သယ်ယူရေးအတွက် ချင်းတွင်းမြစ်ကြောင်းကို ပိုမိုအားပြုလာသည်။

စက်တင်ဘာလကုန်ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့မှ ထွက်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုအနက် တစ်စီးမှာ မင်းကင်းမြို့နယ်၊ ရှဲရွာအနီး နစ်မြုပ်သွားသည်။

ထိုရေယာဉ်နစ်မြုပ်မှုတွင် အရပ်သား ၉ ဦး၊ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များကမူ သေဆုံးသူအရေအတွက် ထို့ထက် ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button