ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုမှ လူ ၁၀၀ ကျော် ပါဝင်နိုင်သည့် မော်တော်တစ်စင်း ယနေ့ (စက်တင်ဘာ ၁၉) ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ရှဲရွာအနီး နစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမှ လာသည့် ထိုမော်တော်ပေါ်တွင် စီးနင်းလာသူတို့မှာ ပြည်သူ့စစ် ခေါ် ပျူစောထီး လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်သည့် ရွာများမှ ဖြစ်သည်ဟု သိရကြောင်း မင်းကင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပါသွားတာတော့ မြို့အနီးဝန်းကျင်က ပျူရွာတွေက ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်မယ့် ကျောင်းသား ၁၀၀ ကျော်ပါတယ်လို့ သိရတယ်။ သေဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ ဒေသခံက ဆိုသည်။
ထိုရေယာဉ်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်နိုင်ပြီး ထိခိုက်သေဆုံးမှုများနိုင်သည်ဟု မင်းကင်းဒေသ ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Student Revolutionary Force အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီကလည်း ထိုမတော်တဆမှုအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ထိုမော်တော်ပေါ်တွင် လက်နက်ကိုင်အရေအတွက် မည်မျှပါဝင်ကြောင်းလည်း မသိရသေးပေ။
စစ်ကောင်စီ၏ လက်နက်ကိုင်စစ်သားများကို သယ်ဆောင်လာသည့် မြစ်တွင်းသွား သင်္ဘောများအပါအဝင် ရေယာဉ် ၁၄ စင်းသည် ယနေ့ နံနက် ၈ နာရီခန့်က မင်းကင်းမြို့နယ်၊ ပန်းဆက်ရွာမှ ထွက်လာခဲ့ပြီး လမ်းတစ်နေရာအရောက် ရှဲရွာအနီး၊ ရှဲနတ်တောင်ခြေနားတွင် ၁ စင်း တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ပန်းဆက်ရွာသည် မင်းကင်းမြို့နယ်တွင် ပျူစောထီး အားကောင်းသည့်ရွာဟု ဒေသခံအများစုက မှတ်ယူကြသည်။
ရေအောက်ကျောက်ဆောင်နှင့် တိုက်မိပြီး တိမ်းမှောက်ခြင်း ဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ရေကြောင်းမှာ ဆွယ်တွေ၊ ဝဲပျံတွေ ရှိတယ်။ ဆွယ်ကို တိုက်ပြီး မြုပ်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ မင်းကင်းဒေသခံ အမျိုးသားက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ ရေယာဉ်အုပ်စု ဘိုင်ရွာအနီးတွင် ရပ်နားထားပြီး မော်တော်ကို ပြန်ဆယ်နိုင်ရေး၊ ပျောက်ဆုံးနေသူများကို ပြန်ရှာတွေ့ရေး စီစဉ်နေသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
စက်လှေမှောက်သည့်ဖြစ်စဉ်၊ ထိခိုက်သေဆုံးသည့် အရေအတွက်တို့ကို သိနိုင်ရန် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို နေ့လယ်ပိုင်းတွင် ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်သည်။
ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းလာသည့် စစ်ကိုင်းတိုင်းအတွင်း ကြားဖြတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုတို့ ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများသို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်း သယ်ဆောင်ရေးအတွက် ချင်းတွင်းမြစ်ကြောင်းကိုလည်း အသုံးပြုလာသည်။
မိုးတွင်းကာလ ချင်းတွင်းမြစ်ကြောင်း ရေများချိန်တွင် တွန်းသင်္ဘောများ၊ စစ်သင်္ဘောများပါ အသုံးပြုလာရာ စစ်ကောင်စီ ရေယာဉ်အုပ်စုများကို ဒေသကာကွယ်ရေးအဖွဲ့များကလည်း ချင်းတွင်းမြစ်ကမ်းပါးမှ လက်လုပ်သေနတ်၊ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။
စစ်ကောင်စီ ရေယာဉ်အုပ်စုများက လူနေကျေးရွာများပါ မရှောင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြစ်ကြောင်းတစ်လျှောက်ကျေးရွာများမှ ဒေသခံများမှာ စစ်ကောင်စီ ရေကြောင်းသတင်းကို နားစွင့်ပြီး မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)