သတင်း

ရေယာဉ်များ အတိုက်ခံရပြီးနောက် စစ်တပ်က ချင်းတွင်းမြစ်ဘေးရွာများကို မီးရှို့ 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတွင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ယမန်နေ့ (နိုဝင် ဘာ ၃၀) က စတင်၍  မြစ်ကမ်းတစ်လျှောက် ကျေးရွာများကို စစ်ကြောင်းထိုးပြီး ရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးနေသည်။ 

ယမန်နေ့က ချင်းတွင်းမြစ်ကမ်းဘေးရှိ ထန်းဇင်ရွာကို မီးရှို့ခဲ့သော အင်အား ၁၅၀ နီးပါးရှိ စစ်တပ်သည် ယနေ့ (ဒီဇင်ဘာ ၁) နံနက် ၇ နာရီဝန်းကျင်တွင် ဆားထုံးရွာ၊ ထိုရွာနှင့် ကပ်လျက်ရှိ လက်ပံကျွန်းရွာတို့ကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

ထန်းဇင်ရွာကို စစ်တပ်ဝင်သွားစဉ် ရွာသား ၂ ဦး ဖမ်းဆီးခံရပြီး ၎င်းတို့၏ နောက်ဆုံးအခြေအနေကို ဒေသခံများ စုံစမ်းနေဆဲဖြစ်သည်။

ထန်းဇင်ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး အိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဆားလင်းကြီး GZ အဖွဲ့မှ တာဝန်ခံက ပြောသည်။

“ထန်းဇင်က အိမ်ခြေ ၂၈၊ ၂၉ လောက်တော့ ပါမယ်။ ရွာက အိမ်ခြေ ၂၀၀ ကျော်တယ်။ သူတို့တွေက မိသွားတဲ့သူကို လိုက်ပြခိုင်းတာ။ (မီးရှို့ခံရတာ) အိမ်ကြီးအိမ်ကောင်းတွေပါတာ။ ရွာမြောက်ပိုင်းနဲ့ ရွာအလယ်ပိုင်းက အိမ်တွေ ပါသွားတယ်” ဟု သူက ဆိုသည်။

ယနေ့ နံနက် မီးရှို့ခံရသည့် ဆားထုံးရွာနှင့် လက်ပန်ကျွန်းလေးရွာမှ ပျက်စီးသည့် နေအိမ်အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

နိုဝင်ဘာ ၃၀ ရက်က ဆားလင်းကြီးမြို့နယ် ထန်းဇင်ရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များ။ (ဓာတ်ပုံ – ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

၁၁ စီးပါ စစ်ရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ်တွင် ဆန်တက်နေစဉ် နိုဝင်ဘာ ၂၈ မှစ၍ ဆားလင်းကြီးမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

“ချင်းတွင်းမြစ်အထက်ပိုင်းအထိ ဆန်တက်မဲ့သဘောရှိတယ်။ လေယာဉ်ဆီ သယ်လာတယ်လို့ ကြားရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စခ၊ ရခတွေကို မုံရွာ နမခမှာ ဆေးဝင်ကုတယ်လို့ ပြောတယ်။ အချို့မော်တော်တွေက ဆိပ်ကမ်းမှာ ရပ်ထားတုန်းပဲ။ (မော်တော်) တစ်စီးကို အင်အား ၅၀ လောက် ပါတယ်” ဟု Salingyi Special Task Force အဖွဲ့တာဝန်ခံက ၎င်တို့မြင်တွေ့ခဲ့ရပုံကို ပြောသည်။

လေယာဉ်ဆီသယ်လာသည်ဆိုသောအချက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သော်လည်း ချင်းတွင်းမြစ်မှတစ်ဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်း တိုက်ပွဲပြင်းထန်သည့်နေရာများသို့ ပို့ဆောင်ရန် ရေယာဉ်များ အသုံးပြုကာ ရိက္ခာနှင့် လက်နက်များ သယ်ယူနေသည်။

အထူးသဖြင့် စစ်ရေယာဉ်များကို အထက်ပိုင်းရှိ ဟုမ္မလင်း၊ ဖောင်းပြင်အပါအဝင် ချင်းတွင်းမြစ်တစ်လျှောက်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေသည်။

ထိတွေ့တိုက်ပွဲများအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး ဒဏ်ရာ အနည်းငယ်ရသွားသည်ဟု ဆိုသည်။

မြစ်ကမ်းဘေးရွာများ ရန်ပြုခံနေရသည့်အတွက် ထန်းဇင်၊ ထန်းပု၊ ဆားထုံး၊ လက်ပန်ကျွန်းလေးရွာ အပါအဝင် ၁၀ ရွာထက်မနည်းမှ ဒေသခံ ရာနှင့်ချီ ထွက်ပြေးနေရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြတောင်းဆိုစဉ် ပစ်ခတ်နှိမ်နင်းခဲ့သည့် စစ်တပ်ကို ပြီးခဲ့သည့် မတ်လမှစတင်ကာ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများ စတင်ခဲ့သည်။

လက်နက်ကိုင်တော်လှန်မှုနှင့် နှစ်ပေါင်းများစွာအလှမ်းဝေးနေသည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့တွင်ပါ ခုခံမှုများကို ရင်ဆိုင်နေရသည့် စစ်တပ်က ကျေးရွာများကို မြေလှန် မီးရှို့ဖျက်ဆီးနေသည်။ 

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အောက်တိုဘာလကုန်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း ပဋိပက္ခများနှင့် မလုံခြုံမှုတို့ကြောင့် အရပ်သားပြည်သူ ၁ ဒသမ ၁သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button