သတင်း

ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ်အုပ်စုကို PDF များက ကနီနယ်တွင် တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ရေယာဉ် ၁၃ စီးပါ အုပ်စုကို ယမန်နေ့ (အောက်တိုဘာ ၃) တွင် ကနီမြို့နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ရာ ရေယာဉ်တစ်စီး မီးလောင်ခဲ့ကြောင်း ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ချင်းတွင်းမြစ်အထက်ပိုင်း ကလေး၊ ကလေးဝမြို့နယ်များသို့ ယမ်း၊ စက်သုံးဆီနှင့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရသည့် အဆိုပါရေယာဉ်အုပ်စုသည် ယမန်နေ့ နံနက်က စစ်ကိုင်းတိုင်း မုံရွာမြို့၊ အလုံမင်းဆိပ်ကမ်းမှ ထွက်ခွာလာသည်။

ထို့နောက် ညနေ ၃ နာရီခန့်တွင် ကနီမြို့နယ် ကမ်းပြိုဆိုသည့်နေရာအနီး ရောက်ရှိစဉ် ဒေသခံ ပူးပေါင်းအဖွဲ့က တစ်နာရီနီးပါး တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

“စက်လှေတစ်စီး မီးလောင်တယ်။ တိုက်ပွဲက ဗြောင်းဆန်နေတာပဲ။ ကျည်ဆန်တွေက ခေါင်းပေါ်ကို ပလူပျံနေတာပဲ။ စစ်သင်္ဘောကလည်း လှိမ့်ပစ်တယ်။ စက်လှေတစ်စီး မီးလောင်တာက မျောပြီးတော့ ဝဲထဲမှာ တင်နေတယ်” ဟု ကျောက်လုံးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ကျောက်လုံးကြီး PDF, ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲမြို့နယ် တို့မှ ဒေသခံကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု၊ ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့နှင့် ယင်းမာပင်၊ ကနီ မဟာမိတ်ညီနောင်များအဖွဲ့တို့က လက်နက်မျိုးစုံသုံးပြီး တိုက်ခိုက်ကြသည်ဟု ဆိုသည်။

မှန်ပြောင်းတပ်ရိုင်ဖယ် (စနိုက်ပါ) ကိုင်ဆောင်သူ၏ လက်ချက်ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် ရေယာဉ်အုပ်စုသည် မလှမ်းမကမ်းရှိ ချောင်းမကြီးဆိုသည့်နေရာအနီး ညအိပ်ရပ်နားထားပြီး ယနေ့ အောက်တိုဘာ ၄ အထိ ရပ်နားထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီရေယာဉ်တစ်စီး မီးလောင်နေသည်ကို ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည် (ဓာတ်ပုံ-ပေးပို့) 

စက်သေနတ်၊ အမြောက်တို့ တပ်ဆင်ထားသော ကင်းလှည့်စစ်ရေယာဉ် ပါဝင်သည့် စစ်ရေယာဉ်များက ချင်းတွင်းမြစ်ကြောင်းအတွင်း သွားလာရာတွင် ကမ်းနှစ်ဖက် ဝဲယာကို ပစ်ခတ်တတ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

ပစ်ခတ်မှုကြောင့် မြစ်အရှေ့ဘက်ကမ်းရှိ နတ်ကြီးရွာနှင့် မြစ်အနောက်ဘက်ကမ်း ယင်းဘိုးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသေးစိတ်အခြေအနေကို မသိရပေ။

“မနေ့က လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်တက်တက်လာတာ။ ညနေဘက်ကတည်းက လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ တော်တော်ဝေးဝေး ၄၊ ၅ မိုင်လောက်ထိ ရောက်တယ်။ ညဘက်ကျတော့လည်း ၉ နာရီ ၁၀ နာရီလောက်အထိ စက်ကြီးတွေနဲ့ တောက်လျှောက်ဆွဲတာ” ဟု ကနီမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ရေယာဉ်မှ ပစ်ခတ်သော လက်နက်ကြီးအန္တရာယ်ကြောင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးဝဲယာရှိ ရွှေစာရေး ၊ ချောင်းမကြီး၊ သာယာကုန်း၊ နတ်ကြီး၊ ဝက်ချောင်းလေး၊ ရွာသာ၊ နတ်လာပို့၊ အုန်းပင်ဆိပ်၊ သပြေ တော၊ ကျောက်မှော်၊ အိုင်တောင်၊ မအို၊ သရက်ပင်၊ မုဌော၊ ငဖျက် စသည့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံ ထောင်ချီ ထွက်ပြေးနေရသည်။

အလျင်အမြန် ထွက်ပြေးတိမ်းရှောင်ရသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေကြကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးကလည်း ပြောသည်။

“လက်နက်ကြီးတွေ လွတ်တဲ့ တောတွေ တောင်တွေထဲကို ရှောင်ပြေးနေရတယ်။ ရာသီဥတုကလည်း ညက မိုးရွာနေတော့၊ သူတို့ (စစ်ရေယာဉ်) ကလည်း လျှပ်တစ်ပြက်လည်း ဆန်တက်လာတာဖြစ်တော့ (စစ်ရှောင်တွေ) မိုးကာတို့၊ ဆေးဝါးတို့ လိုအပ်တာပေါ့။ ဆန်၊ ဆီ၊ ဆေးဝါးတွေကလည်း ဖြတ်တောက်ထားတော့ တော်တော်လေး ရုန်းကန်နေရတာပေါ့” ဟု ထိုသူက ပြောသည်။

ထွက်ပြေးနေကြသော ကနီဒေသခံများအား အောက်တိုဘာ ၃ က တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

ယင်းမာပင်၊ ကနီ၊ မင်းကင်းနယ်တစ်ဝိုက် ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်း၍ စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း လက်နက်၊ ရိက္ခာနှင့် ကျောက်စိမ်းသယ်ယူပို့ဆောင်ရေးအတွက် ချင်းတွင်းမြစ်ကြောင်းကို ပိုမိုအသုံးပြုနေသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီရေယာဉ်များကို ကြားဖြတ် တိုက်ခိုက်နေသည်။

ထို့ကြောင့် ယခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ ချင်းတွင်းမြစ်ကြောင်း အစုန်၊ အဆန်ခရီးစဉ်များတွင်လည်း စစ်ကောင်စီတပ်သည် ရေယာဉ်များသာမက အမြန်သွားကင်းလှည့်သင်္ဘောများကိုပါ အသုံးပြုနေသည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button