ချင်းပြည်နယ်၊ ဟားခါး မြို့မရဲစခန်းကို ချင်းတော်လှန်ရေး အင်အားစုများက ယနေ့ (အောက်တိုဘာလ ၁၆ ရက်နေ့) နံနက်တွင် ဝင်ရောက်စီးနင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အပါအဝင် အကျဉ်းကျနေသည့် ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကယ်ထုတ်နိုင်ခဲ့သည့် အကျဉ်းသား ၁၅ ဦးအနက် CNA တပ်ဖွဲ့ဝင် နှစ် ဦး၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ -ဟားခါး (CDF-Hakha) တပ်ဖွဲ့ဝင် သုံး ဦး ပါဝင်သည်။
ကျန် ၁၀ ဦးတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျခံနေရသူ မည်မျှပါဝင်သည်ကို မသိရသေးကြောင်း CNA ပြောခွင့်ရ ဆလိုင်းထက်နီ က ပြောသည်။
“အကျဉ်းသားတွေကို အောင်မြင်စွာကယ်ထုတ်ပြီးတော့ လုံခြုံတဲ့နေရာကို ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။
ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ မြို့မရဲစခန်းကို ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် ချင်းအမျိုးသားတပ်မတော်နှင့် CDF (Hakha) တို့က စီးနင်းတိုက်ခိုက်ပြီး အကျဉ်းကျနေသူများကို ကယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ရဲစခန်းတွင် ချုပ်နှောင်ခံထားရသူများအနက် သီးသန့်အချုပ်ခန်းတွင် ချုပ်နှောင်ထားသူ နှစ် ဦးကိုမူ မကယ်နိုင်ခဲ့ဟု CDF (Hakha) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အခန်းသတ်သတ်မှာ ထားတဲ့ နှစ်ယောက်တော့ကျန်ခဲ့တယ်။ ဘာဖြစ်လို့ သူတို့ကို သတ်သတ်ထားလဲဆိုတာတော့ ကျွန်တော်တို့သေချာမသိဘူး။ အကုန်လုံးကို ကယ်ထုတ်နိုင်ဖို့ မှန်းထားတယ်။ စစ်ကူလာတော့ ပစ်အားအတော်များသွားတော့ အဲ့ဒီအခါကျမှ ကျွန်တော်တို့ ပြန်ဆုတ်တယ်”ဟု ပြောသည်။
တစ်နာရီခန့်ကြာမြင့်သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ် ဦး သေဆုံး၊ နှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။
“တိုက်ပွဲက အရမ်းပြင်းထန်နေတော့ အကျဉ်းသားတွေအကုန်လုံးတော့ မကယ်ထုတ်နိုင်ဘူး။ CDF ဘက်က တစ်ယောက်ကျတယ်။ နှစ် ယောက်ဒဏ်ရာရတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းတာတွေ လည်းများတယ်”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
စခန်းစီးနင်းခံရပြီးနောက် ဟားခါးမြို့တွင် တပ်စွဲထားသည့် စစ်တပ်က မြို့ပြင်ဘက်ရှိ တော်လှန်ရေး အင်အားစုများ ရှိနိုင်သည်ဟု ယူဆသည့်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တုံ့ပြန်နေသည်ဟုလည်း CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။
“ဟားခါးကနေ လက်နက်ကြီးတွေပစ်တာတို့ လျှောက်ပြီး သေနတ်ဖောက်တာတို့ လုပ်ထားတယ်။ မြို့ထဲမှာတော့ အခုချိန် အထိ အဖမ်းအဆီးတော့မရှိဘူး။ မြို့ထဲမှာ (စစ်ကော်မရှင်တပ်သားများ) လုံခြုံရေးလှည့်တာတော့ ရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း ဟားခါးမြို့မ ရဲစခန်းကို ချင်းတော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုအတွင်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ တစ်ဦးအပါအဝင်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။
ထိုတိုက်ခိုက်မှုအပြီး စစ်ကော်မရှင်တပ်သားများက ဟားခါးမြို့မရဲစခန်းတွင် လုံခြုံရေးအင်အားတိုးမြှင့်ခြင်း၊ ကင်းလှည့်ခြင်းတို့ဖြင့် တင်းကျပ်ထားသော်လည်း တစ်နှစ်ကျော်အကြာတွင် ချင်းတော်လှန်ရေး အင်အားစုများက အကျဉ်းကျနေသူများကို ဒုတိယအကြိမ် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ် မြို့နယ် ၉ ခု အနက် မြို့တော် ဟားခါး၊ တီးတိန်နှင့် ထန်တလန်မှအပ ကျန်မြို့နယ် ၆ ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည်။
ချင်းပြည်နယ်၏နယ်မြေ ထက်ဝက်ကျော်ကို လက်လွှတ်ထားရသည့် စစ်တပ်သည် ချင်းပြည်နယ်အတွင်း မြေပြင်စစ်ကြောင်း ထိုးနိုင်ခြင်းမရှိဘဲ မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇံမြို့နယ်များသို့ လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်နေသည်။
ယခု အောက်တိုဘာလ ဒုတိယပတ်အတွင်း ချင်းပြည်နယ် ဟားခါးနှင့် မင်းတပ်မြို့နယ်များရှိ စာသင်ကျောင်းများကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကျောင်းသား ငါး ဦးနှင့် ပြည်သူ တစ် ဦး သေဆုံးပြီး နှစ်ဒါဇင် ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။



