သတင်း

စစ်တပ်၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာဥပ​ဒေဖြင့် အ​ရေးယူနိုင်ရန် CRPH ကြိုးပမ်း​

စစ်တပ်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)  က ၎င်း၏ နိုင်ငံတကာဥပဒေအကြံပေးအဖွဲ့ကို ညွှန်ကြားထားသည်။

၎င်း၏ နိုင်ငံတကာဥပဒေအကြံပေးအဖွဲ့ Volterra Fietta ကို ညွှန်ကြားထားကြောင်း CRPH က ယနေ့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားပေါင်း ၁၈၀,၀၀၀ ကို လက်ခံရရှိထားသည်ဟု CRPH က ဆိုသည်။

၎င်းတို့အနက် ဥပဒေမဲ့သတ်ဖြတ်မှု ၅၄၀ ဦးကျော်၊ ဖမ်းဆီးထားစဉ် နိုင်ငံရေးအကျဉ်းသားသေဆုံးမှု ၁၀ မှုနှင့် အထက်၊ ဖမ်းဆီးထားသူများကို နှိပ်စက်ညှဉ်းပန်းခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားအလွန်အကျွံသုံး၍ နေရာအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ခြင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ချိုးဖောက်ခြင်းတို့ ပါဝင်သည်။

ထို့အပြင် တရားမဝင်ဖမ်းဆီးချုပ်နှောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်း၊ သတင်းထောက်များ၊ သတင်းမီဒီယာကုမ္ပဏီများနှင့် ဓာတ်ပုံဆရာများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်း၊ အင်တာနက်တွင် လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်သည့် လုပ်ရပ်များ လုပ်ဆောင်ခြင်းများ ပါဝင်ကြောင်း CRPH ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာနိုင်ငံဥပဒေရေးရာ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား- (IIMM) အကြီးအကဲနှင့် ယနေ့ (ဧပြီ ၇ ရက်)တွင် တွေ့ဆုံပြီး ဆွေးနွေးအဖြေရှာကြရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

IIMM သည် မတ်လတွင်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းနေကြောင်း ကြေညာခဲ့သည်။

ရာဇဝတ်မှု ကျူးလွန်မှုမှန်သမျှနှင့် သက်သေအထောက်အထားများကို စုဆောင်းထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာဝန်ခံစေမည်ဖြစ်ကြောင်း IIMM က ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် IIMM အတွက် အသုံးဝင်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်း ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့မဟုတ်  mountain741@protonmail.com တို့ကို  ဆက်သွယ်ပေးပို့နိုင်သည်ဟု သိရသည်။ 

ကုလသမဂ္ဂ၏ IIMM သည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇဝတ်မှုကျူးလွန်မှုအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများ ပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ မှ ဧပြီ ၆ အထိ ကျဆုံးခဲ့ရသူ အရပ်သား စုစုပေါင်း ၅၈၁ ဦး ရှိခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၂၇၅၀ ဦး ရှိနေသည်။  ဖမ်းဆီးခံထားရသူများအနက် ၃၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ ၄၆၃ ဦး ရှိသည်။ 

Show More

Related Articles

Back to top button