သတင်း

တပ်သားသစ်ရှာရန် သံတွဲမှ အုပ်ချုပ်ရေးမှူးများ ငြင်းဆန်၊ အစုအပြုံလိုက်နုတ်ထွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၇ ဦးက စစ်ကောင်စီတပ်အတွက် လူသစ်မစုပေးလိုဟုဆိုကာ ထွက်စာတင်လိုက်ကြသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၂၇ ဦးက စစ်ကောင်စီ၏ စစ်ထဲမဝင်မနေရ ဥပဒေအရ လူသစ်စုဆောင်းပေးခြင်း မပြုလိုသဖြင့် ထွက်စာတင်ကြကြောင်း သတင်းရရှိသည်။

၎င်းတို့ကို လူသစ်စုရန် ညွှန်ကြားလာပြီးနောက် မတ် ၁၈ ရက်နေ့တွင် ထိုသို့ တုံ့ပြန်လိုက်ကြခြင်းဖြစ်ကြောင်း သံတွဲမြို့မှ မြို့မမြို့ဖတစ်ဦးနှင့် ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့ပေါ် ရပ်ကွက် ၈ ခုတွင် စစ်မှုထမ်းရမည့်သူကို တစ်ရပ်ကွက်လျှင် တစ်ယောက်နှုန်း မဲနှိုက် ရွေးချယ်ခဲ့သည်ဟု သိရသည်။

စစ်တပ်တပ်သားသစ်စုဆောင်းရေးဌာနတစ်ခုတွင် တပ်သားသစ်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

ထွက်စာတင်ကြခြင်းမှာ အသက်အန္တရာယ်ကြောင့် ဖြစ်သည်ဟု သံတွဲမြို့မိမြို့ဖ အမျိုးသားတစ်ဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေက အသတ်ခံရမှာ ကြောက်တယ်လေ။ သူတို့ခေါ်တာယူတာ မှားယွင်းသွားရင် အသတ်ခံရမှာ ကြောက် တာပေါ့၊ ဒါကြောင့် နုတ်ထွက်တာပေါ့” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်အတွက် လူသစ်ရှာဖွေရေးကို အဓိကလုပ်ဆောင်ရသူများဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် တော်လှန်ရေးအဖွဲ့များ၏ ပစ်မှတ်ဖြစ်လာသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မကွေးနှင့် မန္တလေးတို့မှ လူသစ်ရှာရာတွင် တက်ကြွသည့် အုပ်ချုပ်ရေးမှူး ၂ဦး ပစ်သတ်ခံထားရသည်။

သံတွဲမြို့နယ်တွင်းမှ အုပ်ချုပ်ရေးမှူးများက လူသစ်ရွေးချယ်ရေးအတွက် စစ်သားများကိုယ်တိုင်လာရောက် စာရင်းကောက်ရန် တောင်းဆိုခဲ့သည်ဟုလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက သံတွဲတစ်မြို့နယ်လုံးတွင် စစ်မှုထမ်းရမည့်သူကို ပြီးခဲ့သည့် တနင်္လာနေ့က မဲနှိုက်ရွေးချယ်ရန် ပြင်ဆင်ထားခဲ့သည်၊ မြို့ပေါ်ရပ်ကွက်များတွင် မဲနှိုက်ဖြစ်ခဲ့သော်လည်း ကျေးရွာတချို့တွင် ရွာသားများ ထွက်ပြေးခဲ့ကြသည့်အတွက် အစီအစဉ်ပျက်ခဲ့ရသည်ဟုလည်း သိရသည်။

“ရွာအချို့မှာ မဲနှိုက်လို့မရဘူး။ မရဘူးဆိုတာက ရွာက လုံးဝလက်မခံဘူး။ ရွာသူရွာသားတွေက ထွက်ပြေးကြတယ်။ ထွက်ပြေးတော့ အုပ်ချုပ်ရေးမှုးတွေ လိုက်တားတာ မနိုင်ဘူး။ အဲဒီတော့ မလုပ်နိုင်တော့ နုတ်ထွက်စာ တင်ကြတယ်၊ ဒီလိုပါပဲ” ဟု သံတွဲမြို့မိမြို့ဖ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ (မတ် ၂၀) တွင် နောက်ထပ် ၆ ဦး သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ထွက်စာပေးပို့ရာ နုတ်ထွက်သူ စုစုပေါင်း ၂၇ ဦးအထိ ရှိလာကြောင်းလည်း ၎င်းက ဆိုသည်။ ထွက်စာတင်သူများကို စိတ်ပြောင်းကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ဖျောင်းဖျနေသည်ဟုလည်း ၎င်းက ဆိုသည်။

သံတွဲမြို့ပေါ်တွင် မဲနှိုက်ရွေးချယ်ရာတွင် ၁၀ တန်းမအောင်သူများ၊ အထက်တန်းအဆင့်နှင့်အောက် ပညာသင်ခဲ့ရသူများထဲမှ  အသက် ၂၄ နှစ်မှ အသက် ၃၀ ကြား အမျိုးသားများကို မဲနှိုက်စေခဲ့ကြောင်းလည်း မြို့ခံများက ဆိုသည်။

မဲပေါက်သည့်အတွက် စစ်မှုထမ်းရန် ရွေးချယ်ခံရသူများကို တပ်က ခေါ်ဆောင်သွားခြင်းမျိုး မရှိသေးဘဲ နေအိမ်တွင် စောင့်ဆိုင်းခိုင်းထားသည်ဟု သိရသည်။

စစ်တပ်တပ်သားသစ်စုဆောင်းရေးဌာနတစ်ခုတွင် တပ်သားသစ်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

နာမည်ကျော် ငပလီကမ်းခြေကြောင့် ထင်ရှားသည့် သံတွဲမြို့နယ်တွင် လူဦးရေ ၁ သိန်း ၁ သောင်းကျော် နေထိုင်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈ နှစ်ကုန်ပိုင်းစာရင်းများအရ သိရသည်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA သည် ၁၀၂၇ စစ်ဆင်ရေး ၄ လကျော်အတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ပြည်နယ်မြောက်ပိုင်းမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ပိုင်းမှ ရမ်းဗြဲ စုစုပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားပြီဖြစ်သည်။

သံတွဲအပါအဝင် တောင်ပိုင်းဒေသသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

စစ်မျက်နှာအသီးသီးတွင် ဆက်တိုက်ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးအစီအစဉ်ကို အပြင်းအထန် အကောင်အထည်ဖော်လျက်ရှိသည်။

စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိကြောင်း၊ သင်္ကြန်အပြီး ဧပြီလတွင် အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် စတင်ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ဒေသအသီးသီးရှိ တော်လှန်ရေးအင်အားစုများက သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မန္တလေးတိုင်းနယ်စပ်ရှိ ၎င်းတို့စစ်ရေးလှုပ်ရှားနယ်မြေများဖြစ်သော လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တို့တွင် အဓမ္မ စစ်သားစုဆောင်းခြင်းမပြုရန် ယမန်နေ့ (မတ် ၁၉) တွင် သတိပေးစာ ထုတ်ပြန်သည်။

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ၏ စစ်ဒေသအတွင်းရှိ အုပ်ချုပ်ရေးမှူးများသည် လူထုဆန္ဒကို ဆန့်ကျင် ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားစုဆောင်းပါက ပြင်းထန်စွာအရေးယူသွားမည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သည် နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်မြို့တို့ကို သိမ်းပိုက်ထားသည်။

သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း စစ်မှုထမ်းဥပဒေကို ဆန့်ကျင် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၁၉ တွင် ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button