သတင်း

နေပြည်တော်တွင် ထိပ်တန်းရာထူးများရခဲ့သူ ဗိုလ်မှူးကြီးဟောင်း သေဆုံး

နေပြည်တော် မြေသိမ်းလယ်သိမ်းမှုများအတွက် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သူ ဝန်ကြီးဟောင်း၊ မြို့တော်ဝန်ဟောင်း ဦးသိန်းညွန့် ကွယ်လွန်သွားသည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ စိတ်ကြိုက်တည်ဆောက်ခဲ့သော နေပြည်တော်၏ မြို့တော်ဝန်၊ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် (၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ)သမ္မတရုံးဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ စသည့် ထိပ်တန်းရာထူးကြီးများ ရရှိခဲ့သူ ဦးသိန်းညွန့် တနင်္ဂနွေနေ့ညက သေဆုံးသွားသည်။

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော ဗိုလ်မှူးကြီးဟောင်းသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ဆေးရုံတွင် မတ်လ ၁၇၊ ညပိုင်းက ဦးနှောက်ကင်ဆာရောဂါဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

“ဦးနှောက်ကို ခွဲစိတ်ပြီး ဒီအတိုင်းထားထားတာ။ သေတာ နှစ်ရက်ရှိပြီ၊ သတင်းလည်း မထုတ်ပြန်ဘူး” ဟု ဦးသိန်းညွန့်မိသားစုနှင့် နီးစပ်သူက ပြောသည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဟောင်းတစ်ဦးလည်းဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်၏ အမာခံလူတစ်ဦးလည်းဖြစ်ခဲ့သူ ဦးသိန်းညွန့်သည် ကင်ဆာဝေဒနာကြောင့် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက ဆေးဝါးကုသမှု ခံယူခဲ့ရသည်။

မသေဆုံးခင် လအနည်းငယ်အတွင်း အသိ၊ သတိများ မရှိတော့ကြောင်း စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက ဆိုသည်။

“ငွေက ထားစရာမရှိအောင် ချမ်းသာသော်လည်း သူမခံစားလိုက်ရဘူး၊ နေပြည်တော်စလုပ်စဉ်က ရှစ်လုံးကြီး (သီဟသူရတင်အောင်မြင့်ဦး) နဲ့ သူနဲ့က တပ်ဘက်အပိုင်း၊ အရပ်ဘက်အပိုင်း အဓိကတာဝန်ခံတွေပေါ့” ဟု သူက ဆက်ပြောသည်။

သန်းခေါင်းယံအာဏာသိမ်းပွဲဟု လူသိများသည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ညပိုင်းက ကြံ့ခိုင်ရေးပါတီအကွဲအပြဲတွင် ဦးသိန်းညွန့်က လုံခြုံရေးကိစ္စ တာဝန်ယူခဲ့သည်ဟုလည်း ထိုအခြေအနေကို သိရှိခဲ့သူတစ်ဦးက ဆိုသည်။

နေပြည်တော် မြို့တည်ဆောက်ရေးကာလအတွင်း ဒေသခံတို့၏ လယ်ယာမြေများကို မြို့တော်ဝန် ဦးသိန်းညွန့်အမိန့်ဖြင့် သိမ်းခဲ့သည်။ လယ်ယာမြေလျော်ကြေး အထိုက်အလျောက်ရသူများရှိသလို၊ ထိုစဉ်က လျော်ကြေးလုံးဝမရသည့် ဒေသခံများလည်း ရှိခဲ့သည်။

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မကွေးမြို့အခြေချစစ်ဗျူဟာတွင် ဗျူဟာမှူး၊ မကွေးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ ဥက္ကဋ္ဌအဖြစ် ၁၉၉၆၊ ၉၇ ခုနှစ်ကာလက အုပ်ချုပ်ရေးတာဝန်ယူခဲ့သည်။

ထို့နောက် ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးများက ကောင်စီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် အမည်ပြောင်းလိုက်ပြီး  ဦးသိန်းညွန့်ကိုလည်း နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်အထိ ခန့်ထားခဲ့သည်။

ထိုစဉ်က ဗိုလ်မှူးကြီးအဆင့်ဖြင့် ဝန်ကြီးဖြစ်ခဲ့သူမှာ ဦးသိန်းညွန့်နှင့် ဦးတင်လှိုင် နှစ်ဦးသာ ရှိခဲ့သည်၊ နအဖစစ်ခေါင်းဆောင် ဦးသန်းရွှေ စိတ်ကြိုက်ရွေးချယ်ခဲ့သူများ ဖြစ်သည်ဟုလည်း စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက ဆိုသည်။

ထို့နောက် စစ်တပ်စီစဉ်ခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲဖြင့် စစ်ဗိုလ်ချုပ်များ ယူနီဖောင်းလဲလိုက်သည့် အရပ်သားတစ်ပိုင်း ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်တွင်လည်း သမ္မတရုံးဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန် စသည့် ရာထူးကြီးများ ဆက်ရခဲ့သူ ဖြစ်သည်။

ဦးသိန်းညွန့်သည် ၂ဝ၁၅ ရွေးကောက်ပွဲကာလက ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် ဌာနဆိုင်ရာ မော်တော်ယာဉ်များကို အသုံးပြုပြီး မဲဆွယ်သဖြင့် ပြိုင်ဘက်တစ်ဦး၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

ထိုရွေးကောက်ပွဲတွင် ဦးသိန်းညွန့်နှင့် ပတ်သက်ပြီး အခြား အငြင်းပွားဖွယ်ဖြစ်ရပ်မှာ စစ်ဗိုလ်ချုပ်များ စိတ်ကြိုက် ဖွဲ့စည်းခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက် ဖြစ်သည်။

ဦးသိန်းညွန့် မွေးဖွားချိန်တွင် တရုတ်လူမျိုးမိဘများဖြစ်သည့် ဦးအုံဝှက်၊ ဒေါ်ဂျင်းယင်တို့မှာ မြန်မာနိုင်ငံသား မဟုတ်ဟူသော ကန့်ကွက်ချက်ကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။

Show More

Related Articles

Back to top button