သတင်း

ရမ်းဗြဲမြို့ကို သုံးလကြာ ထိုးစစ်ဆင်ပြီးနောက် AA သိမ်းပိုက်

AA ၏ ထိုးစစ်အတွင်း ရမ်းဗြဲမြို့သည် ရခိုင်တောင်ပိုင်းတွင် ပထမဆုံး တိုက်ပွဲဖြစ်ပွားသောမြို့ဖြစ်ပြီး ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် တောင်ပိုင်းမြို့လည်းဖြစ်သည်။

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ (မတ် ၁၁) တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု သိရသည်။

ယမန်နှစ် နိုဝင်ဘာ ၁၃ မှ စတင်ခဲ့သော AA ၏ ထိုးစစ်အတွင်း ရမ်းဗြဲမြို့သည် ရခိုင်တောင်ပိုင်းတွင် ပထမဆုံး တိုက်ပွဲဖြစ်ပွားသောမြို့ဖြစ်ပြီး ယနေ့ မွန်းတည့်ချိန်တွင် မြို့တောင်ဘက် စစ်တပ် တပ်စွဲထားရာ သိမ်တောင်ဘုရားကုန်းပေါ်ရှိ စစ်တပ်ကို ရှင်းလင်းပြီးနောက် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရမ်းဗြဲကတော့ သိမ်းလို့ရသွားပါပြီ။ နေ့လယ် ၁၁ နာရီ၊ ၁၂ နာရီလောက်မှာ သိမ်းလို့ရပြီလို့ အတည်ပြုလို့ ရပါတယ်။ သိမ်တောင်မှာ တပ်စွဲထားတဲ့ အကောင်တွေကို ကိုယ်တို့ဘက်က တက်ရှင်းပါတယ်။ ထွက်ပြေးသွားတဲ့ စစ်သားတချို့ကိုလည်း AA က လိုက်ရှင်းနေပါတယ်။ တောင်ပေါ်ကနေ ဆင်းပြေးသွားတဲ့ လက်ကျန်အနည်းငယ်ပေါ့” ဟု သက်လတ်ပိုင်းအရွယ် ထိုသူက ဆိုသည်။

လေတပ်က မြို့ကို အကြိမ်ရေ ရာဂဏန်းထက်မနည်း ဗုံးကြဲခဲ့သလို မြို့တောင်ဘက် သိမ်တောင်ဘုရားကုန်းပေါ်ရှိ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ မြို့ပေါ်ရှိ နေရာအများစု မီးလောင် ပြာကျထားသည်။

ရမ်းဗြဲမြို့ကို AA က အလုံးစုံထိန်းချုပ်လိုက်ပြီးနောက် ဓားစာခံအဖြစ် စစ်တပ်က ဖမ်းဆီးထားသူ အများစုကို ကယ်ထုတ်နိုင်ခဲ့သည်၊ ဓားစာခံတစ်ဦးမှာ စစ်ကောင်စီတပ် ဆုတ်ခွာစဉ် ပစ်သတ်ခံရသည်ဟု သိရသည်။

“လူ ၁၅ ယောက်လောက်က တစ်ယောက်ကတော့ သေသွားတယ်။ xx တွေ ထွက်ပြေးတဲ့အခါ သူတို့ကို မော့မကြည့်နဲ့ ပြောတယ်တဲ့။ အဲဒီထဲမှာ တစ်ယောက်က မော့ကြည့်လားမသိ…. အဲဒါမှာ မော့ကြည့်တဲ့သူ က ရင်ဝကို (ကျည်) ထိသွားတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသားက လွတ်မြောက်လာသူများကို ကိုးကား၍ ပြောသည်။

ဖမ်းဆီးထားသည့်အတောအတွင်း ဓားစာခံ ၁၅ ယောက်စာအတွက် စစ်တပ်က ပေးသော နံနက် ဆန်တစ်ဘူး၊ ည ဆန်တစ်ဘူးစီ ပေးရာ ဆန်ပြုတ်အဖြစ် ပြုတ်သောက်ခဲ့ရသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က Y-12 ထောက်ပို့လေယာဉ် ရောက်လာပြီး ဗုံးကြဲခဲ့ရာ ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ င/ပြီ ချောင်းရွာနေ အသက် ၆၅ နှစ်အရွယ် ဒေါ်မအုံးရွှေ၏ ညာခြေထောက် ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယင်းမတိုင်မီ ရက်များကလည်း ရမ်းဗြဲမြို့နှင့်အနီးဝန်းကျင်ကို စစ်ကောင်စီ လေတပ်၊ ရေတပ်တို့က ပစ်ခတ်တိုက်ခိုက်နေသဖြင့် ရမ်းဗြဲကျွန်းဒေသခံများ သတိထားသွားလာနေထိုင်ကြရန် AA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က တိုက်တွန်းထားသည်။

“လေယာဉ်တွေကတော့ အခုထိ ဝဲနေတုန်း။ ဗုံးလည်း ကြဲနေတယ်။ သူတို့မှာတော့ သဘောတရားက ဒီလိုရှိတယ်၊ လုံးဝစွန့်လွှတ်လိုက်ရပြီဆိုရင် နောက်ဆုံး မကျေနပ်ချက်နဲ့ မြို့ကို ဖျက်ဆီးတာပဲ” ဟု အထက်ပါ အမျိုးသားက ယနေ့ ညနေ ၅ နာရီခန့်က ပြောသည်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက စစ်ကောင်စီ ရမ်းဗြဲကို လက်လွှတ်ရပြီဟု သတင်းရရှိကြောင်း ပြောသည်။

“အရပ်သတင်းအရတော့ ကိုယ့်ဘက်က အဆက်အသွယ်တွေအရ ရမ်းဗြဲကျသွားပြီလို့ ပြောတယ်။ ကိုယ့်ဘက် တပ်တော် (AA) ကတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးဘူးပေါ့။ ညနေပိုင်း ထုတ်ပြန်လာမှာလား မသိ” ဟု ဦးဖေသန်းက ပြောသည်။

ဖေဖော်ဝါရီလအတွင်းက တွေ့ရသော ရမ်းဗြဲမြို့တွင်းတစ်နေရာ။ (ဓာတ်ပုံ-ပေးပို့)

ယမန်နှစ် ဒီဇင်ဘာ ၁၈ ရက် နံနက်တွင် ရမ်းဗြဲမြို့မဈေးအနီး၊ အမှတ် (၅) ရပ်ကွက်နှင့် စစ်တပ် တပ်စွဲထားသည့် သိမ်တောင်ဘုရားကုန်းနေရာတို့ကို AA က ဝင်ရောက်တိုက်ခိုက်ရာမှ မြို့ပေါ်တိုက်ပွဲများ အစပြုခဲ့သည်။

ရမ်းဗြဲမြို့ပေါ် ၆ ရပ်ကွက်ရှိပြီး ဒေသခံ လူဦးရေ ရှစ်သောင်းဝန်းကျင်ခန့် နေထိုင်ကြကာ အများစုမှာ မြို့ကို စွန့်ကာ ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဇန်နဝါရီလ နောက်ဆုံးပတ်က တစ်ပတ်လုံးနီးပါး လေကြောင်း၊ ရေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၍ ထိုစဉ်ကတည်းက မြို့လုံးကျွတ်နီးပါး ပျက်စီးနေပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဆေးရုံနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်တချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

ရမ်းဗြဲမြို့ကို စစ်ကောင်စီက ထိုသို့ဖိဖိစီးစီးတိုက်နေခြင်းမှာ AA လွှမ်းမိုးမှုကို ဟန့်တားလိုခြင်းကြောင့် ဖြစ်သည်ဟု ဦးဖေသန်းက ဖေဖော်ဝါရီ တတိယပတ်အတွင်း သုံးသပ်ထားသည်။

ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်နေ့တို့တွင် ရမ်းဗြဲမြို့တွင် ရဟတ်ယာဉ်ဖြင့် စစ်ကူရောက်သွားသော စစ်သားများကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၈၀ ခန့် သေဆုံးခဲ့ကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

လေကြောင်းဖြင့် စစ်ကူလာသည့်စစ်သားများမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အမ်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၇၃) တပ်ရင်းတို့ဖြစ်ကြသည်။

ရေပတ်လည်ဝိုင်းနေသည့် ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကျွန်းမကြီးတစ်ခုဖြစ်ပြီး ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်တို့ကြားတွင် တည်ရှိသည်။

ရမ်းဗြဲကျွန်းသည် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်သည့် နေရာဖြစ်ပြီး ရေနံစိမ်းပိုက်လိုင်းမှာမူ ကျောက်ဖြူအနီးရှိ မဒေးကျွန်းမှ စတင်သွယ်တန်းထားသည်။

တရုတ်နယ်စပ်အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်တည်းက စတင် လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နေ့စဉ် တင်ပို့ရောင်းချနေသည်။

လက်ရှိတွင် AA သည် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်းတို့ကို သိမ်းယူထားရာ ယခုရခိုင်တောင်ပိုင်း တစ်မြို့နယ်ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

AA သည် လူထုထောက်ခံမှု များပြားသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ပျက်စီးမှု များပြားသော်လည်း AA က မြို့ကို ထိန်းချုပ်နိုင်သဖြင့် ကျေနပ်မိသည်ဟု အထက်ပါ သက်လတ်ပိုင်းအရွယ် ရမ်းဗြဲဒေသခံအမျိုးသားက ပြောသည်။

“တခြားမြို့တွေနဲ့စာရင် … အချိန်အကြာကြီး ပေးဆပ်လိုက်ရတဲ့ မြို့တစ်မြို့ပေါ့။ ပျက်စီးဆုံးရှုံးမှုအနေအထားနဲ့ဆိုလည်း ပေါက်တော (မြို့) ပြီးရင် ဒုတိယပျက်စီးဆုံးရှုံးမှုအများဆုံးပေါ့။ ဆိုတော့ အခုလို သိမ်းလို့ရလိုက်တဲ့အတွက်ကြောင့် အတိုင်းထက်အလွန် ဝမ်းသာမိတယ်”

ရခိုင်တောင်ပိုင်းနှင့် အလယ်ပိုင်းမြို့များပြ မြေပုံ။

“သူတို့ (စစ်ကောင်စီ) အမြဲတမ်းပြောတာက ရခိုင်တွေရဲ့ ဦးနှောက်တွေကို ခွဲခြားလိုက်တယ်။ တောင်ပိုင်း၊ မြောက်ပိုင်း ဆိုပြီးတော့။ သူတို့က AA ကို မြောက်ပိုင်းက အားပေးတယ်၊ တောင်ပိုင်းကလူတွေ လုံးဝအားပေးမှုမရှိ ဆိုတာမျိုး ပြောတာပေါ့။ အခုက အဲလိုမဟုတ်ဘူး။ အခုက ပြည်သူနဲ့တစ်သားတည်းကျလို့ AA သိမ်းလို့ရတာ”

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) အခြေစိုက်ရာ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွင် မတ် ၆ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့သည်။

မတ်လ ၆ ရက် နံနက် ၅ နာရီမှစတင်၍ တောင်ကုတ်မြို့နယ်၊ ပင်မဓာတ်အားခွဲရုံရှိရာ ဘာယေနှင့် မုတ်ကျေးရွာတို့အကြား ၉ မိုင်တောင်အတက်တွင် စစ်ကောင်စီယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရခိုင်ဒေသအထူးပြုသတင်းဌာနများ၏  ဖော်ပြချက်အရ သိရသည်။

တောင်ကုတ်မြို့အနီးရှိ ရမ်းဗြဲ၊ မအီမြို့တို့ကို AA က ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော် စစ်တွေကိုလည်း AA က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။ ထို့အပြင် ရခိုင်တောင်ပိုင်းဘက်သို့လည်း AA တပ်များက ဆက်လက် ချဉ်းကပ်လာခြင်း ဖြစ်သည်။

တောင်ကုတ်တွင် စကခ (၅) လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ (၃၄၆) (၅၄၄ ) တပ်ရင်းနှစ်ခု အခြေစိုက်သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) က ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဘေးဒဏ်သင့်ဒေသခံများ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှု တိုးလာကြောင်း မတ် ၆ တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစပြီး AA နှင့် စစ်တပ် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် အိုးအိမ်စွန့်ခွာရသူ ၁၄၈,၅၀၀ ခန့် ရှိနေကြောင်း၊ နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် ထွက်ပြေးနေကြရဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button