တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့တွင် ရဟတ်ယာဉ်ဖြင့် စစ်ကူရောက်သွားသော စစ်သားများ ပိတ်ဆို့ တိုက်ခိုက်ခံရသဖြင့် အများအပြား သေဆုံး၊ ဒဏ်ရာရသွားကြောင်း ဒေသခံများနှင့် ရက္ခိုင့်တပ်တော် (AA) ထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်နေ့တို့တွင် စစ်သည်အင်အား ၁၂၀ ခန့် ကို ရဟတ်ယာဉ် ၄ စီးဖြင့် ၇ ကြိမ် သယ်ဆောင်ခဲ့သည်ကို တွေ့ရသည်၊ မြို့နှင့် တစ်မိုင်ခန့် အကွာ ကျက်သရေရွာအနီး ထိုသို့ ရောက်လာစဉ် ပစ်ခတ်မှု ပေါ်ပေါက်ခဲ့သည်ဟု စစ်ရေးအခြေအနေ စောင့်ကြည့်နေသည့် ဆရာတော်တစ်ပါးက မိန့်သည်။
“လေယာဉ်နဲ့ ချပေးလို့ မိနစ်ပိုင်းအတွင်းမှာ အဝိုင်းခံရတယ်။ အစတုန်းတော့ ပြင်းပြင်းထန်ထန်တိုက်ပွဲမဖြစ်ကြဘူး။ AA ဝိုင်းထားတယ်။ မနေ့ကတော့ ပြင်းပြင်းထန်ထန်ဖြစ်ကြတယ်။ အခုသိရသလောက်ဆိုရင် သူတို့ (စစ်တပ်) က လက်နက်တွေကို စွန့်ပြီး ကစဉ့်ကလျားဖြစ်သွားတယ်” ဟု ထိုဆရာတော်က Myanmar Now ကို ယနေ့တွင် မိန့်သည်။
လေကြောင်းဖြင့် စစ်ကူလာသည့်စစ်သားများမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အမ်းမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၇၃) တပ်ရင်းတို့ဖြစ်ကြသည်ဟု AA က ယမန်နေ့ညက ထုတ်ပြန်သည်။
ရောက်လာသည့် စစ်ကူများထဲမှ ၆၀ ကျော်ကို ချေမှုန်းလိုက်သည်၊ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ခဲ့သော AA ၏ ထိုးစစ်အတွင်း ရမ်းဗြဲမြို့သည် ရခိုင်တောင်ပိုင်းတွင် ပထမဆုံး တိုက်ပွဲဖြစ်ပွားသောမြို့ဖြစ်သည်။
၂၀၂၃ ဒီဇင်ဘာ ၁၈ နံနက်တွင် ရမ်းဗြဲမြို့မဈေးအနီး၊ အမှတ် (၅) ရပ်ကွက်နှင့် မြို့တောင်ဘက် စစ်တပ် တပ်စွဲထားရာ သိမ်တောင်ဘုရားကုန်းနေရာတို့ကို AA က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ စတင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု နေ့စဉ် ပေါ်ပေါက်လာသည်။
ယခင်လ နောက်ဆုံးပတ်က တစ်ပတ်လုံးနီးပါး လေကြောင်း၊ ရေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့၍ ထိုစဉ်ကတည်းက မြို့လုံးကျွတ်နီးပါး ပျက်စီးနေပြီဖြစ်သည်။
ရမ်းဗြဲမြို့ကို စစ်ကောင်စီက ထိုသို့ဖိဖိစီးစီးတိုက်နေခြင်းမှာ AA လွှမ်းမိုးမှုကို ဟန့်တားလိုခြင်းကြောင့် ဖြစ်သည်ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။
“ရမ်းဗြဲကျသွားရင် AA ရဲ့အရှိန်အဟုန် တောင်ပိုင်းကို ဂယက်ရိုက်သွားမှာ သူတို့ စိုးရိမ်စရာရှိတာပေါ့။ ပြည်သူတွေလည်း AA အပေါ်မှာ တောင်ပိုင်းမြို့နယ်တွေက ပိုပြီးစိတ်ဝင်စားလာမယ်။ ပိုပြီးထောက်ခံလာမယ်။ အဲဒါကြောင့် တောင်ပိုင်းမြို့နယ်တစ်ခုဖြစ်တဲ့ ရမ်းဗြဲကို အသည်းအသန် ကာကွယ်နေခြင်းဖြစ်တယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးဖေသန်းက ဆက်ပြောသည်။
“ရမ်းဗြဲမြို့နယ်ကျရင် တခြားမြို့နယ်တွေလည်း ကျမယ်။ သူတို့ (စစ်ကောင်စီ) ရပ်တည်စရာမရှိ ဖြစ်တော့မယ်။ တောင်ပိုင်းဘက်ကို AA က မထိုးဖောက်နိုင်၊ သူတို့ ထိန်းထားတယ်ဆိုတာကို ပေါ်လွင်အောင်ပေါ့။ အဲဒါကြောင့် အသည်းအသန် ကာကွယ်နေတာဖြစ်တယ်”
စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို နေ့စဉ် လေကြောင်းမှ မြို့အနှံ့ ဗုံးကြဲလျက်ရှိပြီး ဆေးရုံ၊ စာသင်ကျောင်း စသည့် အဆောက်အအုံအမြောက်အမြား ပျက်စီးလျက်ရှိနေကြောင်း အထက်ပါ ဆရာတော်က မိန့်သည်။
“အရင်က AA ရှိနိုင်တယ်လို့ ထင်တဲ့နေရာတွေကို ဗုံးကြဲတယ်။ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့တစ်ပတ်လို့ သုံးနှုန်းတာ ပိုသဘာဝကျမယ်လို့ ထင်ပါတယ်။ သူတို့က ပစ်မှတ်ကို ရေရေရာရာလို့ မထားတော့ဘူး။ တစ်မြို့လုံးကို ဗုံးကြဲတာပဲ။ Y12 (ထောက်ပို့) လေယာဉ်ကတော့ ကောင်းကင်ထက်မှာ အမြဲ တစ်စီးရှိနေပါတယ်”
AA ရှိနေသည်ဟု တိတိကျကျ မသိရဘဲ အရပ်ဘက်ပစ်မှတ်များဖြစ်သည့် အိုးအိမ်အဆောက်အအုံများကို ဗုံးကြဲနေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ရာရောက်သည်ဟု ဆရာတော်က ဆက်မိန့်သည်။
“ခုလိုလုပ်ရပ်က မလိုလားအပ်တဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကိုလည်း ဖြစ်စေတယ်။ ဆိုလိုတာကတော့ ဒီနေရာမှာ AA ရှိတယ်လို့ အတိအကျသတင်းရှိလို့ လုပ်ရင်တော့ အကြောင်းမဟုတ်ဘူး” ဟု ဆရာတော်က မိန့်ကြားသည်။
“နိုင်ငံရဲ့အစိုးရ စစ်တပ်လို့ ခံယူထားတယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိနဲ့ တိုက်ပွဲတွေဖော်သင့်တယ်။ အခုက အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတာက နိုင်ငံတစ်ခုရဲ့ အကြမ်းဖက်၊ ဓားပြ၊ အစွန်းရောက်စစ်တပ်လို့ပဲ မြင်ပါတယ်”
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မြို့မဆေးရုံနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်တချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း AA က ဓာတ်ပုံနှင့်တကွ ဖေဖော်ဝါရီ ၂၂ ညနေက ထုတ်ပြန်ထားသည်။
ရေပတ်လည်ဝိုင်းနေသည့် ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းသည် တရုတ် – မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာနေရာဖြစ်သည်၊ မြန်မာနိုင်ငံ၏ အကြီးဆုံးကျွန်းမကြီးတစ်ခုဖြစ်ပြီး ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ် မြို့နယ်တို့ကြားတွင် တည်ရှိသည်။
မြို့ပေါ် ၆ ရပ်ကွက်ရှိပြီး မြို့ခံ ၈၀၀၀၀ ကျော်မှာ ကျေးလက်ဒေသများသို့ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
ရခိုင်မြောက်ပိုင်း စစ်ရေးအခြေအနေ
AA သည် ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
မင်းပြားမြို့နယ်ရှိ တစ်ခုတည်းသောလက်ကျန်တပ်ဖြစ်သည့် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ကပင် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ကာကင်း စခန်း ၃ ခုနှင့် အရေးပါသော နေရာတစ်ခုကို သိမ်းထားသည်ဟု AA ဘက်က ဆိုသည်။
ထိုတိုက်ပွဲသည် ပြင်းထန်နေပြီး စစ်ကောင်စီသည် ရေကြောင်းသုံးမရ၍ လေကြောင်းသုံးတိုက်ခိုက်နေသည်ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။
“နေဗီ (စစ်ရေယာဉ်) ကတော့ တက်လို့မရဘူး။ တိုင်းဗဟို (၉) က တောင်ကြားလေးတွေမှာ။ ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေတော့ လာနေတယ်။ မင်းပြား (မြို့) တိုက်ပွဲလောက်တော့ မပြင်းဘူး။ ဒါပေမဲ့ တစ်ချက်တစ်ချက်တော့ သိပ်ပြင်းတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရခိုင်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်ရှိ တပ်စခန်းများကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး ထိုမြို့ ၄ မြို့ရရှိပါက မြို့တော်စစ်တွေမှ လွဲပြီး မြောက်ပိုင်းတစ်ခွင် AA လက်ထဲ ကျရောက်သွားမည်ဖြစ်သည်။
“AA ရဲ့ တိုက်စစ်အရှိန်အဟုန်နဲ့ဆိုရင် ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်တွေကတော့ မကြာခင် ပြတ်သွားနိုင်ပါတယ်” ဟု ဦးဖေသန်းက မှတ်ချက်ပြုသည်။
စစ်တွေအနီး ပုဏ္ဏားကျွန်းမြို့ရှိ မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ က AA သိမ်းပိုက်ခဲ့သည်။ အလားတူ မြို့နယ်ရှိ လက်ကျန်တစ်ခုတည်းရှိသော ခမရ (၅၅၀) တပ်ရင်းဌာနချုပ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ထို့ပြင် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း များကိုလည်း AA က စခန်းတစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ယမန်နေ့ (ဖေဖော်ဝါရီ ၂၅ ) ကပင် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
အလားတူ မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းကိုလည်း ဖေဖော်ဝါရီ ၂၃ နှင့် ပဲရွန်းတောင် (ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏စခန်းကို ဖေဖော်ဝါရီလ (၁၉) တွင် သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် “ဗောဓိကုန်းစခန်း” ကို ဖေဖော်ဝါရီလ ၁၆ တွင် သိမ်းပြီး တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာ နယ်ခြားစောင့်စခန်းတို့ကို ဖေဖော်ဝါရီ ပထမပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
ရသေ့တောင်မြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ၅၃၆၊ ၅၃၇၊ ၅၃၈ တို့ရှိပြီး လက်နက်ချအညံ့မခံသော စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AA က ဖေဖော်ဝါရီ ၂၃ က ထုတ်ပြန်သည်။
ထိုတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ဒေသခံများကို မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေသောကြောင့် အဆက်အသွယ် မရခဲ့ပေ။
လက်ရှိတွင် အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေမြို့တို့တွင်လည်း စစ်ရေးတင်းမာနေပြီး ယခုနှစ်အတွင်း ရခိုင်တစ်ပြည်နယ်လုံး AA လက်ထဲ ကျရောက်သွားနိုင်သည်ဟု ဦးဖေသန်းက သုံးသပ်သည်။
“နောက်ထပ်တိုက်မယ်ဆိုရင် (နပခ) အမ်း ရှိမယ်။ ပြီးရင် ကျောက်ဖြူရှိမယ်ပေါ့။ ပြီးရင် စစ်တွေရှိမယ်ပေါ့။ အဲလိုနဲ့ တဖြည်းဖြည်း AA ရဲ့တိုက်မှု အရှိန်အဟုန်၊ ဟိုဘက်က စစ်ကောင်စီကတပ်တွေ စွန့်ခွာမှု၊ သူတို့တွေရဲ့ အားနည်းချက်၊ သူတို့ရဲ့စိတ်ဓာတ်ကျမှုကြောင့် ဒီနှစ်မှာ ပြတ်ထွက်သွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ပြည်နယ်မြို့တော် စစ်တွေရှိ ဒေသခံများလည်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်။
စစ်တွေတွင် စစ်ကောင်စီ၏ ခိုင်မာသောဗျူဟာကုန်း၊ စစ်စခန်းများမရှိသောကြောင့် AA အတွက် တိုက်ရ လွယ်ကူနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။
ထိုးစစ်ဆင်ခံနေရမှုများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည့် စစ်ကောင်စီက တိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းသမားများ၏ ဆက်သွယ်မေးမြန်းမှုကို တုံ့ပြန်လေ့မရှိပေ။
နိုင်ငံအနောက်ပိုင်းတွင် AA ၏ ပြင်းထန်သော ထိုးစစ်ကြောင့် စစ်ကောင်စီ၏ လက်နက်ကိုင်များ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများဘက်သို့ ဆုတ်ခွာ ထွက်ပြေးမှု မကြာခဏ ပေါ်ပေါက်နေသည်။