စီးပွားရေး

ခန့်မှန်းလိုသူမရှိတော့သည့် ကမ်းမမြင်လမ်းမမြင် မြန်မာ့စီးပွားရေး

သုံးနှစ်အတွင်း စစ်တပ်လက်အောက် မြန်မာ့စီးပွားရေး ဆက်တိုက်ကျဆင်းနေသည်ကို ငွေဖောင်းပွမှု၊ ကုန်စျေးနှုန်းတက်လာမှု၊ နည်းပါးလာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ရှားပါးမှုတို့က ပြသနေသည်။

စစ်တပ်က အာဏာမသိမ်းခဲ့လျှင် မြန်မာ့စီးပွားရေးမှာ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါအလွန်၌ အခြားနိုင်ငံများနည်းတူ အားကောင်းမောင်းသန်ဖြစ်နေပြီဟု ဆိုလာသူမှာ ရန်ကုန်မြို့ရှိ နည်းပညာကုမ္ပဏီကြီးတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်ကျော်* ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်အာဏာသိမ်းလိုက်သဖြင့် ဆယ်စုနှစ်တစ်ခုကြာ အရှိန်ရလာသော စီးပွားရေး တိုးတက်မှုနှင့် အခွင့်အလမ်းများ ပျောက်ပျက်သွားသည်။ မသေချာမရေရာမှုများနှင့်အတူ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ပြည့်ချိန်၌ အကျပ်တည်းဆုံးအခြေအနေသို့ ရောက်ရှိနေသည်။

“အခြားနိုင်ငံတွေက ကိုဗစ်ကာလအပြီးမှာ မူလအခြေအနေကို ပြန်ရောက်ဖို့ သွားခဲ့ကြတယ်။ အခုတော့ မူလအခြေအနေကို ကျော်သွားခဲ့ပြီ။ သို့သော် မြန်မာပြည်က ဆုတ်ယုတ်ဆဲ၊ ဆက်ပြီးတော့ အောက်ကို ဆင်းဆဲ” ဟု ဦးမောင်ကျော်က မချိတင်ကဲ ဆိုသည်။ 

စစ်ဗိုလ်ကြီးများလက်ထက်တွင် စီးပွားရေး ဇောက်ထိုးကျဆင်းနေသည်ဟုလည်း ဝေဖန်သည်။

မြန်မာ့စီးပွားရေး ဆက်လက်နိမ့်ကျနေကာ အာရှနိုင်ငံများအနက် ကိုဗစ်ကပ်ရောဂါမတိုင်မီအခြေအနေကို ပြန်မရောက်နိုင်သေးသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟု လွန်ခဲ့သောတစ်လကျော်၌ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

အခြေအနေအရပ်ရပ်ကြောင့် မြန်မာ့စီးပွားရေးအခြေအနေ နာလန်မထူဖြစ်နေပြီး ၂၀၂၄ ခုနှစ် မတ်လအထိ စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာရှိမည်ဟု ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။​

ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို တစ်နှစ်နှစ်ကြိမ်ထုတ်ပြန်လေ့ရှိကာ အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်ပြန်ချက်တိုင်းတွင် မသေချာမရေရာမှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း၊ စီးပွားရေးအခြေအနေ ယုတ်လျော့နေဆဲဖြစ်ကြောင်း ဆက်တိုက်ဖော်ပြခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မြန်မာ့စီးပွားရေး အလားအလာမှာ မခန့်မှန်းနိုင်သည်အထိဖြစ် မရေမရာဖြစ်ခဲ့သည်။ နိုင်ငံပေါင်း ၁၅၀ ကျော်၏ စီးပွားရေးတိုးတက်မှုအခြေအနေကို ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံကို ချန်လှပ်ခဲ့သည်။

စီးပွားရေးနိမ့်ကျရခြင်းမှာ ယခင်အစိုးရများလက်ထက် စီမံခန့်ခွဲမှုအလွဲများကြောင့်ဟု လက်ညှိုးထိုး ပြစ်တင်လေ့ရှိသူ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ မြန်မာ့စီးပွားရေး အပေါင်းလက္ခဏာပြခဲ့သည်ဟု ဆိုသည်။ 

၎င်းတို့တာဝန်စယူချိန်တွင် စီးပွားရေးမှာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း ၂၀၂၃ – ၂၄ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းအထိပင် တိုးတက်ခဲ့သည်ဟု ဇန်နဝါရီ ၂၉ ရက်နေ့က အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုသည်။​ ကချင်၊ ကယားနှင့် ရခိုင်ပြည်နယ်တို့မှလွဲ၍ ကျန် တိုင်းနှင့်ပြည်နယ် အားလုံးတွင် အပေါင်းလက္ခဏာပြခဲ့သည်ဟုလည်း ဆိုသည်။​

မူဝါဒအလွဲများက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေနိုင်သည်ဟု ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။ 

ရန်ကုန်ကဲ့သို့သော မြို့ကြီးများ၌ပင် ဆန်ဆီတိုးဝယ်နေရသည့် မြင်ကွင်းများက စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး၏အခြေအနေကို ညွှန်ပြနေသည်။ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများအရ စီးပွားရေးနာလန်ထူရန် မလွယ်ပေ။

ဒေါ်လာအကျပ်အတည်းနှင့် ကုန်သွယ်ရေးကျဆင်းမှု 

စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ကျဆင်းကာ အမေရိကန်ဒေါ်လာဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်။ အရပ်သားအစိုးရလက်ထက် ၂၀၂၁ ဇန်နဝါရီတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ခန့်သာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးသုံးနှစ်အကြာ လက်ရှိအချိန်၌ ကျပ် ၃၅၀၀ ဝန်းကျင်ဖြစ်နေသည်။

စစ်ကောင်စီ၏ တစ်နေ့တစ်မျိုးမရိုးနိုင်သော စီမံခန့်ခွဲမှုအလွဲအမှားများကြောင့် ဒေါ်လာရှားပါးလာမှုသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြထားသည်။

စစ်ကောင်စီက ဒေါ်လာရှားပါး ပြတ်လပ်မှုကို ကာမိစေရန် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ယွမ်၊ ထိုင်းဘတ်ငွေနှင့် အိန္ဒိယရူပီးငွေတို့ကို တိုက်ရိုက်သုံးစွဲစေခဲ့ရာ စျေးကွက်အတွင်း ထိုငွေကြေးများလည်း ဈေးနှုန်းတက်နေသည်။

အာဏာသိမ်းသုံးနှစ်အတွင်း နိုင်ငံခြားငွေလဲနှုန်းနှင့် စက်သုံးဆီဈေးနှုန်း ခြားနားချက်။

ပြီးခဲ့သည့် နှစ်လယ်ပိုင်းတွင် စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်များ ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ကျပ်ငွေတန်ဖိုး တလိမ့်ခေါက်ကွေးကျဆင်းသွားကာ ငွေကြေးဖောင်းပွနှုန်း ဆက်မြင့်တက်လာသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းသည်လည်း စစ်ကောင်စီထိန်းချုပ်ဈေး၊ မှောင်ခိုဈေးဟူ၍ အမျိုးမျိုးကွဲပြားလာသည်။ အာဏာပိုင်များနှင့် ပေါင်း၍ တရားဝင်ဈေးနှင့် တရားမဝင်ဈေးကြား အမြတ်ထုတ်နေသူများရှိနေပြီး ကုန်သည်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များအနေဖြင့် ဒေါ်လာဈေးရိုက်ခတ်မှုကို ခါးစည်းခံနေရသည်။

ဒေါ်လာရှားလာခြင်းကြောင့် ဒေါ်လာဖြင့် ဝယ်ယူရသည့် ပြည်ပသွင်းကုန်များကို စစ်ကောင်စီက ကန့်သတ် ပိတ်ပင်ထားသည်။ ပို့ကုန်ရငွေရှိသလောက်သာ ပြန်လည်တင်သွင်းခွင့်ပြုကာ သွင်းကုန်လိုင်စင်ကန့်သတ်ချက်ကြောင့် ကုန်ကြမ်းပစ္စည်းနှင့် အခြားကုန်ပစ္စည်းများ အကြီးအကျယ်ပြတ်လပ်နေသည်။ ကုန်စျေးနှုန်းကြီးမြင့်မှုသည်လည်း ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။

“Export (ပို့ကုန်ရငွေပမာဏ) အပေါ် မူတည်ပြီး Import (သွင်းကုန်) ကို ပါမစ်ချပေးတာဆိုတော့ ပါမစ်တွေ မကျဘူးပေါ့။ အဲ့ဒီတော့ ပုံမှန်လုပ်နေသူတွေအကုန်လုံးက ပုံမှန်သွင်းနေတဲ့ ပစ္စည်းတွေ မသွင်းရတဲ့အခါ အကုန်ပြတ်လပ်ကုန်တယ်။ အရောင်းအဝယ်လည်း မကောင်းဘူး” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ သွင်းကုန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် ပြည်ပသွင်းကုန်ကို အဓိကမှီခိုနေရသည်ဖြစ်ပြီး သွင်းကုန်များပိတ်ပင်ထားခြင်းကြောင့် ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် မော်တော်ကားတပ်ဆင်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ အကြီးအကျယ်အကျပ်ရိုက်ခတ်နေသည်ဟု ၎င်းက ဆိုသည်။

သွင်းကုန်ကြမ်းဈေးကြီး၍ တွက်ခြေမကိုက်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ ကောင်းစွာ မလည်ပတ်နိုင်သလို လျှပ်စစ်ကားမှလွှဲ၍ လောင်စာဆီသုံးကားနှင့် အစိတ်အပိုင်းများကို တင်သွင်းခွင့်ပိတ်ထားခြင်းကြောင့် နာမည်ကြီးဂျပန်ကားကုမ္ပဏီ တိုယိုတာ၊ ဆူဇူကီး စသည်တို့ အပါအဝင် ကားကုမ္ပဏီ ၃၀ ကျော် ငုတ်တုတ်မေ့နေသည်ဟု သိရသည်။

စစ်ကောင်စီက သွင်းကုန်ကန့်သတ်သလို ပို့ကုန်မှ ရသည့် နိုင်ငံခြားငွေကို အောက်ဈေးဖြင့် လဲယူနေခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်လာကာ တင်ပို့နိုင်စွမ်းကျဆင်းလာသည်ဟု အထက်ပါ သွင်းကုန်လုပ်ငန်းရှင်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီဘက်က နယ်မြေအများအပြား လက်လွှတ်ခဲ့ရသည့်အပြင် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း နယ်မြေထိန်းချုပ်နိုင်မှု လျော့ကျလာသဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားခြင်းကြောင့် ကုန်သွယ်မှုရပ်ဆိုင်းသွားကာ ပို့ကုန်မှရရှိသည့် ဒေါ်လာဝင်ငွေ နည်းသွားသည်ဟု သွင်းကုန်လုပ်ငန်းရှင်ထံမှ သိရသည်။

စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ လက်ရှိ ဘဏ္ဍာနှစ် ၂၀၂၃-၂၄ ဇန်နဝါရီ လဆန်းပိုင်းအထိ ဒေါ်လာ ၂၃ ဘီလျံဖိုး ကုန်သွယ်ခဲ့သည်ဟုဆိုရာ ယခင်ကာလတူနှင့် ယှဉ်ပါက ကုန်သွယ်မှုတန်ဖိုး ၂ ဒသမ ၆ ဘီလျံ ကျသွားသည်ကို တွေ့ရသည်။ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ကျဆင်းသွားသည်။

ပို့ကုန်ရ ဒေါ်လာနှင့် သွင်းကုန်ထိန်းချုပ်မှုကြောင့် စစ်ကောင်စီလက်ထက်တွင် ကုန်သွယ်မှုတန်ဖိုးမှာ ဘီလျံချီ ကျဆင်းနေသည်။

ပို့ကုန်ရ ဒေါ်လာနှင့် သွင်းကုန်ထိန်းချုပ်မှုကြောင့် စစ်ကောင်စီလက်ထက်တွင် ကုန်သွယ်မှုတန်ဖိုးမှာ ဘီလျံချီကျဆင်းနေသည်။

စစ်ခေါင်းဆောင်ကမူ ကုန်သွယ်ရေးလိုငွေမြင့်တက်မှုနှင့် ပတ်သက်၍ ယခင်အစိုးရနှစ်ဆက်ကို ပြစ်တင်ဝေဖန်ထားသည်။  

ဦးသိန်းစိန်လက်ထက် ၂၀၁၁ မှ ၂၀၁၆ အထိ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၂ ဘီလျံကျော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဒေါ်လာ ၁၂ ဒသမ ၆၁ ဘီလျံအထိ လိုငွေပြခဲ့ကြောင်း၊ ကုန်သွယ်ရေးလိုငွေပြခြင်းကို နိုင်ငံတကာထောက်ပံ့ငွေ၊ ကူညီငွေ၊ ချေးငွေများဖြင့် ဖြေရှင်းခဲ့ကြောင်း စစ်ခေါင်းဆောင်က လွန်ခဲ့သည့်နှစ်လယ်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အကျပ်ရိုက်စေခဲ့သော နိုင်ငံတကာပိတ်ဆို့မှုများ

စီးပွားရေးအခြေအနေအရပ်ရပ် ကျဆင်းနေချိန် စစ်ကောင်စီကို ပို၍အကျပ်ရိုက်စေခဲ့သည်မှာ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများဖြစ်သည်။ 

အာဏာသိမ်းပြီးစ အချိန်မှစ၍ စစ်ဗိုလ်ချုပ်ကြီးများကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုများ ဆက်တိုက်ချမှတ်ခဲ့သည်။ အာဏာသိမ်းထားသည့် စစ်ဗိုလ်ချုပ်ကြီးများကိုသာမက ၎င်းတို့နှင့် နီးစပ်သူ စီးပွားရေးသမားများ၊ ကုမ္ပဏီများနှင့် နိုင်ငံပိုင်အဖွဲ့အစည်းများလည်း ပိတ်ဆို့အရေးယူခံရသည်။

အရေးယူပိတ်ဆို့မှုပေါင်းများစွာအနက် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အခရာအကျဆုံးသော နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ အရေးယူခံရခြင်းက စစ်ကောင်စီကို လွန်စွာအကျပ်ရိုက်စေခဲ့သည်။

စစ်ကောင်စီအတွက် နှစ်စဉ် ဒေါ်လာဘီလျံချီ ဝင်ငွေရှာဖွေပေးနေသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် နိုင်ငံခြားသုံးငွေစီမံရေးတွင် အရေးပါဆုံးသော ဘဏ်ကြီးနှစ်ခု ပိတ်ဆို့ခံရပြီးနောက် ပြည်ပတွင် ဒေါ်လာသန်း ၅၀၀ ကျော် ပိတ်မိခဲ့ရာ လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်စေခဲ့သည်အထိ စစ်ဗိုလ်ချုပ်ကြီးများကို ခေါင်းခဲစေသည်။

လွန်ခဲ့သည့်နှစ် ဇွန်လအတွင်း ထိုဘဏ်ကြီးနှစ်ခုကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ပြီးနောက် စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘဏ်ကြီးများက စစ်ကောင်စီနှင့် ပတ်သက်သော နိုင်ငံခြားငွေနှင့် ဘဏ်စာရင်းများကို စတင်ကန့်သတ်ခဲ့ရာ စစ်ကောင်စီအခက်တွေ့ခဲ့သည်။

နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေသုံးစွဲမရဖြစ်နေကာ ကုန်သွယ်ရေးလုပ်ငန်းများတွင် ငွေပေးချေရန် အခက်အခဲဖြစ်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံခဲ့ရသည်။ ၎င်းတို့တာဝန်ယူချိန်တွင် နိုင်ငံတကာက အမျိုးစုံပိတ်ဆို့လာသည်ဟု ၂၀၂၃ ခုနှစ် ဇွန်လကုန်ပိုင်းက အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ခြင်းပင်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခန်းခြောက်သွား

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတကာကုမ္ပဏီကြီးများ တစ်ခုပြီးတစ်ခု မြန်မာနိုင်ငံမှ ထွက်ခွာသွားကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း တဖြည်းဖြည်းခန်းသည်ထက်ခမ်းလာခဲ့သည်။ အာဏာသိမ်းလအတန်ကြာကတည်းက နိုင်ငံတကာမှ နာမည်ကြီးကုမ္ပဏီများ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

စစ်အာဏာသိမ်းသည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုခဲ့သလို နောက်ပိုင်းတွင် ဒေါ်လာသန်းရာထောင်ချီ ခွင့်ပြုပေးခဲ့ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အမှန် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအခြေအနေ။

ထိုပမာဏမှာ ရင်းနှီးမြှုပ်နှံသူက အဆိုပြုတင်ပြသည့် စီမံကိန်းများကို ခွင့်ပြုမိန့်ထုတ်ပေးခြင်းသာဖြစ်ပြီး ငွေကြေးများထည့်ဝင်ကာ အမှန်တကယ်ဝင်ရောက်လုပ်ကိုင်သည့် အရေအတွက် အလွန်နည်းပါးသည်ကို လေ့လာတွေ့ရှိရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော် ခွင့်ပြုခဲ့သော်လည်း ဒေါ်လာ ၁ ဘီလျံကျော်သာ အမှန်တကယ်စီးဝင်လာသဖြင့် ခွင့်ပြုပမာဏ၏ ၂၈ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။

အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ အဆက်အသွယ်နှင့် အကူအညီများ တိုးတက်ခဲ့ရာ အာဏာမသိမ်းခဲ့ပါက ရင်းနှီးမြှုပ်နှံမှုဆက်တိုက်စီးဝင် စီးပွားရေးအရှိန်ရနေမည်ဟု ကုန်သည်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်ရှင်း*က မှတ်ချက်ပြုသည်။

“ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ ဗီယမ်နမ်နိုင်ငံတောင်မှ တက်သွားတယ်။ လက်တွေ့ပါ။ ဒီမိုကရေစီအစိုးရက အုပ်ချုပ်လို့တိုးတက်သွားရင် ရင်းနှီးမြှုပ်နှံမှုတွေ၊ ပို့ကုန်တွေဆိုတာ ပလူတွေပျံနေမှာ။ (မြန်မာကုန်သည်တွေလည်း) နိုင်ငံတကာမှာ ရောင်းဝယ်ဖောက်ကား၊ ဒါမျိုးတွေရှိနေကြမှာပါ” ဟု ၎င်းက ပြောသည်။

မသေချာမရေရာမှုများ၊ စိုးရိမ်စိတ်များဖြင့် ရှင်သန်နေထိုင်ရသည့်အခြေအနေတွင် ကုမ္ပဏီရပ်တည်ရေးအတွက် လက်ငုတ်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေရသော်လည်း တိုးတက်မည့်အလားအလာမရှိဟုလည်း ဦးသက်ရှင်းက ထင်မြင်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာကို ကျောခိုင်းသွားသလို စစ်ကောင်စီအဖွဲ့များနှင့် အဓိကဝင်ရှာဖွေပေးနေသည့် အဓိကစီးပွားရေးလုပ်ငန်းများကို အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံတို့က လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများ ထောက်ပြပြီး ပစ်မှတ်ထားပိတ်ဆို့ခဲ့သည်။

“ကမ္ဘာကြီးကနေ ပိတ်ဆို့လျစ်လျူရှုထားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့က ရှင်သန်ရပ်တည်နိုင်ဖို့ မလွယ်ဘူး။ အဖွဲ့အစည်းတစ်ခုအနေနဲ့ ရှင်သန်ရပ်တည်ဖို့ မလွယ်နိုင်ဘူး” ဟု ဦးသက်ရှင်းက ဆိုသည်။

အရေးယူပိတ်ဆို့မှုများနှင့် အထီးကျန်ဖြစ်မှုကို ခံနိုင်ရည်ရှိကြောင်း၊ မိတ်ဆွေအချို့နှင့် ရှေ့ခရီးဆက်မည်ဖြစ်ကြောင်း အာဏာသိမ်းပြီးစတွင် စစ်ဗိုလ်ချုပ်ကြီးများက လေလုံးထွားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် အစ္စရေးထောက်လှမ်းရေးဟောင်း ဦးဆောင်သည့် လော်ဘီအဖွဲ့တစ်ဖွဲ့ကို ဝန်ဆောင်ခ ဒေါ်လာနှစ်သန်း သဘောတူညီချက်ဖြင့် ငှားရမ်းခဲ့ကြောင်း ပေါ်ပေါက်ခဲ့ရာ စစ်ကောင်စီအရှက်ကွဲခဲ့သည်။

အာဏာသိမ်းပြီး သုံးနှစ်ပြည့်မြောက်ချိန် လက်ရှိအချိန်ထိလည်း လက်ကျန်နိုင်ငံတကာကုမ္ပဏီများ ဆက်လက်ထွက်ခွာနေသည်ဟု နည်းပညာကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်ကျော်ကပင် ပြောသည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ထည့်သွင်းစဉ်းခြင်းပင် မရှိတော့ဟု ဆိုသည်။

“ပြည်တွင်းလုပ်ငန်းတွေက အကန့်အသတ်နဲ့ လုပ်နေကြရတယ်။ FDI (နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ) မရှိတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမယ့် တွန်းအားတွေ မရှိတော့ဘူး ဖြစ်နေတယ်။ ​အဲ့ဒီတော့ တိုင်းပြည်စီးပွားရေးက တဖြည်းဖြည်း ကျုံ့လာတဲ့အခြေအနေရှိတယ်”

လျှပ်စစ်မီး၊ အလုပ်လက်မဲ့နှင့် အထွေထွေအကျပ်အတည်း

အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများလက်ထက်တွင် လူမျိုးဘာသာမရွေးခံစားနေရသည့် အခြားသော အကျပ်အတည်းတစ်ခုမှာ လျှပ်စစ်မီးပြတ်တောက်ခြင်းဖြစ်ကာ အလှည့်ကျစနစ်ဖြင့်ပင် မီးပေနိုင်ခြင်း မရှိတော့ဘဲ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အချိန်ပြည့်နီးပါး မီးပြတ်နေတတ်သည်။

ကျွဲကူးရေပါဆိုသလို အခြားသော အကျပ်အတည်းမျိုးစုံလည်း ပေါ်ပေါက်လာသည်။

မီးမှန်အောင် မပေးနိုင်သဖြင့် စီးပွားရေးလုပ်ရန်မဆိုထားနှင့် ကုမ္ပဏီပိုင်ရှင်များကိုယ်တိုင် ငွေထုပ်ပိုက်ကာ ဆီလိုက်ရှာနေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်သည်။ ဆီဝယ်ယူသည့်ကိစ္စသည် ယခင်က သာမန်ဝန်ထမ်းများလုပ်ခဲ့သော၊  ကုမ္ပဏီပိုင်ရှင်သူဌေးများ ထည့်သွင်းစဉ်းစားရန် မလိုအပ်သည့် လုပ်ငန်းများဖြစ်သည်။

ပြည်ပမှ စက်သုံးဆီတင်သွင်းရာ ဓာတ်ဆီတင်သွင်းမှုတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း၊ ဒီဇယ်တင်သွင်းမှု၏ ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီက ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းဖြင့် ရောင်းပေးပြီး ပြည်တွင်းဈေးကွက်ကို ဖြန့်ဖြူးစေခဲ့ရသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထိုအစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။

မီးမှန်အောင် မပေးနိုင်၍ မီးစက်အားထားသုံးနေရသည့် စက်မှုဇုန်များအတွက် လောင်စာဆီခွဲတမ်းကို ရပ်ဆိုင်းလိုက်ရာ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ဝယ်သုံးရပြီး ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာသည်။

စစ်အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ဖေဖော်ဝါရီတွင် စုစုပေါင်းလူဦးရေ၏ ၅၀ ရာခိုင်နှုန်း မီးပေးနိုင်သော်လည်း စစ်ကောင်စီလက်ထက်တွင် အလှည့်ကျစနစ်ဖြင့် အချိန်ပိုင်းမီးပေးနေရသည်။

လျှပ်စစ်မီးလာသည့် အခြေအနေအပေါ် မူတည်၍ စက်မှုဇုန်များတွင် လစဉ် စက်သုံးဆီလိုအပ်ချက်သည် တန်ချိန် ၂၅,၀၀၀ ဝန်းကျင်ရှိနိုင်သည်ဟု ရန်ကုန်မြို့မှ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။ မြန်မာ့ကုန်ထုတ်စွမ်းအား ကျပြီးရင်းကျနေကြောင်း အမေရိကန်အခြေစိုက် S&P Global အဖွဲ့၏ ကုန်ထုတ်လုပ်မှုအညွှန်းကိန်းများတွင် တွေ့ရသည်။

အရပ်သားအစိုးရလက်ထက်က နေ့စဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၄၀၀၀ ခန့်ရှိသော်လည်း အာဏာသိမ်းပြီးနောက်တွင် မဂ္ဂါဝပ် ၂၀၀၀ ဝန်းကျင်သာ ရှိတော့သည်။​ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား ပြတ်ခြင်းမှာ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်သည်ဟု စစ်ကောင်စီက အကြောင်းပြသည်။

နိုင်ငံရေးအခြေအနေအရ ဖိအားမျိုးစုံရင်ဆိုင်နေရချိန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်း၊ လျှပ်စစ်မီး အကြီးအကျယ်ပြတ်တောက်ခြင်း စသည့်အကြောင်းများကြောင့် အလုပ်လက်မဲ့မှုနှုန်း မြင့်တက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်လက်အောက်တွင် အကျပ်အတည်းပေါင်းစုံနှင့်အတူ နိုင်ငံတကာဖိအားများကို အဆက်မပြတ်ရင်ဆိုင်လာရသည့်အတွက် လူဦးရေးများများ အလုပ်ပေးနိုင်သော နိုင်ငံတကာအထည်ချုပ်လုပ်ငန်းများလည်း နိုင်ငံတွင်းက ဆက်တိုက်ထွက်ခွာနေကြသည်။

အလုပ်အကိုင် အခွင့်အလမ်းနည်းလာခြင်းနှင့်အတူ ထောင်ပေါင်းများစွာသော လူငယ်လူရွယ်များလည်း ပြည်တွင်း၌ ဘဝမျှော်လင့်ချက်မဲ့လာသောကြောင့် ရရာအလုပ်ဖြင့် နိုင်ငံခြားထွက်အလုပ်လုပ်နိုင်ရေးသည်သာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့တွင် နေ့စဉ်တန်းစီနေသော လူအုပ်ကြီးများက အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေကို ပြဆိုနေသည်။​

“လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေသလိုပဲ၊ စီးပွားရေးလုပ်ငန်းရှင် တော်တော်များများလည်း တိုင်းပြည်ပြင်ပမှာ ကိုယ့်ရဲ့ငွေတွေကို ရွှေ့ကြတယ်။ အဲ့ဒီတော့ Brain Drain ဆို့တဲ့ ဦးနှောက်ယိုစီးခြင်းအပြင် Capital flight လို့ ခေါ်တဲ့ ဥစ္စာဓနရွှေ့ပြောင်းခြင်းတွေပါ ဖြစ်လာတယ်” ဟု ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်ကျော်က ထောက်ပြသည်။

ပြည်တွင်း၌ လုပ်ရကိုင်ရခက်ခဲလာသဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များသည် ထိုင်း၊ စင်ကာပူနိုင်ငံများသို့ လုပ်ငန်းရွှေ့ပြောင်းမှုများရှိကြောင်း၊ တောင့်ခံလည်ပတ်သူများရှိသော်လည်း မည်မျှကြာကြာခံမည်ကို မသိကြောင်းလည်း ၎င်းက ဆိုသည်။

မိမိ၏အဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသော စစ်ဗိုလ်ချုပ်များသည် နိုင်ငံကို စီမံအုပ်ချုပ်ရာတွင်လည်း ညံ့ဖျင်းသလို၊ နိုင်ငံ၏ စီးပွားရေးအခက်အခဲ ပြေလည်စေရန် ဖြေရှင်းနိုင်သည့် အရည်အချင်းမရှိဟု အွန်လိုင်းလူမှုကွန်ရက်တွင် အများအပြားက မှတ်ချက်ချကြသည်။

စစ်ဗိုလ်ချုပ်များ စီးပွားရေးစီမံခန့်ခွဲနိုင်ခြင်း မရှိသဖြင့် စစ်ရေးကျွမ်းကျင်မှုကို မေးခွန်းထုတ်လျှင်လည်း ပြီးခဲ့သည့်လများအတွင်း စစ်စခန်းများ၊ ထိန်းချုပ်နယ်မြေများ စွန့်လွှတ်လိုက်ရသည့် အခြေအနေများက အဖြေပေးနေသည်ဟု ဝေဖန်ကဲ့ရဲ့ခံနေရသည်။

နိုင်ငံရေးသာမက စီးပွားရေးအရပါ မျှော်လင့်ချက်မဲ့နေသော်လည်း လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာလုယူခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ အခက်အခဲများအတွက် အပြစ်တင်စရာ ရှိနေသည်။

အာဏာသိမ်းမှု သုံးနှစ်ပြည့်ရန် ရက်ပိုင်းအလို ဇန်နဝါရီ ၂၉ ရက်နေ့က ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် တိုင်းပြည်စီးပွားရေးကျဆင်းခဲ့သည်မှာ ၎င်းတို့အပြစ်မဟုတ်ကြောင်း ပြောဆိုသည်။ ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများနှင့် နိုင်ငံတကာမှ အပြုသဘောမဆောင်သည့် တုံ့ပြန်မှုများသာ မရှိခဲ့ပါက စီးပွားရေးအခြေအနေ အဆများစွာ တိုးတက်နေမည်ဟု ဆိုသည်။ 

(*လုံခြုံရေးအရ အမည်လွှဲဖော်ပြထားပါသည်။)

Show More

Related Articles

Back to top button