အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာအလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ဟု ILO ထုတ်ပြန်

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကို တွန်းလှန်‌နေရချိန် စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံတွင် ၂၀၂၁ အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်သည်။

စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်ရှိပြီဖြစ်သော်လည်း အလုပ်သမားဈေးကွက်မှာ ထိလွယ်ရှလွယ်အခြေအနေရှိနေဆဲဖြစ်သည်ဟုလည်း ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန်သည့် ILO ၏ မြန်မာအလုပ်အကိုင်အကဲဖြတ်ချက်အစီရင်ခံစာက ဆိုသည်။ 

“နှစ်အတန်ကြာ အလုပ်သမားဈေးကွက်တိုးတက်မှုတွေက ပြောင်းပြန်ဖြစ်သွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအတိုင်းဆက်သွားရင် နိုင်ငံတစ်ဝန်း မလုံခြုံမှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေတိုးလာမဲ့ အခြေအနေဆီကိုသာ ဦးတည်သွားနိုင်ပါတယ်” ဟု ILO (မြန်မာ) ဆက်သွယ်ညှိနှိုင်းရေးကိုယ်စားလှယ် မစ္စတာ Donglin Li က ထုတ်ပြန်ချက်တွင် ပြောသည်။

နိုင်ငံတကာဆောက်လုပ်ရေးစီမံကိန်းများ ရပ်ဆိုင်းမှုကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၃၅၀,၀၀၀ အလုပ်အကိုင်ဆုံးရှုံးခဲ့သလို အထည်ချုပ်လုပ်သား ၂၂၀,၀၀၀ နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အလုပ်သမား ၈၀,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း ILO က ဆိုသည်။ 

အခြားအလုပ်အကိုင်ဆုံးရှုံးခဲ့သော လုပ်ငန်းခွင်နယ်ပယ်များကိုမူ ILO ၏ အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ 

အလုပ်သမားထု၏ ထက်ဝက်ကျော်ဖြစ်သော လယ်ယာလုပ်သားများကို အကြီးမားဆုံးရိုက်ခတ်ခဲ့ပြီး ဝင်ငွေကျဆင်းမှု၊ ပို့ကုန်ကျဆင်းမှုနှင့် သွင်းအားစုများဈေးနှုန်းမြင့်တက်မှု၊ ချေးငွေအကန့်အသတ်ရှိမှုအပြင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုအခြေအနေများကို ရင်ဆိုင်ခဲ့ရကြောင်း ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အစိုးရဌာနများ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလုပ်ငန်းနယ်ပယ်တို့မှ အလုပ်သမား ထောင်ပေါင်းများစွာအပေါ် သက်ရောက်ပြီး အရေးကြီးသည့် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင်လည်း အလုပ်ရပ်ဆိုင်းမှု၊ ဆိုင်းငံ့မှုနှင့် ထုတ်ပယ်မှုများရှိနေကြောင်း ILO က ဆိုသည်။​

စစ်အာဏာမသိမ်းမီက အလုပ်သမားများအနေဖြင့် အနိမ့်ဆုံးအခြေခံလုပ်ခလစာတိုးမြှင့်လာမည်ဟု မျှော်လင့်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁ နောက်ပိုင်းအခြေအနေကြောင့် သဲထဲရေသွန်ဖြစ်သွားကာ ရှိရင်းစွဲ အလုပ်အကိုင်များပင် ဆုံးရှုံးသွားသည်ဟု ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ အမည်မဖော်လိုသူ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေက အလုပ်ရှာမရလို့ အိမ်ပြန်တဲ့လူတွေများတယ်။ အိမ်ပြန်၊ နယ်ပြန် ရှိတဲ့အလုပ်၊ ကောက်စိုက်တာပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ အရင်တုန်းက အလုပ်တွေကိုပဲ ပြန်ဖြစ်သွားတယ်။ တချို့ဆို ဒီမှာ မရရင် ရတဲ့အလုပ်လိုက်ရှာရင်လည်း ဖိအားတွေပေး၊ OT (အချိန်ပို) မပေးဘဲ ခိုင်းတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်များပိတ်သိမ်းရာတွင် ဥပဒေအရ စည်းကြပ်မှုအားနည်းသောကြောင့် အလုပ်သမားများ ရသင်ရထိုက်သည့် အခွင့်အရေးများဆုံးရှုံးနေကြောင်း၊ နေ့စဉ်နှင့်အမျှ စက်ရုံအလုပ်ရုံများတွင် အလုပ်ရှာသူအများအပြားတွေ့ရပြီး အလုပ်ပေးနိုင်သည့် ပမာဏနှင့် အလုပ်ရှာသူ မမျှမတဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ခရီးသွားလုပ်ငန်းမှာ ပြည်တွင်းခရီးစဉ်အချို့ ပြန်စလာပြီဖြစ်သော်လည်း ရာနှုန်းပြည့်နီးပါး ရပ်တန့်နေဆဲဖြစ်၍ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများသည် အခြားစီးပွားရေးလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Myanmar Now ကို ပြောသည်။ 

“အကုန်လုံးက ဒီအချိန်မှာ ဝန်ထမ်းတွေ လျှော့ချတယ်။ ရုံးခန်းတွေ ပိတ်တယ်။ ငှားထားတဲ့ ရုံးခန်းတွေဆိုရင် ပြန်အပ်လိုက်တယ်ပေါ့နော်။ ရုံးခန်းအပိုင်ရှိတဲ့သူတွေလည်း ပိတ်ထားတယ်။ ဒီဝန်ထမ်းတွေကို လျှော့ချလိုက်ပြီး တစ်ယောက်၊ နှစ်ယောက်နဲ့ပဲ ဆက်ပြီး တေးထားတာရှိတယ်” ဟု ၎င်းက ဆိုသည်။ 

နိုင်ငံရေးနှင့် ကပ်ရောဂါအခြေအနေကြောင့် ခရီးသွားဈေးကွက်ပြန်စနိုင်မည့်အချိန်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button