တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်ခံရခြင်းနှင့် ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခံရမှု သတင်းများ ထွက်ပေါ်လာခဲ့သည်။ လက်ရှိတွင် တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် အလုပ်သမား ၅၀ ကို ပြန်လွှတ်ပေးရန်နှင့် ၎င်းတို့၏ ရပိုင်ခွင့်များကို လေးစားလိုက်နာရန် မြန်မာအလုပ်သမားအရေး ကူညီစောင့်ရှောက်ပေးနေသည့်အဖွဲ့က တရုတ်အာဏာပိုင်များထံ ဆက်သွယ်တောင်းဆိုထားသည်။
တောင်ငူမြို့အခြေစိုက် မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (‘Save the Trees Rescue Team’) အဖွဲ့၏ ဥက္ကဋ္ဌ ကိုကျော်သူရက အဆိုပါ ဖြစ်စဉ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကြူကုတ် (ပန်ဆိုင်း) မြို့နှင့် ကပ်လျက် တရုတ်နိုင်ငံ ဝမ်တိန်မြို့ရှိ ‘Ruili City Xinqiang Garment Co., Ltd.’ အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းစက်ရုံသည် ပြည်ပပို့ကုန်အမှတ်တံဆိပ်များ အဓိကထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများဖြင့် အဓိက လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။ စက်ရုံတွင် ရန်ကုန်နှင့် မကွေးတိုင်းဒေသကြီးတို့မှ လာရောက်သည့် မြန်မာအလုပ်သမား ၃၀၀ မှ ၄၀၀ ကြား လုပ်ကိုင်နေပြီး တရုတ်လူမျိုး အမှုဆောင်နှင့် ကြီးကြပ်ရေးမှူး ခုနစ်ဦးပါဝင်သော စီမံခန့်ခွဲမှုအဖွဲ့က တိုက်ရိုက်ကိုင်တွယ်နေခြင်း ဖြစ်သည်ဟု စက်ရုံရှိ မြန်မာအလုပ်သမားများထံက သိရသည်။
ကိုကျော်သူရ၏ အဆိုအရ စက်ရုံဘက်က အလုပ်သမားများ၏ လုပ်ခလစာများကို မတရား ဖြတ်တောက်ခြင်း၊ ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်ပိတ်ရက်များ ငြင်းဆန်ခြင်းနှင့် အချိန်ပို (OT) ဆင်းကြေးများကို အပြည့်အဝမပေးဘဲ ဖြတ်တောက်ခြင်းစသည့် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးများကို အစဉ်တစိုက် ချိုးဖောက်နေခဲ့ကြောင်း သိရသည်။
အလုပ်သမားများ၏ ပြောပြချက်အရ ပြီးခဲ့သည့် မေလအတွင်းတွင် ဖြစ်ပွားခဲ့သော အလုပ်ရှင်အလုပ်သမား ပဋိပက္ခသည် လပေါင်းများစွာကြာ စက်ရုံဘက်က စနစ်တကျ ပစ်ပယ်ထားခဲ့မှုများကြောင့် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက စက်ရုံတစ်ခုလုံးတွင် ရေပြတ်လပ်မှု ဖြစ်ပွားခဲ့ရာ အလုပ်သမားများသည် သောက်ရေနှင့် သုံးရေ မရှိဘဲ တစ်ပတ်နီးပါး ဒုက္ခရောက်ခဲ့ကြသည်။ အလုပ်သမားများက ရေရရှိရန် ဝိုင်းဝန်းဖိအားပေး တောင်းဆိုကြသဖြင့် စက်ရုံစီမံခန့်ခွဲသူများက ၎င်းတို့အား စက်ရုံအနီးရှိ ဝမ်တိန်မြစ်အတွင်း သွားရောက်ရေချိုးခွင့်ပြုခဲ့သည်။ ထိုသို့ သွားရောက်စဉ် ဧပြီလ ၃ ရက်တွင် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးအလုပ်သမားတစ်ဦး မြစ်အတွင်း ရေနစ်ပျောက်ဆုံးသွားခဲ့သည်။
ရေနစ်မြုပ်သည့် မိန်းကလေးကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ပေးရန် အလုပ်သမားများက စက်ရုံတာဝန်ရှိသူများကို တောင်းပန်တိုက်တွန်းခဲ့သော်လည်း ၎င်းတို့၏ တောင်းဆိုချက်ကို လျစ်လျူရှုခဲ့ကြသည်။ ထို့အပြင် စက်ရုံဘက်က ၎င်းစက်ရုံတွင်ပင် လုပ်ကိုင်နေသည့် ရေနစ်ပျောက်ဆုံးသူ အမျိုးသမီးငယ်၏ မိသားစုဝင် လေးဦးကို ချက်ချင်း အလုပ်ထုတ်ကာ မြန်မာနိုင်ငံဘက်သို့ ပြန်လည်နှင်ထုတ်ခဲ့သည်။
“သေလား ရှင်လားလည်း မသိတော့ဘူး၊ ရှာလည်း မတွေ့တော့ဘူး။ သူတို့ မိသားစုထဲက လေးယောက်ကိုလည်း အလုပ်ထုတ်ပြီး မြန်မာဘက်ကို ပြန်ပို့လိုက်တယ်။ အလုပ်သမားတွေကတော့ အကြွေးတွေနဲ့ လာကြရတာ ဆိုတော့ အဆင်မပြေလည်း ဆက်လုပ်နေရတာ” ဟု မြန်မာအလုပ်သမား အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
အဆိုပါစက်ရုံသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားအများစုသည် တရားမဝင် အေဂျင်စီများနှင့် ချိတ်ဆက်ကာ လာကြသူများဖြစ်သည်။ ပွဲစားခအဖြစ် အလုပ်သမားတစ်ဦးလျှင် တရုတ်ယွမ်ငွေ ၅,၈၀၀ (မြန်မာကျပ်ငွေ သိန်း ၄၀ ခန့်) ပေးချေရပြီး စက်ရုံသို့ တိုက်ရိုက်ရောက်ရှိရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ပွဲစားခများကို အေဂျင်စီများက ကြိုတင်စိုက်ထုတ်ပေးထားခြင်းကြောင့် စက်ရုံဘက်က အကြွေးဆပ်ရန်အတွက် အလုပ်သမားတစ်ဦးချင်းစီ၏ လစဉ်လစာငွေထဲမှ ယွမ် ၇၀၀ စီ ဖြတ်တောက်ခဲ့သည်။
လတ်တလော ရွှေလီတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားတစ်ဦး၏ ရှင်းပြချက်အရ ၎င်းတို့၏ အခြေခံလစာမှာ တစ်လလျှင် ယွမ် ၁,၂၀၀ (မြန်မာငွေ ရှစ်သိန်းခွဲခန့်) သာရှိပြီး ကျွမ်းကျင်လုပ်သားဖြစ်လျှင် ယွမ် ၁,၈၀၀ အထိ ရရှိသည်။ သို့သော်လည်း စက်ရုံဘက်က အကြောင်းပြချက်မျိုးစုံ၊ ဒဏ်ကြေးအမျိုးမျိုးနှင့် ခရီးစရိတ်များ ဖြတ်တောက်ခြင်းကြောင့် လက်ကျန်လုပ်ခလစာ အနည်းငယ်သာရရှိကြသည်ဟု ပြောသည်။
ထိုကဲ့သို့သော ခေါင်းပုံဖြတ်မှုနှင့် လုပ်ငန်းခွင်ပင်ပန်းမှုတို့ကို သည်းမခံနိုင်တော့သည့်အဆုံး မေလ ၁၇ ရက်တွင် မြန်မာအလုပ်သမား သုံးဦး စက်ရုံမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ ထွက်ပြေးစဉ် စက်ရုံလုံခြုံရေးဝန်ထမ်းများက လိုက်လံဖမ်းဆီးပြီး သံတုတ်များဖြင့် သွေးထွက်သံယို ဖြစ်သည်အထိ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ စက်ရုံဘက်က ဒဏ်ရာရရှိထားသည့် အလုပ်သမားများကို ဆေးကုသမပေးသည့်အပြင် ၎င်းတို့အား မော်တော်ယာဉ်တစ်စီးအတွင်း ပိတ်လှောင်ထားခဲ့သည်။ ထို့အပြင် အဆိုပါ ဖြစ်ရပ် ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရန် ကျန်ရှိသည့် အလုပ်သမားအားလုံး၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းခဲ့သည်ဟု စက်ရုံအလုပ်သမားများနှင့် ကိုကျော်သူရတို့၏ ပြောပြချက်အရ သိရသည်။
ထွက်ပြေးသူများထဲမှ တစ်ဦးဖြစ်သည့် ကိုဝေယံထွန်းသည် ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသည်ကို ကျန်အလုပ်သမားများက မြင်တွေ့သွားပြီးနောက် စက်ရုံလုံခြုံရေးများနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။ ထိုစဉ် လုံခြုံရေးဝန်ထမ်းများသည် စက်ရုံသို့ လာရောက်လည်ပတ်သူတစ်ဦး၏ သုံးဘီးဆိုင်ကယ်ကို ခိုးယူထွက်ပြေးသွားခဲ့ကြသဖြင့် အဆိုပါ သုံးဘီးဆိုင်ကယ်ပိုင်ရှင်က ဒေသခံရဲတပ်ဖွဲ့ထံ ချက်ချင်း တိုင်ကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ စက်ရုံသို့ လာရောက်စစ်ဆေးစဉ် ဒဏ်ရာရရှိထားသည့် မြန်မာအလုပ်သမားများကို တွေ့ရှိပြီး ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း စက်ရုံပိုင်ရှင်နှင့် စီမံခန့်ခွဲသူများကိုမူ တစ်စုံတစ်ရာ အရေးယူခြင်း မရှိခဲ့ပေ။
စက်ရုံစီမံခန့်ခွဲသူများသည် ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် အလုပ်သမား သုံးဦးလုံးကို ချက်ချင်း အလုပ်ထုတ်ပစ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် စက်ရုံအတွင်းရှိ မြန်မာအလုပ်သမားတစ်ဦးက Myanmar Now ကို ပြောသည်။ ဇွန်လ ၃ ရက်တွင် အလုပ်ထုတ်ခံရသည့် သုံးဦးဘက်က ရပ်တည်ကာကွယ်ပေးခဲ့ကြသည့် ကျန်အလုပ်သမားများကို စက်ရုံဘက်က လက်တုံ့ပြန် အရေးယူရန် ကြိုးပမ်းလာသဖြင့် တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
“ပြဿနာဖြစ်တော့ သူဌေးက အလုပ်ထွက်ချင်ရင်ရတယ်၊ လစာမပေးဘူး၊ နင်တို့ကို ရဲအဖမ်းမခံရအောင် လုပ်ပေးမယ်၊ ပြန်ချင်ပြန်ဆိုပြီး ပြောတယ်။ အဲဒါနဲ့ တော်တော်များများက ထွက်မယ်ဆိုပြီး လုပ်ကြတော့ ရဲတွေရောက်လာပြီး ကားနဲ့စခန်းကို ပို့လိုက်တာ” ဟု အခြား မြန်မာအလုပ်သမားတစ်ဦးက Myanmar Now ကို ပြောသည်။
အလုပ်သမား ၅၅ ဦးက စက်ရုံ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသည့်နောက် ဇွန်လ ၄ ရက်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၎င်းတို့တစ်စုလုံးကို ဖမ်းဆီး၍ သက်ဆိုင်ရာ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျန်ရစ်သည့် အလုပ်သမားများ၏ ပြောပြချက်အရ ဖမ်းဆီးခံရသူ ၅၅ ဦးကို ရဲစခန်းတွင် လူဝင်မှုကြီးကြပ်ရေး (လ၀က) ဖောင်များ ဖြည့်ခိုင်းခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှင့်ပတ်သက်သည့် သတင်းအစအနတစ်စုံတစ်ရာ ထပ်မံမကြားရတော့ပေ။
ကိုကျော်သူရ၏ အဆိုအရ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ၅၅ ဦးအနက် ငါးဦးသာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ပြီး ကျန်ရှိသည့် အလုပ်သမား ၅၀ ဦးသည် တရုတ်ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းကို ဆက်လက်ခံထားရဆဲ ဖြစ်သည်။ ၎င်း၏ ကယ်ဆယ်ရေးအဖွဲ့သည် စက်ရုံတွင် ကျန်ရှိနေသည့် မြန်မာအလုပ်သမားအချို့၏ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ယခုဖြစ်စဉ်ကို သိရှိခဲ့ရခြင်းဖြစ်ပြီး၊ ကျန်ရှိသောအလုပ်သမားများသည် ဖမ်းဆီးခံရသူများနှင့် အလုပ်ထုတ်ခံရသူများအတွက် တရားမျှတမှု ရရှိရန် မျှော်လင့်နေကြသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမားများ၏ အခြေအနေနှင့် စွပ်စွဲချက်များအပေါ် တုံ့ပြန်ချက်ရရှိရန် Myanmar Now အနေဖြင့် ရန်ကုန်ရှိ တရုတ်သံရုံးထံသို့ အီးမေးလ်ပေးပို့ မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
“ဒီကိစ္စမှာ ကာယကံရှင်နဲ့ချိတ်ဆက်ပြီး လူကုန်ကူးမှု ဥပဒေနဲ့ အမှုဖွင့်နိုင်ဖို့တော့ ကြိုးစားနေတယ်။ တစ်ဖက်က တရုတ်ရဲနဲ့ သူဌေးကိုဖိအားပေးနိုင်ဖို့ အမှန်တရားတိုင်းဖြစ်ဖို့ လုပ်ခလစာတွေရဖို့၊ ဆေးကုသခွင့်တွေရဖို့ပေါ့။ ဖမ်းထားတယ်ဆိုလည်း အဓိပ္ပာယ်မရှိတာပေါ့ဗျာ” ဟု ကိုကျော်သူရက ပြောသည်။



