
စစ်အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံအကျပ်အတည်းဆိုက်နေသော မြန်မာနိုင်ငံတွင် မရေရာမှုများ ဆက်လက်မြင့်မားနေခြင်းကြောင့် ၂၀၂၁ နောက်ပိုင်း စီးပွားရေးအလားအလာကို မခန့်မှန်းနိုင်တော့ဘဲ ချန်လှပ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင် ဖော်ပြသည်။
နိုင်ငံပေါင်း ၁၅၀ ကျော်၏ စီးပွားရေးတိုးတက်မှုအခြေအနေကို ယခုလ ၇ ရက်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။
တာလီဘန်များသိမ်းပိုက်ထားသည့် အာဖကန်နစ္စတန်၊ ဆယ်စုနှစ်နှင့်ချီ ပြည်တွင်းစစ်ဖြစ်ပွားနေသော လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နှင့် လက်ဘနွန်တို့နှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို မခန့်မှန်းဘဲ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ချန်လှပ်ခံထားရသော်လည်း အာဆီယံဒေသတွင်းနိုင်ငံများ၏ စီးပွားရေးမှာမူ တက်ရိပ်ပြနေကာ ကမ္ဘောဒီးယား ၄ ဒသမ ၅၊ လာအို ၃ ဒသမ ၈၊ ထိုင်း ၂ ဒသမ ၉ နှင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် ၅ ရာခိုင်နှုန်းအထက် တိုးတက်နိုင်မည်ဟု အစီရင်ခံစာက ဆိုသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် ယူကရိန်းကို ကျူးကျော်သည့် ရုရှားစစ်ပွဲ နှစ်ခုပေါင်းရိုက်ခတ်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပိုနှေးကွေးနိုင်ပြီး ၂၀၂၁ တွင် ၅ ဒသမ ၇ ရာခိုင်နှုန်း ဖွံဖြိုးတိုးတက်ခဲ့ရာမှ ယခုနှစ်တွင် ၂ ဒသမ ၉ သာတိုးတက်ကိန်းရှိသည် ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို ကမ္ဘာ့ဘဏ်က နှစ်ကြိမ်ထက်မနည်း ထုတ်ပြန်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင် မခန့်မှန်းနိုင်တော့ကြောင်း ပြောဆိုလာသည်။
စစ်တပ်က အာဏာသိမ်းပြီး ခြောက်လအကြာ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
ယခုနှစ်အစောပိုင်းထုတ်ပြန်ချက်တွင် မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းသာ တိုးတက်ကိန်းရှိပြီး အလွန်စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယန်ရှာမန်က ပြောဆိုသည်။
“ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရှုထောင့်မှ စိုးရိမ်စရာတွေဖြစ်နေပြီး စီးပွားရေးလုပ်ငန်းအပေါ် နောက်ဆက်တွဲသက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေလုပ်ငန်း ၆၀ မှ ၇၀ ရာခိုင်နှုန်းကို ထိန်းသိမ်းလည်ပတ်နိုင်မည်ဟု လုပ်ငန်းရှင်များက ယုံကြည်ထားသော်လည်း စစ်ကောင်စီက မူဝါဒများကို အလျင်အမြန်ပြောင်းနေသဖြင့် အခက်အခဲကြုံနေကြာင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“စီးပွားရေးလုပ်ငန်းဆိုတာက သေချာရေရာပြီးတော့ ခန့်မှန်းတွက်ချက်နိုင်တဲ့အပေါ်မှာ အလုပ်လုပ်ရတာလေ။ အဲဒီတော့ ခန့်မှန်းတွက်ချက်မှု အားနည်းလာရင် အခုလိုမျိုး မူဝါဒပိုင်းဆိုင်ရာတွေ ပြောင်းလဲမှု လျင်မြန်တယ်၊ လျင်မြန်ပြီးတော့ ရုတ်ခြည်းလုပ်လာတဲ့အပေါ်မှာတော့ အခက်အခဲရှိနိုင်တယ်။ အခက်အခဲ တော်တော်ကြီးကြီးမားမားရှိနိုင်တယ်” ဟု သူက ဆိုသည်။
၂၀၂၂ ဧပြီ ၃ တွင် စစ်ကောင်စီက နိုင်ငံခြားငွေထိန်းချုပ်လိုက်ပြီးနောက် ပြည်တွင်းလုပ်ငန်းရှင်များသာမက တရုတ်နှင့် အခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုမြင့်တက်လာသည်ဟု ဆန်တင်ပို့မှုနှင့် အခြားစီးပွားရေးလုပ်ငန်းပေါင်းများစွာလုပ်ကိုင်သည့် ၎င်းက ဆိုသည်။
ရန်ကုန်ရှိ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှ ဝန်ထမ်းအကြီးအကဲတစ်ဦးကလည်း “ဒေါ်လာ ချမပေး။ တင်သွင်းခွင့်ပါမစ်လည်း ချမပေးတော့။ မီးကမလာ၊ ဓာတ်ဆီတောင် ရှာဝယ်နေရတယ်။ စီးပွားရေးက တပ်ပျက်နေပြီ” ဟု ညည်းတွားသည်။
ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများကပင် မခန့်မှန်းနိုင်တော့သည်အထိ မြန်မာ့စီးပွားရေးအခြေအနေ ယိမ်းယိုင်လျက်ရှိသော်လည်း အာဏာသိမ်းခေါင်းဆောင်ကမူ စီးပွားရေးမောင်းနှင်အားကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။
‘ပြည့်အင်အားသည် ပြည့်တွင်းမှာသာရှိကြောင်း’၊ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေး ပြည်ပမှ ဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းထုတ်ကုန် အားပေးရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောကြားချက်များကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။
ယခင်အစိုးရနှစ်ဆက်တွင် ကုန်သွယ်မှုလိုငွေ များစွာရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြစ်တင်ထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)