ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ထိခိုက်ခံစားခဲ့ရသည့် အနေအထားတွင် စစ်အာဏာသိမ်းမှုကြောင့် ကသောင်းကနင်းအခြေအနေများနှင့် မြန်မာ့စီးပွားရေးအခြေအနေမှာ အဘက်ဘက်မှ ချွတ်ခြုံကျလာလျက်ရှိသည်။
ကပ်ရောဂါကို တွန်းလှန်ကာ ၂၀၂၁ တွင် မြန်မာ့စီးပွားရေးတိုးတက်နှုန်း ၅ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှု ၁၀ ရာခိုင်နှုန်းအထိ ရှိလာမည်၊ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံးစီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ်က မတ်လကုန်တွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တိုင်းပြည်၏ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုအခြေအနေများ ယိမ်းယိုင်လာပြီး စီးပွားရေးကျဆင်းမှုနှင့်အတူ သန်းနှင့်ချီသော ပြည်သူများ ဆင်းရဲတွင်းနက်နိုင်ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးလျက်ရှိသည်။
ထို့အတူ ဒီမိုကရေစီအသွင်းကူးပြောင်းမှုနှင့်အတူ ကြိုးပမ်းခဲ့သည့် မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုမှာ လအနည်းငယ်အတွင်း ပြန်လည်ဆုံးရှုံးသွားနိုင်ပြီး တိုင်းပြည်လူဦးရေထက်ဝက်ခန့် ဆင်းရဲနွမ်းပါးခဲ့သည့် ၂၀၀၅ ခုနှစ်က အခြေအနေကို ဦးတည်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က သတိပေးထားသည်။
စီးပွားရေးပင်မကျောရိုး ဘဏ်များပြိုလဲနိုင်
စစ်အာဏာသိမ်းလိုက်ပြီးနောက် တိုင်းပြည်စီးပွားရေး ပင်မကျောရိုးဟုဆိုနိုင်သည့် ဘဏ်များအပေါ် လူထု၏ ယုံကြည်မှု လျော့ကျလာပြီး ဘဏ်များ၏ ရေရှည်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဘဏ်အပ်ငွေများကို အလုအယက်ပြန်ထုတ်ယူကြသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း ပါဝင်ခဲ့ရာ ဘဏ်များ လနှင့်ချီကာ ပိတ်ထားရသည်။
အလိုလျောက်ငွေထုတ်စက် (ATM) များမှ ငွေသားထုတ်ယူခွင့်ပမာဏကိုပင် စစ်ကောင်စီက လျှော့ချကန့်သတ်ခဲ့သည်။
ဘဏ်များသည် မတည်ရင်းနှီးငွေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းထက် ပြည်သူများ၏ အပ်နှံငွေကို လက်ခံကာ လုပ်ငန်းလည်ပတ်ရခြင်းကြောင့် အပ်နှံငွေများ လျော့ကျလာပါက အကျပ်အတည်းကြုံတွေ့မည်ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“ကိုဗစ်စဖြစ်ကတည်းက စီးပွားရေးလုပ်ငန်းတွေ မကောင်းတဲ့အခါကျတော့ ဘဏ်မှာပိုက်ဆံအပ်တာ နည်းသွားတယ်။ အဲ့ဒီကနေ အခု စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါကျတော့ ပိုဆိုးသွားတယ်။ ဝင်တာမရှိဘူး။ အထွက်တွေပဲများနေတယ် ဘဏ်တွေမှာ။ အဲ့ဒီတော့ ပုံမှန်မလည်ပတ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းမှုကြောင့် ဘဏ်များအပေါ် အများပြည်သူ၏ ယုံကြည်မှုကျဆင်းလာချိန်တွင် စစ်ကောင်စီက ဘဏ်မှငွေသားထုတ်ယူမှုကို ကန့်သတ်ကာ ဘဏ်ငွေစာရင်းသစ်များ ဖွင့်လှစ်ရန် ထုတ်ပြန်လိုက်ခြင်းကြောင့် ဘဏ်များအပေါ် လူထုယုံကြည်မှု ပိုနည်းသွားကြောင်းလည်း ထိုစီးပွားရေးပညာရှင်က ဆိုသည်။
ဘဏ်များတွင် စာရင်းသစ်ဖွင့်လှစ်၊ ငွေသားအပ်နှံခွင့်ပြုမည်ဖြစ်ကာ ထိုစာရင်းမှ ငွေကို အကန့်အသတ်မရှိ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီ ၂၇ တွင် ကြေညာခဲ့သည်။
ဗဟိုဘဏ်က ထိုသို့ထုတ်ပြန် ကြေညာလိုက်သော်လည်း ဘဏ်များတွင် ငွေစာရင်းသစ်ဖွင့်လှစ်ခြင်း မရှိသည့်အပြင် နေ့စဉ်နှင့်အမျှ ငွေထုတ်ယူသူများ တင်းကျမ်းပြည့်နှက်နေသည်က စစ်ကောင်စီလက်ထက် ဘဏ်များအပေါ် လူထုက ယုံကြည်မှုမရှိကြောင်း ညွှန်ပြနေသည်။
ဘဏ်အပ်နှံငွေများ ဆက်လက်ထုတ်ယူမည်ဆိုပါက ဘဏ်များပြိုလဲမည်ဖြစ်သည့်အပြင် ငွေကြေးနှင့် ဘဏ္ဍာရေးအကျပ်အတည်းပေါ်ပေါက်လာကာ စီးပွားရေးချွတ်ခြုံကျနိုင်ကြောင်း အထက်ပါ စီးပွားရေးပညာရှင်က သုံးသပ်သည်။
“အထုတ်တွေများတဲ့အခါကျတော့ ပိုပြီးတော့ မလည်ပတ်တော့ဘူးပေါ့။ အဲ့ဒီလိုဆိုလို့ရှိရင် ဘဏ်တွေရဲ့အခြေအနေဟာ ရေရှည်တည်တံ့ဖို့တောင်မှ မလွယ်လောက်ဘူး” ဟုလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီက ခန့်အပ်ထားသည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကမူ ငွေလိုအပ်သလောက်သာ ထုတ်ယူရန်နှင့် စိုးရိမ်စိတ်ဖြင့် ငွေမထုတ်ရန်၊ နိုင်ငံရေးအခြေအနေအရ အကန့်အသတ်ဖြင့် ငွေထုတ်ပေးခြင်းဖြစ်ပြီး အပ်ငွေများမဆုံးရှုံးရန် ဗဟိုဘဏ်က အာမခံသည်ဟု မေ ၇ ရက်တွင် အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့သော် ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ တွေ့ဆုံဆွေးနွေးရာတွင် အချေအတင်ဖြစ်နေသည့် အချက်များရှိနေကြောင်း လူမှုကွန်ရက်တွင် ပေါက်ကြားလာသော ဆွေးနွေးပွဲမှတ်တမ်းစာများတွင် တွေ့ရှိသည်။
ဘဏ်များပြိုလဲပါက ဗဟိုဘဏ်တွင် တာဝန်မရှိဘဲ ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများကြောင့်သာဖြစ်သည်ဆိုသော ဗဟိုဘဏ်၏ ဆွေးနွေးချက်ကို လုံးဝလက်မခံနိုင်ကြောင်း၊ စိတ်ချယုံကြည်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ပုဂ္ဂလိကဘဏ်များက ပြန်လည်ဆွေးနွေးထားသည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဘဏ်များအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကင်းမဲ့နေဆဲဖြစ်ကာ နေ့စဉ်နှင့်အမျှ ဘဏ်များတွင်လည်းကောင်း၊ ATM များတွင်လည်းကောင်း ငွေထုတ်ယူသူ အဆမတန်များပြားလျက်ရှိသည်။ လွယ်လွယ်ကူကူ ငွေထုတ်မရသောကြောင့် ပွဲစားများထံမှ ၅ ရာခိုင်နှုန်းအထိ အလိုက်ပေးကာ ထုတ်ယူကြသူများလည်း ရှိသည်။
လူပန်းစိတ်ပန်းဖြင့် အချိန်ကုန်ခံကာ ငွေထုတ်ယူနေရသည့်အပြင် ကိုယ့်ငွေကိုယ် အရှုံးခံ ပြန်ဝယ်နေကြရခြင်းဖြစ်သည်။
ငွေသား အလုအယက်ထုတ်ယူမှုများက ဘဏ်များအပေါ် ယုံကြည်မှုမရှိသည်ကို ညွှန်ပြနေသည့်နည်းတူ အကန့်အသတ်ဖြင့်သာ ခက်ခက်ခဲခဲ ငွေထုတ်ယူနေရသည်ဖြစ်ရာ နေ့စဉ် ရောင်းရေးဝယ်တာမှသည် ဝန်ထမ်းလစာပေးချေမှု၊ ကုန်သွယ်ရေးလုပ်ငန်းများကိုပါ အကြီးအကျယ်ထိခိုက်စေသည်။
ကျပ်ငွေတန်ဖိုး တလိမ့်ခေါက်ကွေးကျဆင်းနေ
အာဏာသိမ်းသည့် ဖေဖော်ဝါရီမှစ၍ မြန်မာကျပ်ငွေတန်ဖိုး တရိပ်ရိပ်ကျဆင်းလာပြီး သုံးလကျော်အတွင်း ကျပ်ငွေတန်ဖိုးကျဆင်းမှု ၂၀ ရာခိုင်နှုန်းအထိ ရှိလာသည်။
အာဏာမသိမ်းမီ ရက်ပိုင်းဖြစ်သည့် ဇန်နဝါရီ ၂၉ က ငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၅၀ ကျပ် ဝန်းကျင်သာရှိရာမှ ဧပြီလဆန်းတွင် ကျပ် ၁,၆၀၀ အထိ ထိုးတက်သွားသည်။ ကမ္ဘောဇဘဏ်၏ ငွေလဲနှုန်းထားအရ မေ ၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၅၈၀ ရှိပြီး ပြင်ပငွေကြေးဈေးကွက်၌ ၁၆၀၀ ကျော်ရှိကြောင်း သိရသည်။
“လူတွေက ကျပ်ငွေကို မယုံကြည်တော့တဲ့အတွက် ဒေါ်လာကို ဝယ်ကြတာတစ်ပိုင်းပေါ့။ နောက်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိတော့ဘူး။ နောက်ပြီး ဗဟိုဘဏ်ကို ထိန်းချုပ်လိုက်တဲ့အပိုင်းမှာ အပြင်ကနေ ဒေါ်လာဝင်ဖို့ အရမ်းခက်တဲ့အပိုင်းတွေရှိတယ်။ အဲ့ဒီမှာ ဒေါ်လာရှားပါးပြီးတော့ ဒေါ်လာဈေးတက်လာတယ်” ဟု စားသောက်ကုန်ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဘဏ်များ ကာလကြာရှည်ပိတ်ထားခြင်း၊ ငွေပေးချေမှုများ အဆင်မပြေခြင်းများကြောင့် နိုင်ငံခြားငွေ အဓိကရှာဖွေပေးသည့် ပို့ကုန်လုပ်ငန်းများလည်း ရပ်ဆိုင်းသွားပြီး နိုင်ငံခြားငွေစီးဝင်မှု ပြတ်တောက်သွားသည်။
ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ဖြည့်ဆည်းရန် ဗဟိုဘဏ်သည် ဧပြီ ၂၇ တွင် လေလံစနစ်ဖြင့် ဒေါ်လာ ၆ သန်း ရောင်းချခဲ့သည်။ လေလံအတွက် ပျှမ်းမျှငွေလဲတန်ဖိုးမှာ ၁,၅၆၀ ကျပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အသုံးပြုသည့် ကုန်စည် ၇၀ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများကို မှီခိုနေရပြီး သွင်းကုန်များကို အမေရိကန်ဒေါ်လာဖြင့် အဓိကပေးချေရသည်။ နိုင်ငံခြားဝင်ငွေနှင့် ထွက်ငွေမမျှသဖြင့် ကျပ်ငွေတန်ဖိုးကျဆင်းပြီး အကျိုးဆက်အနေဖြင့် စက်သုံးဆီ၊ စားသုံးဆီနှင့် ကုန်ဈေးနှုန်များ ဈေးမြင့်တက်လာခြင်းဖြစ်သည်။
“ပြောကြကြေးဆိုရင် ဟိုဘက်က သွင်းစရာရှိတာတွေ ဝင်လာတယ်။ ဒီဘက်ကနေ မသွားနိုင်တော့ဘူး။ အဲ့ဒီမှာ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှဘဲနဲ့ နိုင်ငံခြားပစ္စည်းကိုပဲ ဝယ်လိုအားမြင့်တဲ့အတွက် ငွေကြေးဖောင်ပွတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာပေါ့။ ဈေးကွက်ကို တော်တော်ရိုက်ခတ်တယ်” ဟု အထက်ပါ ပို့ကုန်လုပ်ငန်းရှင်က ပြောသည်။
ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် လူထု၏ ပိုင်ဆိုင်မှုများသည် အလိုလို အရှုံးပေါ်လာသည်။ ယခင်က ကန်စွန်းရွက်တစ်စည်း ၂၀၀ ကျပ်ပေးရပါက ယခုအခါ ငွေတန်ဖိုးကျသဖြင့် ကျပ် ၂၀၀ ဖြင့် ဝယ်မရနိုင်တော့ပေ။ သွင်းကုန်ကြမ်းများ ဈေးတက်လာပြီး ပြည်တွင်းထုတ်ကုန်များလည်း ဈေးမြင့်တက်လာမည်ဖြစ်သည်။
ငွေလက်ဝယ်ရှိသူများအနေဖြင့် ကျပ်ငွေအပေါ် ယုံကြည်မှုနည်းလာသောကြောင့် အမေရိကန်ဒေါ်လာအပြင် ရွှေကိုပါ ဝယ်ယူစုဆောင်းလာကြသဖြင့် ရွှေဈေးလည်း တက်လာသည်။ မြန်မာ့ရွှေဈေးမှာ အာဏာမသိမ်းခင်က အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားလျှင် ၁၃ သိန်းဝန်းကျင်ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်မြင့်တက်လာရာ မေ ၈ ရက်တွင် ၁၅ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် ရွှေဈေးနှုန်းများတွင် တွေ့ရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခြောက်ခန်းလာ
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တပ်ပြန်ခေါက်သွားပြီး လည်ပတ်နေဆဲစီးပွားရေးလုပ်ငန်းများသည်လည်း မရေရာတော့ပေ။
စစ်အာဏာသိမ်းမှုနှင့်အတူ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ပင်မှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုခြင်းမရှိတော့ဘဲ စီမံကိန်းဖျက်သိမ်းမှုများလည်း ရှိလာသည်။ ထိုင်းနိုင်ငံအခြေစိုက် AMATA လုပ်ငန်းစုက ရန်ကုန်တွင် တည်ဆောက်မည့် ဒေါ်လာ ၁ ဘီလျံတန် စက်မှုဇုန်စီမံကိန်းကို ဖေဖော်ဝါရီလ၌ပင် ရပ်ဆိုင်းခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းရန် ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Electricite de France (EDC) က မတ်လအတွင်း ဆုံးဖြတ်လိုက်သည်။
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၇၁ ထုတ်လုပ်နိုင်မည့် ထိုစီမံကိန်းကို ပြင်သစ်အစိုးရက အစုရှယ်ယာအများဆုံးပိုင်ဆိုင်သည့် Electricite de France (EDC)၊ ဂျပန်နိုင်ငံ Marubeni Corporation နှင့် ပြည်တွင်းမှ ဧရာဟင်္သာကုမ္ပဏီအုပ်စုက ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် အကုန်အကျခံတည်ဆောက်ရန် စီစဉ်ထားသည်။
နာမည်ကြီးအဝတ်အထည်အမှတ်တံဆိပ်များဖြစ်သည့် H&M နှင့် Next တို့က မြန်မာနိုင်ငံတွင် ၎င်းတို့၏ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်။ အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်များကြောင့် အထည်ချုပ်စက်ရုံအများစု ဇွန်လကုန်တွင် ရပ်တန့်ရန် စီစဉ်လျက်ရှိကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။
ထိုသို့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် လည်ပတ်နေဆဲလုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိသည့်အပြင် ရင်းနှီးမြှုပ်နှံမှုအသစ်များလည်း လျော့ကျလာလျက်ရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ကိုင်ရာတွင် ဗွေဆော်ဦးဆောင်ရွက်ရသည့် ကုမ္ပဏီအသစ်မှတ်ပုံတင်မှု ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများတွင် တွေ့ရသည်။
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ထိန်းချုပ်သည့်ကာလဖြစ်သော်လည်း အာဏာမသိမ်းမီက လစဉ် ကုမ္ပဏီအသစ် ၆၀၀ မှ ၁,၅၀၀ ကြား မှတ်ပုံတင်ခဲ့ပြီး စစ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ မှစ၍ လစဉ် ကုမ္ပဏီအသစ်မှတ်ပုံတင်မှု ၁၀၀ မှ ၂၀၀ သာရှိတော့သည်ကို တွေ့ရသည်။
“ရင်းနှီးမြှုပ်နှံမှုအလားအလာက ဘယ်လိုလုပ် ကောင်းနိုင်မှာလဲဗျ။ ပိုဆိုးဖို့ပဲရှိတာပေါ့။ အနောက်နိုင်ငံတွေက စစ်အစိုးရအပေါ်မှာ ယုံကြည်မှုမှမရှိဘဲ။ ဆိုတော့ ရင်းနှီးမြှုပ်နှံမှုအလားအလာက ကောင်းစရာမမြင်နိုင်သေးဘူး” ဟု အထက်ပါ စီးပွားရေးပညာရှင်က ပြောသည်။
စစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့ထားသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန် လျှပ်စစ်စီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခု ခွင့်ပြုခဲ့ကြောင်း မေ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုတွင် မတည်ရင်းနှီးငွေတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်၊ မွေးမြူရေး၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ၂၇၈၃ ဒသမ ၈၂၂ သန်းနှင့် ငွေကျပ် ၁၅ ဒသမ ၃၆၇ ဘီလျံစီးဝင်ကြောင်း စစ်ကောင်စီလက်ထက် ပထမဆုံးထုတ်ပြန်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရှိရင်တောင် တရုတ်ရင်းနှီးမြှုပ်နှံမှုပဲ ပိုဝင်လာဖို့ရှိတာပေါ့။ တရုတ်ကတော့ သူတို့နိုင်ငံအကျိုးစီးပွားအတွက် မြန်မာပြည်ကို အသုံးချနေတာပဲ။ မြန်မာပြည်မှာ စစ်အစိုးရတက်လာရင် အခွင့်အရေးယူပြီးတော့ မတရားစာချုပ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်တာပေါ့ဗျာ။ အဲဒီလိုတော့ရှိတာပေါ့” ဟု အထက်ပါ စီးပွားရေးပညာရှင်က ထပ်လောင်းပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က အများဆုံးရင်းနှီးမြှုပ်နှံထားကာ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုကို အလေးထားမှုအားနည်းသော တရုတ်ရင်းနှီးမြှုပ်နှံများ ပိုမိုလွှမ်းမိုးလာနိုင်သည်ဟုလည်း သုံးသပ်သူများလည်းရှိနေသည်။
စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်လာ
စစ်ကောင်စီသည် အင်တာနက်ဖြတ်တောက်ခြင်း၊ ဘဏ်များကို ဖိအားပေးခြင်း၊ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်းများကြောင့် နောက်ဆက်တွဲထိခိုက်မှုများ တသီတတန်းပေါ်ထွက်လာသည်။
အင်တာနက်ဖြတ်တောက်မှုကြောင့် မြန်မာ့စီးပွားရေးသည် ခန့်မှန်းခြေအားဖြင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော် ဆုံးရှုံးနိုင်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းတွက်ချက်မှုများကို ကိုးကား၍ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP) က ရေးသားထားသည်။
အင်တာနက်ကန့်သတ်ဖြတ်တောက်မှုကြောင့် မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးဈေးကွက် အညွန့်ချိုးခံလိုက်ရပြီး ငွေကြေးဆုံးရှုံးမှုသာမက ကမ္ဘာနှင့် ကင်းကွာစေမည့် နောက်ပြန်ဆုတ်မှုကြီးဖြစ်ကြောင်း ISP က ဆိုသည်။
အင်တာနက်ဖြတ်တောက်မှုကြောင့် အွန်လိုင်းအရောင်းအဝယ် (Online Shopping) များ၊ အင်တာနက်အခြေပြုဝန်ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများမှသည် ဆက်သွယ်ရေးအော်ပရေတာများအထိ ထိခိုက်မှုရှိလာသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီသည် ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်းတွင် ဒေါ်လာ ၇၈၂ သန်း အရှုံးစာရင်းပြထားကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
ထို့အတူ စစ်အာဏာသိမ်းမှုကြောင့် အထည်ချုပ်စက်ရုံများ၊ ကုန်ထုတ်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ ရပ်ဆိုင်းနေကြောင်း၊ ဆုံးရှုံးမှုပမာဏကြီးမားကြောင်း မန္တလေးမြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ပြည်ပနှင့် ကုန်သွယ်မှုများ တုံ့နှေးသွားကြောင်းလည်း ၎င်းက ဆိုသည်။
“ဘဏ်ကိစ္စတွေကြောင့် ကုန်ဈေးနှုန်းတွေ တက်တာတွေဖြစ်လာတယ်။ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းသွားတာလည်း ဖြစ်တာပေါ့။ အဓိကကတော့ Bank Crisis (ဘဏ်လုပ်ငန်းအကျပ်အတည်း) က လုပ်ငန်းရှင်တွေအပေါ်မှာ အများကြီး သက်ရောက်တာပေါ့” ဟု ယင်းစီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
ကုန်သွယ်မှုလုပ်ငန်းများရပ်ဆိုင်းလျက်ရှိရာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုးမှာလည်း ဒေါ်လာ ဘီလျံနှင့်ချီ ကျဆင်းနေသည်။
စစ်အာဏာသိမ်းပြီးနောက် လက်ရှိဘဏ္ဍာနှစ် ဧပြီ ၂ အထိ ပို့ကုန်နှင့် သွင်းကုန်တန်ဖိုးမှာ ယခင်နှစ်နှင့် ယှဉ်ပါက ၄ ဒသမ ၅ ဘီလျံကျော် ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြသည်။
စီးပွားရေးပိတ်ဆို့မှု၊ ကုန်သွယ်ရေးဆိုင်ရာအကူအညီရပ်ဆိုင်းမှုများကြောင့် နိုင်ငံတကာသို့ မြန်မာ့ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းမှုများ အဟောသိကံဖြစ်မည့်ကိန်း ရှိနေသည်။
လယ်ယာထွက်ကုန်မှလွဲ၍ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားထွက်ကုန်များအားလုံး တင်ပို့မှုကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
အထည်ချုပ်နှင့် စက်မှုကုန်ချောပို့ကုန်များ ကျဆင်းလျက်ရှိရာ ဧပြီ ၂ ရက်နေ့ စာရင်းအရ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ် ၁ ဒသမ ၇ ဘီလျံ ကျဆင်းသွားကြောင်း ထိုစာရင်းများက ဆိုသည်။
ကုန်ကြမ်းပြတ်လပ်မှု၊ အထည်ချုပ်အော်ဒါများရုပ်သိမ်းမှုများကြောင့် ဇွန်လတွင် အထည်ချုပ်လုပ်ငန်းများ ပြန်လည်ထွက်ခွာသွားဖွယ်ရှိပြီး လက်ရှိကာလတွင်ပင် စက်ရုံများမလည်ပတ်နိုင်သဖြင့် အထည်ချုပ်လုပ်သား ထက်ဝက်ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်းက Myanmar Now ကို ပြောဆိုထားသည်။
အဘက်ဘက်မှ စီးပွားရေးချွတ်ခြုံကျလာသော်လည်း စစ်ကောင်စီသည် အရပ်သားပြည်သူများကို ရက်ရက်စက်စက် နှိမ်နင်းနေဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း( AAPP) ၏ ထုတ်ပြန်ချက်အရ မေ ၉ အထိ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၇၈၀ သေဆုံးခဲ့ရပြီးဖြစ်ကာ ၄၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ဘဏ်များ၏ ရေရှည်ရပ်တည်နိုင်မှာ စိုးရိမ်စရာဖြစ်နေသည့်အပြင် လက်ရှိအတိုင်း ဆက်သွားပါက တိုင်းပြည်၏ စီးပွားရေးအခြေအနေမှာ ဆိုးဆိုးရွားရွားဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
“တော်တော်ကိုဆိုးရွားမဲ့အခြေအနေကို ရောက်လိမ့်မယ်လို့ သုံးသပ်ထားတယ်။ တည်တည်ငြိမ်ငြိမ်ဖြစ်မယ့် အခြေအနေတစ်ရပ်ရပ်ကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်လို့ရှိရင်တော့ တိုင်းပြည်စီးပွားရေးအခြေအနေက ဒီထက်ပိုဆိုးသွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။