နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ထံမှ ငွေကျပ် ၂၉ ဘီလျံ ထပ်မံဖော်ထုတ်ရရှိ 

ပိုင်ဆိုင်မှု ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှလွှဲငွေ ကျပ် ၁၁ ဘီလျံကို ထပ်မံစိစစ်တွေ့ရှိခဲ့ပြီး နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပြည်တွင်းရှိ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းထားသည်ဟု နိုင်ငံတော်သမ္မတရုံးက ပြောသည်

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ယနေ့ (အောက်တိုဘာ ၂၃ ရက်)တွင် လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့စဉ်။ (ဓာတ်ပုံ - ရန်မိုးနိုင်/ Myanmar Now) 

နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP ) ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ ပိုင်ဆိုင်မှု ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှလွှဲငွေ ၁၁ ဘီလျံ စုစုပေါင်း ၂၉ ဘီလျံကို ထပ်မံဖော်ထုတ်ရရှိခဲ့ပြီး ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာနှင့် မှော်ဘီ၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ပြင်စာရွာရှိ မြေနှင့် အဆောက်အအုံများကိုလည်း ယာယီသိမ်းဆည်းထားပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။ 

“တရားရုံးက ဒါတွေကို နိုင်ငံပိုင်သိမ်းလို့ စီရင်ချက်ချရင် နိုင်ငံပိုင်သိမ်းမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စုံစမ်းဖော်ထုတ်ဆဲကိစ္စလို့ပဲ ပြောလို့ရတယ်”ဟု နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

ဦးကျော်မြင့်ကို ဖမ်းပြီးပြီးချင်း ပြည်တွင်းပိုင်ဆိုင်မှု ကျပ် ၂၃ ဘီလျံ၊ တရုတ်နိုင်ငံမှလွှဲငွေ ကျပ် ၁၆ ဘီလျံ ဖော်ထုတ်ရရှိသည်ဟု အောက်တိုဘာ ၁၅ ရက်တွင် သမ္မတရုံးက ထုတ်ပြောပြီးနောက် တစ်ပတ်ကျော်အကြာတွင် ငွေကျပ် ၁၈ ဘီလျံ၊ တရုတ်နိုင်ငံမှလွှဲငွေ ကျပ် ၁၁ ဘီလျံ ထပ်မံဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ဦးကျော်မြင့်ကို လွန်ခဲ့သော ၂၁ နှစ်က ထောင်ပြေးမှု ပုဒ်မ ၂၂၄ဖြင့် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်တရားရုံးက စွဲချက်တင်လိုက်ပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် တရုတ် –  မြန်မာ နယ်စပ် မူဆယ်မြို့မှ ပြည်တွင်းပြန်ဝင်လာချိန်တွင် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁) ချိုးဖောက်မှုဖြင့်လည်း ထပ်မံတရားစွဲဆိုထားသည်။ 

၁၉၉၈ ခုနှစ်တွင် မြန်မာကျုံယွမ်ကုမ္ပဏီကိစ္စဖြင့် ထောင်ဒဏ်ကိုးနှစ်ချမှတ်ခံထားရစဉ် တစ်နှစ်အကြာတွင် ထွက်ပြေးသဖြင့် လက်ကျန်ပြစ်ဒဏ်အပါအဝင် နှစ်နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်သည့် ထောင်ပြေးမှု၊ ထောင်ဒဏ်ငါးနှင်အထိချနိုင်သည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မများဖြင့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် တရားရင်ဆိုင်ရမည်ဖြစ်သည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခံရနိုင်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေများဖြင့် ထပ်မံအရေးယူခံရနိုင်သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

“စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေပြီးတော့ ငွေကြေးခဝါချမှု ဘယ်ပုဒ်မအရ တရားစွဲမယ်ဆိုပြီးတော့ (စုံစမ်းစစ်ဆေးရေးအဖွဲ့) ဗဟိုဥက္ကဋ္ဌကို တင်မယ်။ အဲ့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့က ဘယ်သူပါလည်းဆိုတော့ ပြည်ထဲရေးဒုဝန်ကြီး(ဗိုလ်ချုပ်စိုးတင့်နိုင်)က ဥက္ကဋ္ဌ ဖြစ်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတရုံးက ဦးကျော်မြင့်၏ တရားမဝင်ငွေကြေး၊ ပိုင်ဆိုင်မှုနှင့် လုပ်ငန်းများအကြောင်း နှစ်ကြိမ်တိုင် အသေးစိတ်ထုတ်ဖော်ပြီးဖြစ်သော်လည်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် တရားဝင်ရပ်တည်နိုင်မှု အခြေအနေများ နှင့်ပတ်သက်၍မူ ရှင်းလင်းစွာထုတ်ပြောခြင်း မရှိသေးပေ။

ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ဦးကျော်မြင့်က ယနေ့ တရားဝင်ထွက်ဆိုချက်၌ အမေရိကန်၊ တရုတ်ရှိ မြန်မာကောင်စစ်ဝန်၊ စစ်သံမှူးကြီးတို့နှင့် တွေ့ဆုံပြီး ပြည်တွင်းပြန်ဝင်လာခဲ့ကြောင်း၊ နှင်းဆီပါတီဥက္ကဋ္ဌအဖြစ် လျှောက်ထားချိန်တွင် ထိုအချိန်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ညွန့်တို့နှင့် တွေ့ဆုံခဲ့ကြောင်းပါဝင်သည်။

ဦးကျော်မြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ယခင်အစိုးရလက်ထက် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးမှုအခြေအနေကို ယနေ့ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် Myanmar Nowက မေးမြန်းသည့်အခါ လက်ခံတွေ့ဆုံခြင်းနှင့် ဥပဒေနှင့် လျော်ညီခြင်းရှိမရှိ ခွဲခြားရှုမြင်ရန် လိုအပ်သည်ဟု ဦးဇော်ဌေးက ဆိုသည်။

“တွေ့တဲ့သူက သူ့ကို ဥပဒေနဲ့အညီ လုပ်ထားလား။ လုပ်မထားရင်တော့ ဥပဒေနဲ့အညီ အရေးယူခံရမှာပဲ”ဟု ဦးဇော်ဌေးက ပြောသော်လည်း ဦးကျော်မြင့်ထုတ်ဖော်ပြောဆိုသည့် ယခင်အစိုးရ အာဏာပိုင်များအပေါ် စုံစမ်းစစ်ဆေးနေခြင်း ရှိမရှိ တိကျစွာ မသိရပေ။

ဦးကျော်မြင့်သည် ၁၉၉၉ ခုနှစ် မန္တလေးအိုးဘိုအကျဉ်းထောင်၌ အကျဉ်းကျနေစဉ် ထွက်ပြေးပြီးနောက် ကနေဒါ၊ အမေရိကန်နှင့် တရုတ်နိုင်ငံများတွင် နေထိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းသို့ ပြန်ဝင်လာသည်ဟု သမ္မတရုံးက ထုတ်ပြောထားသည့် ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် စက်တင်ဘာ ၂၉ ရက်တွင် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ 

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ဦးကျော်မြင့် ကနေဒါနိုင်ငံ၌ ရှိနေစဉ် ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။ 

ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

လာမည့်အထွေထွေရွေးကောက်ပွဲတွင် UDPသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် ဒုတိယအများဆုံးအဖြစ် တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာ ဝင်ပြိုင်ရန်ရှိသော်လည်း ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ဖမ်းဆီးခံပြီးနောက် နှင်းဆီပါတီကို ဖျက်သိမ်းကြောင်း ၊ ပါတီဝင် ကိုယ်စားလှယ်လောင်းများလည်း ရွေးကောက်ခံပိုင်ခွင့်ဆုံးရှုံးသွားပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကလေးမြို့နယ်တွင် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအနောက်ပိုင်း လက်ပံချောင်း-ရာဇဂြိုဟ်ကားလမ်းမကြီးဘေးရှိ ရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

လူထု၏ မုန်းတီးခြင်းခံနေရသည့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာပြီး ပြည်သူကို ကာကွယ်ရေးဆိုသော စစ်တပ်၏ ပဓာနတာဝန်ကိုသာ ထမ်းဆောင်သင့်ကြောင်း အင်ဒိုနီးရှားစစ်တပ် ဗိုလ်ချုပ်ဟောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးကြောင်း ကုလထုတ်ပြန်

မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။