၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည့် နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်မှာ အင်းစိန်ထောင်တွင် ရှိနေကြောင်း ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။
ထောင်ပြေးမှုဖြင့် ထောင်ဒဏ် ၂ ချမှတ်ခံရပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသူ နှင်းဆီပါတီဥက္ကဋ္ဌဟောင်းကို လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ငွေရေးကြေးရေးဆိုင်ရာဥပဒေများဖြင့် ထပ်မံအမှုဖွင့်အရေးယူခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ၎င်းအပေါ် ထပ်မံအရေးယူမှုအခြေအနေများကို ကြားသိရခြင်း မရှိပေ။
ထောင်ဝတ်စုံဖြစ်သည့် အင်္ကျီအပြာ၊ ပုဆိုးအပြာနှင့် လက်ထိတ်ခတ်လျက်သား ခေါ်ဆောင်လာသည့် ဦးကျော်မြင့်ကို ဇွန်လကုန်ပိုင်းက ထောင်ဘူးဝ၌ တွေ့ဆုံခဲ့ရကြောင်း ယခုရက်ပိုင်းအတွင်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
“လက်ထိတ်ခတ်ထားပြီး ထောင်ဘူးဝထဲကို ပြန်သွင်းသွားတာပေါ့။ (အပြင်တရားရုံး) ရုံးထွက်ထင်တယ်” ဟု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ဇွန် ၃၀ ရက်တွင် အင်းစိန်ထောင်တွင်းမှ ပြန်လည်လွတ်မြောက်လာသူများအနက် တစ်ဦးဖြစ်သူ ၎င်းက ပြောသည်။
အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌဟောင်းမှာ ဦးကျော်မြင့်မှာ အနည်းငယ်ပိန် သွားဟန်ရှိသည်မှအပ ကျန်းမာရေးအခြေအနေကောင်းမွန်သည့် ပုံစံရှိကြောင်းလည်း ၎င်းက ဆိုသည်။
“ပါတီမှာတုန်းက အင်္ကျီအနက်ကြီးနဲ့လိုမျိုး ဝဝကြီးမဟုတ်ဘူး။ ခပ်ပိန်ပိန်နဲ့ ဆံပင်က အဖြူနဲ့အမဲ ကျိုးတိုးကျဲတဲပေါ့။ အရင်ပုံစံမျိုးပဲ တွေ့ရတယ်”ဟု ၎င်းက ဆက်ပြောသည်။
ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်မှာ ထောင်ပြေးဖြစ်ခြင်း၊ တရားမဝင်ငွေကြေးများသုံးစွဲခြင်းများ ရှိနေသည့်အတွက် နှင်းဆီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။
ဦးကျော်မြင့်မှာ စက်တင်ဘာလကုန်ပိုင်းက ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ထောင်ပြေးမှုဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးက နိုဝင်ဘာလဆန်းပိုင်းတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခံခဲ့သူ ဦးကျော်မြင့်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့် အရေးယူခံခဲ့ရပြီး ငွေရေးကြေးရေးဆိုင်ရာဥပဒေများဖြင့် အရေးယူနိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားကြောင်း လှိုင်မြို့နယ်ရဲစခန်းမှူး ဦးဉာဏ်ထွန်းက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် Myanmar Now ကို ပြောကြားထားသည်။
နှင်းဆီပါတီဖျက်သိမ်းခံရချိန်မှစ၍ ပါတီနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီး ဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်၏သတင်း ကြားသိရခြင်းမရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဟောင်းတစ်ဦးက ပြောသည်။
“ဝ” တပ်ဖွဲ့နှင့် ဆက်စပ်သည်ဆိုသော မြန်မာကျုံယွမ်ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေချိုးဖောက်မှု၊ ငွေကြေးမသမာမှုတို့ဖြင့် ထောင်ဒဏ် ၉ နှစ်ကျခံနေရစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်၌ ပြစ်ဒဏ်ကျခံနေစဉ် ၁၉၉၉ တွင် ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ခိုလှုံကာ ၂၀၀၇ တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သည်။
၂၀၁၃ တွင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် ပါတီဥက္ကဋ္ဌအဖြစ် ရပ်တည်ခဲ့ပြီး ၎င်း၏ ပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။
၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နှင်းဆီပါတီဥက္ကဋ္ဌနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အဆင့် သီးသန့်အဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ပထမအသုတ်စစ်ဆေးမှုတွင် ပြည်တွင်းပိုင်ဆိုင်မှုငွေကျပ် ၂၃ ဘီလျံ၊ တရုတ်နိုင်ငံမှလွှဲငွေ ၁၆ ဘီလျံ တွေ့ရှိခဲ့ပြီး၊ ဒုတိယအသုတ်တွင် ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှလွှဲငွေ ၁၁ ဘီလျံ စုစုပေါင်း ၂၉ ဘီလျံ ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။
သိမ်းဆည်းရမိသည့် ငွေကြေးများတွင် ဝင်ငွေရလမ်းမဖော်နိုင်သည့် ငွေကြေးများပါဝင်သည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေတို့ဖြင့် ထပ်မံအရေးယူရန်ရှိကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။