သတင်း

နှင်းဆီပါတီကိုဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းများရွေးကောက်ခံပိုင်ခွင့်ဆုံးရှုံး

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအရေအတွက်အားဖြင့် ဒုတိယအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ည (အောက်တိုဘာ ၁၇) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ 

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ခ)၊ (ဂ) တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိသဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းပြီး ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပါသည်ဟု ကော်မရှင်က ကြေညာချက်များတွင် ဖော်ပြထားသည်။

နှင်းဆီပါတီကို စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစိုးရအဖွဲ့ကို တောင်းဆိုလာသောကြောင့် ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံမှတစ်ဆင့် ကျပ်ငွေ ၁၆ ဘီလျံ ကို တရားမဝင်လွှဲပြောင်းရယူခဲ့သည်၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ချေးငွေလုပ်ကိုင်ခြင်း၊ အိမ်ခြံမြေပိုင်ဆိုင်မှုများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ မဟုတ်ဘဲ ရယူထားခြင်းများ ကနဦးတွေ့ရှိထားသည်ဟု နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့သည်။ 

စက်တင်ဘာ ၂၉ ရက်ညတွင် ၎င်းနေထိုင်ရာ ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာတွင် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်ကဖြစ်ပွားခဲ့သော ထောင်းပြေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသော နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လက်ရှိစွဲဆိုထားသည့် ထောင်ပြေးမှု ပုဒ်မ ၂၂၄ အပြင် ရာဇသတ်ကြီးပုဒ်မများ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မများ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ပုဒ်မများဖြင့်လည်း အရေးယူဆောင်ရွက်သွားရန်ရှိသည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်မှုအပြီး နှစ်ရက်အကြာ ယနေ့တွင် နှင်းဆီပါတီခေါ် UDP ပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ခြင်းဖြစ်သည်။ 

နှင်းဆီပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အနေအထားရှိခဲ့ပြီး ကိုယ်စားလှယ်လောင်းအရေအတွက်အားဖြင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် ဒုတိယအကြီးမားဆုံးပါတီဖြစ်ခဲ့သည်။

မြန်မာနိုင်ငံမြောက်ဘက်စွန်းရှိ ဆွမ်ပရာဘွမ်မြို့နယ်၊ အရှေ့ဖျားရှိ လောက်ကိုင်မြို့နယ်၊ အနောက်ဘက်စွန်းရှိ မောင်တောမြို့နယ်နှင့် တောင်ဘက်စွန်းရှိကော့သောင်းမြို့နယ် စသည့် အစွန်အဖျားဒေသများအထိ မြို့နယ်တိုင်းနီးပါး ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ စာရင်းသွင်းခဲ့သည်။

ဝိုင်းမော်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်းအဖြစ် UDP ပါတီမှ ရွေးကောက်ပွဲဝင်မည့် ဦးဂဲနက်စ်ကမူ ပါတီဖျက်သိမ်းခြင်းမခံရမီကတည်းက ပါတီမှ နုတ်ထွက်ခွင့်ရပြီးဖြစ်၍ “ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရမှုအပေါ် အယူခံအဆင့်ဆင့် ဆက်လက်ဆောင်ရွက်မည်ဟု Myanmar Now ကို ပြောသည်။

ပါတီဥက္ကဋ္ဌဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နှင်းဆီပါတီဝင်များ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၌ အောက်တိုဘာ ၇ ရက်တွင် မဲဆွယ်စည်းရုံးရေး အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/ Myanmar Now)

ယခင်တစ်ချိန်ကပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့၏ စီးပွားရေးတာဝန်ခံဖြစ်ခဲ့သူ ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်တွင် ထောင်ကိုးနှစ်ကျနေချိန် ၁၉၉၉ တွင် ထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။

UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။

ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ နှင်းဆီပါတီနှင့် ပတ်သက်၍ ကော်မရှင်၏ ယခုဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပြီး မည်သည့်တရားရုံးတွင်မျှ အယူခံပိုင်ခွင့်ရှိမည် မဟုတ်ပေ။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပါတီဖျက်သိမ်းခံရလျှင် ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံရမည်ဟု ဖော်ပြထားသော်လည်း ယခုဖျက်သိမ်းလိုက်သည့် နှင်းဆီပါတီနှင့် ပတ်သက်၍မူ အာဏာပိုင်များထံမှ ရှင်းလင်းစွာ မသိရသေးပေ။

နှင်းဆီပါတီဖျက်သိမ်းခံရခြင်းသည် ၎င်းတို့၏ ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တတိယအများဆုံးယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က Myanmar Now ကို ပြောသည်။ 

“ကျွန်မတို့ပါတီကို ထောက်ခံအားပေးတဲ့သူတွေကလည်း သူ့ဟာသူ စိတ်ထဲမှာရှိပြီးသားလေ။ မဲဆန္ဒရှင်တွေက သူ့ဟာသူ စဉ်းစားဆုံးဖြတ်တဲ့ကိစ္စဖြစ်တဲ့အတွက် ဘာမှထည့်တွက်စရာမလိုဘူး”ဟု ၎င်းက ပြောသည်။

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကလည်း နှင်းဆီပါတီသည် NLD ၏ နိုင်ငံရေးပြိုင်ဘက်မဟုတ်၍ ထိုသို့ဖျက်သိမ်းခံရခြင်းကြောင့် ၎င်း၏ ပါတီအပေါ် မည်သို့မျှ သက်ရောက်မှုမရှိနိုင်ဟု သုံးသပ်သည်။

“မဲကွဲပြားသွားအောင် ဆောင်ရွက်နိုင်ရုံပဲ ရှိပါတယ်။ (UEC) က နိုင်ငံရေးအရ တစ်စုံတစ်ရာအကျိုးအမြတ်အတွက် ဆောင်ရွက်ခြင်းမဟုတ်ဘူးဆိုတာတော့ ပြောနိုင်ပါတယ်။ ဥပဒေကြောင်းအရ အရေးကြီးတဲ့ကိစ္စဖြစ်လို့သာ အခုလို (ရွေးကောက်ပွဲ) နီးကပ်တဲ့အချိန်မှာ အရေးယူလိုက်ရတာ ဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။

အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်သော ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများမှာ မြန်မာကျပ်ငွေ ဘီလျံ ၂၀ ကျော်ထိရှိပြီး၊ ၎င်းအား မန္တလေးမြို့အိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။ ၎င်းသည် ထောင်ပြေးမှုအပြင် ယခင်ပြစ်ဒဏ်မှ ကျန်ရစ်သည့် အနည်းဆုံးထောင်ဒဏ် ၈ နှစ်ကိုပါ ကျခံရမည်ဖြစ်ကြောင်း ထောင်အာဏာပိုင်များက ပြောဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်

 

Show More

Related Articles

Back to top button