သတင်း

ဖျက်သိမ်းခံ နှင်းဆီပါတီကို အသက်သွင်းရန် အဖွဲ့ဝင်များ ရန်ကုန်တွင် စုရုံး

ထောင်ပြေးမှု၊ ငွေကြေးခဝါချမှုများဖြင့် ပါတီ ဥက္ကဋ္ဌ ဖမ်းဆီးခံရပြီး လွန်ခဲ့သော နှစ်နှစ်ကျော်က ဖျက်သိမ်းခံထားရသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီမှ ပါတီဝင်အချို့ ယမန်နေ့ (ဖေဖော်ဝါရီ ၇) တွင် ရန်ကုန်မြို့၌ တွေ့ဆုံကြသည်။

ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်ခဲ့သူတချို့နှင့် ပါတီဝင်ဟောင်းများကို တွေ့ခဲ့ရသည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သည့် သတင်းရင်းမြစ်နှစ်ဦးက အတည်ပြုသည်။

ပါတီ မှတ်ပုံတင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်းဖြစ်ပြီး အစီအစဉ်များကို ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်းမှ ပိုမိုသိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အစည်းအဝေးကျင်းပသည့် နေရာနှင့် ဆွေးနွေး၊ ဆုံးဖြတ်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“ပြန်လည်ထူထောင်ဖို့အတွက် အစီအစဉ်တွေတော့ ရှိပါတယ်။ လုပ်ဖို့လည်းပဲ ကျွန်တော်တို့ အချင်းချင်းတွေ ညှိနှိုင်းတုန်းပဲ ရှိသေးတယ်” ဟု တစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီက ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ထောင်ကျနေသဖြင့် နှင်းဆီပါတီကို မူလအမည်အတိုင်း ပြန်လည်အသက်သွင်းရန်မှာမူ မဖြစ်နိုင်ဟု သတင်းရင်းမြစ်တို့က ဆိုသည်။

နှင်းဆီပါတီကို အတွင်းရေးမှူးဟောင်းဖြစ်သည့် ဒေါ်သီတာဇင်နှင့် ခင်ပွန်းဖြစ်သူတို့ ဦးဆောင်ကာ ပါတီပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် ၂၀၂၂ နှစ်လယ်ပိုင်းမှစတင်ပြီး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပါတီဝင်ဟောင်းအချို့ထံမှ စုံစမ်းသိရှိရသည်။

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်၌ ပြစ်ဒဏ်ကျခံနေစဉ် ၁၉၉၉ တွင် ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ခိုလှုံကာ ၂၀၀၇ တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နှင်းဆီပါတီဥက္ကဋ္ဌ၏ ယခင်က ထောင်ပြေးမှုနှင့် ပတ်သက်၍ သတင်းများ စတင်ထွက်ပေါ်လာချိန်တွင် ထိုစဉ်က တိုင်းပြည်တာဝန်ယူထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက နိုင်ငံတော်အဆင့် သီးသန့်အဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့သည်။

ပထမအသုတ်စစ်ဆေးမှုတွင် ပြည်တွင်းပိုင်ဆိုင်မှုငွေ ကျပ် ၂၃ ဘီလျံ၊ တရုတ်နိုင်ငံမှ လွှဲငွေ ၁၆ ဘီလျံ တွေ့ရှိခဲ့ပြီး၊ ဒုတိယအသုတ်တွင် ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှ လွှဲငွေ ၁၁ ဘီလျံ စုစုပေါင်း ၂၉ ဘီလျံ ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ အောက်တိုဘာလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၀ အောက်တိုဘာ ၁၇ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှင်းဆီပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်မြင့်မှာလည်း ထောင်ပြေးမှုဖြင့် ထောင်နှစ်နှစ်ချခံခဲ့ရကာ အင်းစိန်ထောင်၌ ရှိနေသည်။

NLD လက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ထပ်မံအမှုဖွင့်ခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဦးကျော်မြင့်၏ အမှုအခြေအနေများ မည်သို့ရှိသည်ကို မသိရပေ။

NLD အစိုးရက ပါတီဥက္ကဋ္ဌကို ဖမ်းဆီးအရေးယူကာ နှင်းဆီပါတီကို ဖျက်သိမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင်က ၂၀၂၂ စက်တင်ဘာက နေပြည်တော်အစည်းအဝေးတစ်ခုတွင် မကျေမနပ် ထုတ်ဖော်ပြောဆိုဖူးသည်။ 

“အခြေခံလူတန်းစားများ ထောက်ခံလာကြသော ပါတီသစ်တစ်ခုကို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှ ငွေကြေးထောက်ပံ့မှု ရယူထားသည်ဟုဆိုကာ ပါတီဖျက်သိမ်းပစ်နိုင်သည်အထိ အလဲထိုးခဲ့သည်” ဟု မင်းအောင်လှိုင်က ဆိုခဲ့သည်။

သို့သော် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့် နှင်းဆီပါတီမှာ တစ်နေရာမျှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

မြို့နယ်တိုင်းနီးပါးတွင် ရုံးဖွင့်ထားနိုင်သည့် နှင်းဆီပါတီတွင် ပါတီဝင်အင်အား ခြောက်သန်းနီးပါးရှိကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး ဦးသိုက်ထွန်းက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ထုတ်ဖော်ပြောကြားထားသည်။ 

အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ တစ်နိုင်ငံလုံးဝင်ပြိုင်မည့်ပါတီသည် ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံအနှံ့ ရုံးခန်း ၁၆၀ ကျော် ဖွင့်ရန်၊ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် တစ်သိန်း စုဆောင်းရန် လိုအပ်မည်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပတ်ကျော်က ထိုဥပဒေထုတ်ပြန်ပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ နှစ်ခုသာ ပြန်လည်မှတ်ပုံတင်ထားသေးသည်။

ပါတီငယ်များ ပေါင်းရန် စီစဉ်မှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမရှိသေးဟု ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button