သတင်း

ပါတီဥက္ကဋ္ဌ ထောင်ကျနေစဉ် နှင်းဆီပါတီကို အသက်သွင်းရန် ကြိုးစားနေ

ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီခေါ်  ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ၏ဥက္ကဋ္ဌမှာ ထောင်ထဲမှာရှိနေသော်လည်း ဦးဆောင်သူအချို့က ပါတီကို ပြန်လည်အသက်သွင်းရန် ပြင်ဆင်နေကြောင်း သိရသည်။​

နှင်းဆီပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပါတီဖျက်သိမ်းခံရခြင်း ဖြစ်ကာ ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်သည်လည်း ထောင်ပြေးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ငွေရေးကြေးရေးဥပဒေတို့ဖြင့် ဖမ်းဆီးအရေးယူခံရပြီး အင်းစိန်ထောင်တွင် ရှိနေဆဲဖြစ်သည်။

ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီကို ပြန်လည်ဖွဲ့စည်းရန် ပါတီခေါင်းဆောင်ပိုင်းတွင် တာဝန်ယူခဲ့သူအချို့ ဦးဆောင်ကာ ယခုလဆန်းပိုင်းမှစ၍ လှုပ်ရှားနေကြောင်း နှင်းဆီပါတီဝင် အချို့ထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် ပါတီပြန်ဖွဲ့ရန် အတွင်းရေးမှူးဖြစ်သူ ဒေါ်သီတာဇင် ဦးဆောင်လှုပ်ရှားနေသည်ဟု နှင်းဆီပါတီ၏ ပဲခူးတိုင်းဦးစီးအဖြစ် တာဝန်ယူခဲ့သူ ဦးသက်ဦးက Myanmar Now ကို ပြောသည်။

“ဒေါ်သီတာဇင် ဦးဆောင်ပြီးဖွဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ သဘောထားချင်း သိပ်မတိုက်ဆိုင်တော့ ကျွန်တော့်ကို အကျိုးအကြောင်းတော့ မပြောဘူးနဲ့တူတယ်။ ဒါပေမဲ့ တစ်ဆင့်စကားတစ်ဆင့်နားတော့ ကြားရတယ်။ ပါတဲ့သူတွေလည်း ပြန်ပါပေါ့လေ။ မပါတဲ့သူတွေလည်း မပါဘူးပေါ့” ဟု ၎င်းက ပြောသည်။ 

ပါတီဥက္ကဋ္ဌထောင်ကျနေချိန် ပါတီပြန်ဖွဲ့ရန် ကြိုးစားနေသူများရှိသော်လည်း သဘောထားအမြင် မတူသည့်အတွက် ဗဟိုကော်မတီဝင်အများစု ပြန်လည်ပါဝင်ခြင်း မရှိဟု ပါတီဝင်အချို့ထံမှ သိရသည်။​

“ဗဟိုစီအီးစီတွေ ပါဝင်မှုနှုန်းတော့ နည်းသွားတယ်။ ပြည်နယ်တိုင်းတာဝန်ရှိသူတွေ ပါဝင်နှုန်းနည်းသွားတယ်။ ပါဝင်နှုန်း များလာတာက သူတို့နဲ့ လက်တွဲခဲ့ဖူးတဲ့ မြို့/စည်း (မြို့နယ်စည်းရုံးရေး) တွေ၊ ပြည်နယ်တာဝန်ခံအောက်က လက်ခွဲတာဝန်ခံတွေ များလာမယ်လို့ ထင်တာပဲ” ဟု နှင်းဆီပါတီ၏ ရှမ်းပြည်နယ်တောင်ပိုင်းဦးစီးအဖြစ် တာဝန်ယူခဲ့ဖူးသည့်  ဦးမြငြိမ်းက ပြောသည်။

ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ပြီး လွှတ်ပေးရန် စစ်ကောင်စီထံ နှစ်ကြိမ်တိုင်စာပို့တောင်းဆိုခဲ့သော်လည်း အခြေအနေ မထူးခြားသေးကြောင်း ဦးမြငြိမ်းက ဆက်ပြောသည်။

နှင်းဆီပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်မှာ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် ထောင်ပြေးမှုဖြင့် အဖမ်းခံရပြီးနောက် ရက်ပေါင်း ၄၀ ကျော်အကြာတွင် ထောင်ဒဏ် ၂ နှစ် ကျခံရန် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

ထို့နောက် လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ပြစ်မှုကြွေးကျန်များဖြင့်ပါ ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချပြီးနောက် ထိုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန် အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။ 

ဦးကျော်မြင့်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ချေးငွေလိုင်စင် မရှိဘဲ တရားမဝင် ငွေချေးသည့်အတွက် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေတို့ဖြင့်ပါ အမှုဖွင့်ထားကြောင်း လှိုင်မြို့နယ်ရဲစခန်းမှူး ဦးဉာဏ်ထွန်းက ဒီဇင်ဘာလပိုင်းအတွင်း၌ပင် ထုတ်ဖော်ပြောဆိုထားသည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တစ်နှစ်ခွဲကြာသည်အထိ ဦးကျော်မြင့်အပေါ် ထပ်မံစွဲဆိုထားသည့် ပုဒ်မများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။​

သို့သော် NLD အစိုးရက ပါတီဥက္ကဋ္ဌကို ဖမ်းဆီးအရေးယူကာ နှင်းဆီပါတီကို ဖျက်သိမ်းခဲ့ခြင်းအပေါ် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မကျေမနပ် ထုတ်ဖော်ပြောဆိုဖူးသည်။ ထို့ပြင် စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာများက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နှင်းဆီပါတီကို ရည်ရွယ်ချက်ရှိရှိ ဖျက်သိမ်းခဲ့လေဟန် ဆောင်းပါးပင် ရေးသားဖော်ပြခဲ့သည်။​

“အခြေခံလူတန်းစားများ ထောက်ခံလာကြသော ပါတီသစ်တစ်ခုကို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှ ငွေကြေးထောက်ပံ့မှု ရယူထားသည်ဟုဆိုကာ ပါတီဖျက်သိမ်းပစ်နိုင်သည်အထိ အလဲထိုးခဲ့သည်” ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီထိန်းချုပ် မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။

ထောင်ပြေးမှုနှင့် ဖမ်းဆီးခံရသူ ဦးကျော်မြင့်ဦးစီးသည့် နှင်းဆီပါတီမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီနှင့် တန်းတူနီးပါး ထောင်ဂဏန်းရှိ ကိုယ်စားလှယ်လောင်းအရေအတွက်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဝင်ရောက်ယှဉ်ပြိုင်ရန် စိုင်းပြင်းခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲအမီ မှတ်ပုံတင်ခဲ့သော နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း တစ်နေရာမှ အနိုင်မရခဲ့ပေ။

နေပြည်တော်ရှိ နှင်းဆီပါတီဌာနချုပ် အဝင်ဂိတ်ကို ယခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ပါတီဝင်အင်အား အဆမတန်တိုးတက်လာပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအများဆုံး ကိုယ်စားလှယ်လောင်းတင်သွင်းသည့် ပါတီဖြစ်လာခဲ့သည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဖမ်းဆီးပြီးနောက် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေး ပြုလုပ်ခဲ့ရာတွင် တရုတ်နိုင်ငံ မှ ငွေကျပ် ၁၆ ဘီလျံလွှဲပြောင်းရယူခြင်း၊ ခွင့်ပြုချက်မရှိဘဲ ငွေချေးလုပ်ငန်းလုပ်ကိုင်ခြင်း၊​ လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ အိမ်ခြံမြေများ ရယူထားကြောင်း ပေါ်ပေါက်ခဲ့သည်။​

ဦးကျော်မြင့်သည် ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် ၂၀၁၈ အောက်တိုဘာမှ ၂၀၂၀ စက်တင်ဘာထိ နှစ်နှစ်တာ ကာ လအတွင်း ငွေကျပ် ၁၃ ဒသမ ၈၉ ဘီလျံသုံးစွဲခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် နေပြည်တော်ရှိ ပါတီဌာနချုပ်ဖွင့်လှစ်ထားရာ ၉ ဒသမ ၆ ဧကနီးပါးရှိမြေနှင့် အဆောက်အအုံ၊ မှော်ဘီမြို့နယ် ယင်းတိုက်ပင်ရွာရှိ ၁၆၄ ဧကကျော်ကို ကျပ်သိန်းပေါင်းရှစ်သောင်းဖြင့် ဝယ်ယူရာတွင် လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီ ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု NLD အစိုးရလက်ထက် သမ္မတရုံးက ထုတ်ပြန်သည်။​

ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ က၊ ပုဒ်မခွဲငယ် (၄)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲငယ်(ခ)(ဂ) တို့ပါ ပြဌာန်းချက်များနှင့် ငြိစွန်းကြောင်း စီစစ်တွေ့ ရှိသဖြင့် နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပါတီဖျက်သိမ်းခံရလျှင် ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံရ မည်ဟု ဖော်ပြထားသော်လည်း နှင်းဆီပါတီနှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီက မည်သို့ဆက်လက် ဆောင် ရွက်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ပါတီအလံတလူလူ၊ ပါတီတံဆိပ်ကပ်ထားသည့်ကားများ စီတန်းရပ်နားထားလေ့ရှိရာ နှင်းဆီပါတီ၏ ရန်ကုန်ရုံးချုပ်တည်ရှိရာ လှိုင်မြို့နယ်ရှိ International City ဟိုတယ်မှာ သံကြိုးထူထူနှင့် သော့ခတ်ပိတ် သိမ်းထားသည်ကို လွန်ခဲ့သည့်လအနည်းငယ်က တွေ့ရသည်။

“ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့” မှ ယာယီသိမ်းဆည်းထားသည့်အတွက် ကျူးကျော်၊ ပြောင်းလဲ၊ လွှဲပြောင်း ပါက အရေးယူခံရမည်ဟု ထိုအဆောက်အဦးမျက်နှာစာတွင် သတိပေးစာကပ်ထားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နှင်းဆီပါတီဌာနချုပ်ကို ပြီးခဲ့သည့်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now) 

အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲပြန်လုပ်မည်ဖြစ်ကြောင်း အသံဟစ်နေချိန် ယခုလ ၂၁ ရက်က နေပြည် တော်သတင်းစာရှင်းလင်းပွဲတွင် နှင်းဆီပါတီနှင့် ပတ်သက်၍ မေးမြန်းရာတွင် စစ်တပ်တာဝန်ရှိသူများက ရှင်းလင်းစွာ ဖြေကြားခြင်း မရှိပေ။

နှင်းဆီပါတီနှင့်ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ပြန်လည်သုံးသပ်ရာတွင် ချိုးဖောက်မှုများရှိခဲ့သည်ဟု  စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြောသော်လည်း ဆက်လက် တရားရင်ဆိုင်နေရသည့် ပုဒ်မများနှင့် ပတ်သက်ပြီး ပြောဆိုခြင်းမရှိပေ။

“နှင်းဆီပါတီကိစ္စကတော့ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ပြန်လည်သုံးသပ်တဲ့အခါမှာ တချို့ဟာတွေသည် မှန်ပါတယ်။ မှန်ကန်လို့မလို့ လုပ်ခဲ့တာဖြစ်ပါတယ်လို့ပဲ ကျွန်တော်တို့တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

ထိုသတင်းစာရှင်းလင်းပွဲ၌ပင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကမူ ခိုင်မာအားကောင်း သည့် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြောသည်။​

၁၉၉၉ ခုနှစ်တွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီး အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် နိုင်ငံရေးခိုလှုံ ပြီး ၂၀၀၇ ခုနှစ်တွင် နှင်းဆီပါတီကို တည်ထောင်ခဲ့သူ ဦးကျော်မြင့်မှာ လက်ရှိတွင် အင်းစိန်ထောင်၌ ကျန်းမာစွာရှိနေ ကြောင်း ပြန်လည်လွတ်မြောက်လာသူအချို့ထံမှ သိရသည်။​

“၅ တိုက်မှ ၂ ခန်းတွဲ သူ့အတွက် သီးခြားလုပ်ပြီး သီးသန့်ထားတယ်။ ဘယ်သူနဲ့မှလည်း တွေ့ခွင့်မရဘူး” ဟု ပြီးခဲ့သည့် လပိုင်းက အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button