သတင်း

နှင်းဆီပါတီ ဖျက်သိမ်းခံရမှုကို စစ်ကောင်စီမကျေနပ်ကြောင်းထုတ်ဖော်

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်က ထောင်ပြေးမှုဖြင့် ပြန်လည်ဖမ်းဆီးခံရပြီး အခြားပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ဟွာဟူ ထူထောင်သည့် နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဖျက်သိမ်းခဲ့မှုအပေါ် မကျေနပ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာ အာဘော်တွင် ဖော်ပြထားသည်။ 

“အခြေခံလူတန်းစားများထောက်ခံလာကြသော ပါတီသစ်တစ်ခုကို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှ ငွေကြေးထောက်ပံ့မှုရယူထားသည်ဟု ဆိုကာ ပါတီဖျက်သိမ်းပစ်နိုင်ခဲ့သည်အထိ အလဲထိုးခဲ့သည်”ဟု ယခုလ စက်တင်ဘာ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ စာချစ်သူ ကလောင်အမည်ဖြင့် ဖော်ပြထားသော တစ်ဖက်သတ်အမြင် တစ်ဖက်သတ်အတွေးဖြင့် အမှန်တရားနှင့်ဝေးသူတွေ ခေါင်းစဉ်ပါ ဆောင်းပါးတွင် ဖော်ပြထားသည်။ 

ထိုဆောင်းပါးတွင်ပင် နှင်းဆီပါတီကို အလဲထိုးနိုင်ရန် သတင်းဌာနတချို့က ကူညီခဲ့သယောင် စွပ်စွဲပြောဆိုထားပြီး “အချက်အလက်များ တိကျစုံလင်လှ၍ ပြည်တွင်းအဆင့်မျှ မဟုတ်တန်ရာ။ နိုင်ငံတကာအဆင့်အဖွဲ့အစည်းကြီးများသာ လက်လှမ်းမီနိုင်သည့် စာရင်းဇယားအချက်အလက်များသာ ဖြစ်တန်ရာ၏”ဟုပင် ကောက်ချက်ဆွဲထားသည်။ 

နှင်းဆီပါတီကို စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစိုးရအဖွဲ့ကို တောင်းဆိုလာသောကြောင့် ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံမှတစ်ဆင့် ကျပ်ငွေ ၁၆ ဘီလျံကို တရားမဝင်လွှဲပြောင်းရယူခဲ့သည်၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ချေးငွေလုပ်ကိုင်ခြင်း၊ အိမ်ခြံမြေပိုင်ဆိုင်မှုများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ မဟုတ်ဘဲ ရယူထားခြင်းများ ကနဦးတွေ့ရှိထားသည်ဟု နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ကော်မရှင်က ပါတီအား စိစစ်ပြီးနောက် ဖျက်သိမ်းခဲ့သည်။ 

နှင်းဆီပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အနေအထားရှိခဲ့ပြီး ကိုယ်စားလှယ်လောင်းအရေအတွက်အားဖြင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် ဒုတိယအကြီးမားဆုံးပါတီဖြစ်ခဲ့သည်။

နှင်းဆီပါတီဖျက်သိမ်းခဲ့ခြင်းကိစ္စကို စစ်ကောင်စီသတင်းစာအာဘော်တွင်သာမက အာဏာသိမ်းပြီးမကြာမီ ဧပြီ ၆ ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စု၊ တိုင်း၊ ပြည်နယ် တာဝန်ခံများနှင့် နေပြည်တော်တွင် တွေ့ဆုံ၍ အာဏာသိမ်းရသည့် အကြောင်းပြချက်များကို ပြောရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။  

“အဓိကယှဉ်ပြိုင်ကြမည့် NLD ပါတီ၊ USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး) ပါတီ၊ UDP ပါတီတို့အနက် ကိုယ်စားလှယ် ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် UDP ပါတီကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့် မညီသည့်အတွက် ဖျက်သိမ်းခဲ့ကြောင်း” ၎င်းက ပြောခဲ့သည်။

လက်တွေ့တွင် နှင်းဆီပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများကို ဝင်ပြိုင်ဖူးသော်လည်း တစ်နေရာမျှ အနိုင်ရခဲ့ခြင်းမရှိပါ။

ဦးကျော်မြင့်မှာ လွန်ခဲ့သည့် ၂၃ နှစ်၊ ၁၉၉၈ က ထောင် ၉နှစ် ကျခံနေရချိန်တွင် မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှ ထွက်ပြေးနေသူဖြစ်ကြောင်း ၂၀၂၀ စက်တင်ဘာတွင် Myanmar Now က ဆောင်းပါးရေးသားခဲ့သည်။ 

အနောက်တိုင်းသတင်းစာတိုက်များထံ ဦးကျော်မြင့်ကိုယ်တိုင်ပေးပို့ခဲ့သော စာများနှင့် ၎င်း၏ နာမည်ဖြင့် ပြုလုပ်ထားသော အင်တာနက်ဘလော့စာမျက်နှာတွင် ရေးသားချက်များ၊ ဦးကျော်မြင့်ထွက်ပြေးမှုကြောင့် ဘဝပျက်ခဲ့ရသည့် ထောင်အရာရှိတို့ကို ကိုးကား၍ ရေးသားခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော်သမ္မတရုံးက ထိုဆောင်းပါးပါ အချက်များကို ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး ၂၀၂၀ စက်တင်ဘာ ၃၀ တွင် ဦးကျော်မြင့်ကို ရန်ကုန်မြို့နေအိမ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးသည်။

ထောင်မှ ထွက်ပြေးပြီးနောက် ၁၅ နှစ်ခန့်အကြာ ၂၀၁၄၊ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်လက်ထက်တွင် တရုတ်နယ်စပ်မြို့ မူဆယ်မှတစ်ဆင့် ဝင်လာခြင်းဖြစ်ကြောင်း၊ နှင်းဆီပါတီမှာ ဦးကျော်မြင့် ပြည်တွင်းပြန်၍ ဝင်မလာမီ ၂၀၀၇ ကတည်းက ထူထောင်ခဲ့ကြောင်း သမ္မတရုံးက အတည်ပြုခဲ့သည်။

နေပြည်တော် သမ္မတအိမ်တော်၌ ၂၀၂၀ အောက်တိုဘာလအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်မြင့်၏ ပိုင်ဆိုင်မှု ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှ တရားမဝင်လွှဲပြောင်းရယူငွေ ကျပ် ၁၁ ဘီလျံ ဖော်ထုတ်ရရှိကြောင်း၊ ထောင်ပြေးမှု၊ ငွေကြေးခဝါချမှု၊ လူဝင်မှုကြီးကြပ်ရေး စသည့် ဥပဒေများဖြင့် အရေးယူရန် စီစဉ်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ထို့နောက် ၂၀၂၀ နိုဝင်ဘာ ၂၂ တွင် ဦးကျော်မြင့်ကို မန္တလေး၊ ချမ်းအေးသာစံတရားရုံးက ထောင်ပြေးမှုဖြင့် ယခင်ကျခံရန် ကျန်သည့် ထောင်ဒဏ် ၉နှစ်ဝန်းကျင်အပြင် နောက် ၂နှစ် ထပ်မံကျခံရန် အမိန့်ချခဲ့သည်။ ထို့အတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ အောက်တိုဘာ ၁၇ တွင် ၎င်း၏ နှင်းဆီပါတီကို ဖျက်သိမ်းကြောင်း ကြေညာသည်။

ပါတီဖျက်သိမ်းမခံရမီ ၂၀၂၀ နိုဝင်ဘာတွင် နေပြည်တော်၌ အင်အားပြနေသည့် နှင်းဆီပါတီ။ ဓာတ်ပုံ – Myanmar Now

NLD အပြတ်အသတ်အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ဖေဖော်ဝါရီ ၁တွင် စစ်တပ်က အာဏာသိမ်းချိန်၌မူ ဦးကျော်မြင့် ဆက်လက်ရင်ဆိုင်ရရန်ရှိသော အမှုများကို စစ်ကောင်စီက မည်သို့ ဆက်လက်စီမံနေသည်ကို မသိရသေးပေ။

ဖျက်သိမ်းခံရသည့် UDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဟောင်းတစ်ဦးက ဦးကျော်မြင့်အပါအဝင် လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်စပ်မှုမရှိတော့ကြောင်း ပြောသည်။

“ပါတီဖျက်လိုက်ကတည်းက ကျွန်တော်လည်း အကုန်လုံးနဲ့ အဆက်အသွယ်ပြတ်နေတယ်။ ပတ်သက်မှုမရှိတော့သလို ဘာမှလည်းမသိဘူး”ဟု အမည်မဖော်လိုသူ အဆိုပါ အမှုဆောင်ဟောင်းက ပြောသည်။

မန္တလေးအိုးဘိုထောင်မှ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပြောင်းရွှေ့ခံရသူ ဦးကျော်မြင့်မှာ အင်းစိန်ထောင်၌ ရှိနေဆဲဖြစ်ကြောင်း ဇူလိုင်လဆန်းတွင် အကျဉ်းထောင်မှ လွတ်မြောက်လာသူအချို့က Myanmar Now ကို အတည်ပြုထားသည်။

UDP တည်ထောင်သူ၏ အသေးစိတ်အခြေအနေကို သိနိုင်ရန် ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထံ ယမန်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button