သတင်း

နှင်းဆီပါတီဥက္ကဋ္ဌ တရုတ်နိုင်ငံဘက်မှ ၁၆ ဘီလျံကျော် တရားမဝင်ငွေလွှဲ‌ပြောင်းရယူခဲ့

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်သည့် ဘဏ်ငွေစာရင်း ၅၉ ခုကို အစိုးရက ကနဦးစစ်ဆေးခဲ့ရာ ၎င်းသည် တရုတ်နိုင်ငံမှတဆင့် ကျပ်ငွေ ၁၆ ဘီလျံကျော်ကို တရားမဝင်လွှဲပြောင်း ရယူခဲ့ပြီး ထိုအမှုသည် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ပေးလို့ရသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းနေကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။ 

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနယ်စပ်နှင့် ကပ်လျက်ရှိသော ရွှေလီ၊ ကျယ်ဂေါင်တရုတ်မြို့များရှိ တရုတ်နိုင်ငံသား အနည်းဆုံးခြောက်ဦးခန့်က ဦးကျော်မြင့်ပိုင် မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ဘဏ်စာရင်းများဖွင့်လှစ်ထားသော ယူနိုက်တက်အမရာဘဏ် (UAB) နှင့် ဧရာဝတီဘဏ်တို့အား မြန်မာနိုင်ငံအတွင်းရှိလူတချို့ကို တစ်ဆင့်ခံပြီး ထိုငွေများကို လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

“ဦးကျော်မြင့်ရဲ့ ဘဏ်ငွေစာရင်းတွေဟာ တရုတ်နိုင်ငံကနေပြီးတော့ တရားမဝင် ဟွန်ဒီနဲ့ ငွေကြေး လွှဲပြောင်းလာတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ၁၆ ဒသမ ၃၁၅ ဘီလျံကို တရုတ်နိုင်ငံဘက်မှာရှိတဲ့ ဟွန်ဒီလုပ်ငန်းပေါ့နော်၊ တရားမဝင်ငွေကြေးလွှဲပြောင်းတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေကနေ အဆင့်ဆင့်လွှဲပြောင်း ပေးပို့ထားတာ တွေ့ရှိရပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။ 

၂၀၁၄ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ အရ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်မှုကျူးလွန်သည့် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ် သန်း ၅၀၀ ငွေဒဏ်နှင့် ပိုင်ရှင်အား ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ထည့်သွင်းပြောကြားခဲ့သည်။ 

“မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်းက ရရှိတဲ့ငွေကြေးများဖြစ်တယ်လို့ ကာယကံရှင် (ဦးကျော်မြင့်) က ထွက်ဆိုပေမယ့် တရားဝင်အထောက်အထား တစ်စုံတစ်ရာ စစ်ဆေးမတွေ့ရပါဘူး” ဟု ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် ဦးကျော်မြင့်သည် ဗဟိုဘဏ်ခွင့်ပြုချက် လိုင်စင်မရှိဘဲ ကုမ္ပဏီဝန်ထမ်းများကို အတိုးမဲ့၊ ပြင်ပပုဂ္ဂိုလ်များကို အတိုးနှုန်း ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းဖြင့် ၂၀၁၆ မှ ၂၀၂၀ စက်တင်ဘာလအထိ ငွေကျပ် သန်း ၄၀၀၀ ကျော် ချေးငွေထုတ်ချေးခဲ့ပြီး အကျိုးအမြတ်အဖြစ် အတိုးငွေ ကျပ်သန်း ၅၀၀ ကျော် ရရှိခဲ့သည်ဟု ဆိုသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ဘဏ်တိုးရရှိခြင်း၊ ချေးငွေထုတ်ချေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှ ငွေကျပ် ၁၅ ဒသမ ၅၁ ဘီလျံကျော် ရရှိခဲ့သည်ဟု ဆိုသည်။ 

ထိုသို့ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၆ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၉ နှင့် ၁၇၁ တို့အရ အနည်းဆုံးထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်နှင့် ကျပ်သန်း ၅၀၀ ထက်မပိုသော ငွေဒဏ် ချမှတ်ခြင်းခံရမည်ဖြစ်သည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် ဦးကျော်မြင့်သည် ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် ၂၀၁၈ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ကျပ်ငွေ ၁၃ ဒသမ ၈၉ ဘီလျံကျော် သုံးစွဲခဲ့ပြီး တိုင်း၊ ပြည်နယ်၊ ခရိုင်အဆင့် ပါတီဝင်တစ်ဦးလျှင် ငွေကျပ် ၂ သိန်း ၉ သောင်းမှ ၃ သိန်း ၉ သောင်းအထိ၊ မြို့နယ်အဆင့် တစ်ဦးလျှင် ကျပ် ၁ သိန်း ၉ သောင်းကျပ်နှင့် ရပ်ကျေးအဆင့် ၉ သောင်းကျပ်၊ လွှတ်တော်ကိုယ်စားလှယ် ၇၁၆ ဦးကို တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်း ထောက်ပံ့ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ 

တရားမဝင်ရရှိလာသည့် ငွေကြေးများဖြင့် ပါတီလုပ်ငန်းများကို လုပ်ကိုင်နေခြင်းသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းပြန်ထားသည်ဟုလည်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

ထို့ပြင် ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုအိမ်ခြံမြေပစ္စည်းများကို စစ်ဆေးရာတွင်လည်း လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိသည်များ တွေ့ရှိခဲ့ရပြီး ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ International City ဟိုတယ်ကို ငွေကျပ် သိန်းတစ်သောင်းကျော်ဖြင့် ဝယ်ယူခဲ့ရာတွင် ရောင်းချသူဘက်မှ အခွန်ပေးဆောင်မှုမရှိသဖြင့် အခွန်စည်းကြပ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ 

ထို့ပြင် မှော်ဘီမြို့နယ် ရင်းတိုက်ပင်ကျေးရွာအုပ်စုရှိ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ ၁၆၄ ဧကကျော်ကို ငွေကျပ်သိန်းပေါင်း ရှစ်သောင်းရှစ်ထောင်ကျော်ဖြင့် ဝယ်ယူခဲ့ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ အခြားမြေသုံးစွဲခွင့် လျှောက်ထားရယူခဲ့ခြင်းမရှိဘဲ အပန်းခြေစခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင်ထားကြောင်း၊ နေပြည်တော်တွင် ပါတီဌာနချုပ် ဖွင့်လှစ်ထားသည့် မြေ ၆ ဒသမ ၉ ဧကပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ထားထားသော်လည်း လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လျှောက်ထားခဲ့ခြင်းမရှိကြောင်း ဦးဇော်ဌေးက ရှင်းလင်းတင်ပြခဲ့သည်။  

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် မြန်မာနိုင်ငံ ပြန်ဝင်လာခြင်းနှင့်ပတ်သက်၍လည်း ဦးဇော်ဌေးက “ကာယကံရှင်ကို စိစစ်တယ်။ သူ့ရဲ့ထွက်ဆိုချက်ပေါ့နော်။ ထွက်ဆိုချက်က ၁၉၉၉ ဇန်နဝါရီမှာ မန္တလေးပြည်သူ့ဆေးရုံကြီး အချုပ်ကနေပြီးတော့ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အခါမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ တစ်လနေထိုင်တယ်။ အဲ့ကနေ နော်ဝေ အော်စလိုမှာ သုံးလလောက်နေတယ်။ အဲ့ကနေပြီးတော့ နိုင်ငံရေခိုလှုံခွင့်နဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီကို ရောက်တယ်။ အဲ့တော့ ၂၀၁၂အထိ ကနေဒါနိုင်ငံ၊ ဘန်ကူးဘားမှာ နေထိုင်တယ်။ ပြီးရင် ၂၀၁၂မှာ တရုတ်နိုင်ငံကို ရောက်တယ်။ ၂၀၁၃မှာ တရုတ်ကနေပြီးတော့ မြန်မာနိုင်ငံကို ခိုးဝင်လာတယ်” ဟု ပြောသည်။ 

ဦးကျော်မြင့်၏ မှတ်ပုံတင်နှင့် ပတ်သက်၍လည်း “သူက တရားဝင်မှတ်ပုံတင်ရထားတာ၊ ဟိုးအရင်တုန်းက ထောက်လှမ်းရေးထောက်ခံချက်နဲ့ ထုတ်ပေးထားတယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။ ထုတ်ပေးထားတော့ တရားဝင်မှတ်ပုံတင်ရနေတဲ့ သဘောဖြစ်နေတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

လားရှိုးမြို့အတွက် သတ်မှတ်မှတ်ပုံတင်အမှတ် ၁၃/လရန ဖြင့်စသော မှတ်ပုံတင်ကိုင်ဆောင်ထားသူ ဦးကျော်မြင့်သည် လူမျိုးနေရာတွင် ကချင်၊ ကိုးကန့်ဟု ဖော်ပြထားကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

“လဝက က နိုင်ငံသားစိစစ်ရေးကတ်ဒ်ပြားတစ်ခု ရှိတယ်ဗျာ။ နာမည်တော့ မပြောတော့ဘူး။ အဲ့ဒါက ဦးကျော်မြင့်နာမည်နဲ့ နေရပ်လိပ်စာက လားရှိုးလိပ်စာနဲ့ပါ။ နောက်ထပ် မှတ်ပုံတင်ကတ်ဒ်ပြားတစ်ခုက ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်နံပါတ်မှားတဲ့ကိစ္စ အဲ့ဒီမှတ်ပုံတင်ကို ပြန်စိစစ်လိုက်တော့ ဦးကျော်မြင့်နာမည်နဲ့ မဟုတ်ဘူး။ အဲ့ဒါက ကွတ်ခိုင်က လူတစ်ယောက်ရဲ့ မှတ်ပုံတင်ဖြစ်နေတယ်” ဟုလည်း ဦးဇော်ဌေးက ပြောသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ ကနဦးစစ်ဆေးတွေ့ရှိများသာဖြစ်ပြီး ဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် ထပ်မံတွေ့ရှိနိုင်သည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။ 

“စိစစ်ချက်တွေ လတ်တလောမပြီးသေးဘူး။ ကော်မရှင်က ရွေးကောက်ပွဲနီးကပ်နေတဲ့အတွက် စိစစ်ရသမျှကို ပို့နေတယ်။ ကျန်တာတွေကတော့ ပိုင်ဆိုင်မှုက ဒီလောက်ရှိပေမယ့် ဒီထက်လည်း ပိုနိုင်တယ်။ တရားမဝင်ငွေကြေးတွေ၊ ငွေမည်းတွေဝင်လာတဲ့ဟာကလည်း ဒီထက်ပိုနိုင်တယ်။ ကျွန်တော်တို့ ထပ်ဖော်ထုတ်နေတယ်” ဟု ၎င်းက ပြောသည်။ 

လက်ရှိစွဲဆိုထားသည့် ထောင်ပြေးမှု ပုဒ်မ ၂၂၄ အပြင် ရာဇသတ်ကြီးပုဒ်မများ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မများ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ပုဒ်မများဖြင့်လည်း ဆောင်ရွက်သွားရန်ရှိသည်ဟု ဦးဇော်ဌေးက ပြောသည်။ 

ထို့အပြင် စစ်ဆေးတွေ့ရှိချက်များကို သမ္မတရုံးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံ ပေးပို့ထားပြီး ဦးကျော်မြင့်၏ နှင်းဆီပါတီနှင့်ပတ်သက်၍ ကော်မရှင်က ဆက်လက်ဆောင်ရွက်ရန်ရှိသည်ဟု ဦးဇော်ဌေးက ပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

လက်ရှိတွင် ဦးကျော်မြင့် ဥက္ကဋ္ဌလုပ်နေသည့် နှင်းဆီပါတီ၏ ရငွေသုံးငွေများ လာရောက်အစစ်အဆေးခံရန် UEC က အောက်တိုဘာ ၁၄ရက်တွင် ဆင့်ခေါ်ခဲ့သော်လည်း ပါတီဘက်က လာရောက်ဖြေရှင်းခြင်းမရှိသေးသလို မည်သို့ အရေးယူဆောင်ရွက်ရန်ရှိသည်ကိုလည်း UEC ထံမှ သိရခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button