သတင်း

အမည်ပျက်စာရင်းတွင်မပါကြောင်း ပြောသဖြင့် ပြန်လာခဲ့ခြင်းဖြစ်ဟု ဦးကျော်မြင့်ထွက်ဆို

အမည်ပျက်စာရင်းတွင် မပါ၍ ပြည်ပြန်ခွင့်ရှိကြောင်း တရုတ်နိုင်ငံ မြန်မာကောင်စစ်ဝန်ရုံးအရာရှိက ပြောသဖြင့် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း ထောင်ပြေးမှုဖြင့် တရားစွဲဆိုခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံး တရားခွင်တွင် ယနေ့ လျှောက်ထားခဲ့သည်။

လွန်ခဲ့သော ၂၁ နှစ်က ထောင်ပြေးမှုအတွက် ဦးကျော်မြင့်ကို ချမ်းအေးသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အောက်တိုဘာ ၂၀ တွင် စွဲချက်တင်ပြီးနောက် သုံးရက်အကြာတွင် ထပ်မံရုံးထုတ် စစ်ဆေးနေခြင်းဖြစ်သည်။

ဦးကျော်မြင့်သည် ၂၀၁၂ တွင် ကနေဒါနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး တရုတ်ပြည်ရှိ မြန်မာကောင်စစ်ဝန်ရုံး၌ ပြည်ပြန်ခွင့် ရှိမရှိ သွားရောက်မေးမြန်းခဲ့ကြောင်း၊ အမည်ပျက်စာရင်းတွင် ၎င်း မပါဝင်သည့်အတွက် ပြန်ခွင့်ရှိကြောင်း  ဦးဇော်ဖြိုးဝင်းအမည်ရှိ ကောင်စစ်ဝန်ချုပ်က ဆိုသဖြင့် မြန်မာနိုင်ငံသို့ မူဆယ်မှတစ်ဆင့် ပြန်ခဲ့ကြောင်း ဦးကျော်မြင့်က ယနေ့ တရားခွင်တွင် လျှောက်ထားခဲ့သည်။

မူဆယ်မှတစ်ဆင့် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ရုံးခန်းဖွင့်လှစ်ခဲ့ကြောင်း ၎င်းက ထွက်ဆိုသည်။

ယနေ့ရုံးချိန်းတွင် ဦးကျော်မြင့်ကို ချမ်းအေးသာစံမြို့နယ်ရဲစခန်းမှ ဒုရဲမှူးအောင်မင်းက တရားလိုပြုလုပ်၍ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃ (၁) ဖြင့်လည်း ထပ်မံတရားစွဲဆိုခဲ့သည်။ 

“သူ ထောင်က ထွက်ပြေးသွားတယ်။ အခြားနိုင်ငံတွေကို ထွက်သွားတယ်။ နောက်ပြန်ဝင်လာတယ်။ ခွင့်ပြုချက်မရှိ ပြန်ဝင်လာတယ်။ ဒီအကြောင်းအရာအပေါ် မူတည်ပြီးတော့စွဲတာ” ဟု မြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။

လဝကအက်ဥပဒေ ၁၃ (၁) မှာ ပြည်တွင်းဝင်ရောက်နေထိုင်ခွင့် သို့မဟုတ် ပြည်ဝင်ဗီဇာတွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့် ဆန့်ကျင်လျက် ဝင်ရောက်သူ သို့မဟုတ် ဝင်ရောက်ရန် အားထုတ်သူ သို့မဟုတ် ဝင်ရောက်ပြီး စည်းကမ်းချက်များနှင့် ဆန့်ကျင်နေထိုင်သူများကို အရေးယူသည့် ပုဒ်မဖြစ်သည်။ ယင်းပုဒ်မအရ အပြစ်ရှိကြောင်း စီရင်ခြင်းခံရပါက ထောင်ဒဏ် အနည်းဆုံး ၆ လမှ အများဆုံး ၅ နှစ်အထိ ချမှတ်နိုင်သည်။ 

“လဝကမှာ တရားဝင်ခြင်း၊ မဝင်ခြင်းက ပြောလို့မရသေးဘူး။ တရားလိုဘက်က စွပ်စွဲချက်၊ တရားခံဘက်က ထုချေချက်တို့ ကြည့်ပြီးမှ အမိန့်ချရမှာ” ဟု တရားသူကြီး ဦးကျော်မျိုးဝင်းက တရားခွင်အပြီးတွင် သတင်းမီဒီယာများကို ပြောသည်။

ဦးကျော်မြင့်သည် တရုတ်မြန်မာနယ်စပ်မြို့ဖြစ်သော မူဆယ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်က ထုတ်ပေးသော (Border pass) နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ဖြင့် တရားဝင် ဝင်ရောက်လာခဲ့ပြီး၊  မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးနောက် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် နေထိုင်သွားကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အောက်တိုဘာ ၁၀ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

ဦးကျော်မြင့် တည်ထောင်ထားသည့် နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းထားပြီးဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက်၂၀၁၄ တွင် နေပြည်တော်ရှိ အကျဥ်းဦးစီးဌာနညွှန်မှူး ဦးကျော်ညွန့်ဆိုသူထံ သွားရောက်တွေ့ဆုံ၍ မန္တလေးရှိ ယခင်အမှုတွဲများ ဖြေရှင်းရန်ပြောဆိုရာ အဆိုပါအရာရှိက အမှုတွဲမရှိတော့ကြောင်း ပြောခဲ့သည်ဟု ဦးကျော်မြင့်က လျှောက်ထားသည်။

၁၉၉၈ တွင် ၎င်းကို ချမှတ်ခဲ့သည့်ပြစ်ဒဏ်မှာ နဝတခေတ်တွင် မတရားသဖြင့် ချမှတ်ထားခဲ့သည့် ပြစ်ဒဏ်ဖြစ်သည့်အတွက် ယခု ဒီမိုကရေစီအစိုးရလက်ထက်တွင် ၎င်း၏ပြစ်ဒဏ် မရှိတော့ကြောင်းလည်း ဦးကျော်မြင့်က လျှောက်ထားသည်။

ထို့အပြင် မန္တလေးအိုးဘိုထောင်မှ ၎င်းထွက်ပြေးခဲ့ခြင်း မဟုတ်ဘဲ ၎င်းနှင့်အတူ လမ်းလျှောက်ထွက်သည့် ရဲဝန်ထမ်းက ဘုန်းကြီးကျောင်းတစ်ခုအတွင်း၌ ၎င်းကို ထားခဲ့ကြောင်း၊ ဘုန်းကြီးနှစ်ပါးက ၎င်းသည် ထောင်ထဲ၌ ရှိနေသင့်သူ မဟုတ်ဟုဆိုကာ မြဝတီဘက်သို့ ကားနှင့် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုမှတဆင့် အရာရှိတစ်ဦး၏ အကူအညီဖြင့် နော်ဝေနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်းတို့ကို ထွက်ဆိုသည်။

တရားခွင်တွင် တရားသူကြီးတစ်ဦး ၊တရားရုံးစာရေး၊ တရားလိုရှေ့နေ နှစ်ဦး၊ ဦးကျော်မြင့်၏ ရှေ့နေနှစ်ဦး၊ ကိုဗစ်နိုင်တင်း တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ (PPE) ဝတ်ဆင်ထားသည့် ဦးကျော်မြင့်နှင့် ရဲဝန်ထမ်းနှစ်ဦး၊ တရားခွင်သို့ လာရောက်သတင်းယူသည့် သတင်းထောက်နှစ်ဦး စုစုပေါင်း ၁၁ ဦး ရှိသည်။

မြန်မာကျော် ကုမ္ပဏီမှဟုဆိုသည့် အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးလည်း တရားခွင်တွင် ရောက်ရှိနေရာ အပြင်မှသာစောင့်ရန် တရားသူကြီးက မေတ္တာရပ်ခံခဲ့သည်။

အဆိုပါအမျိုးသမီး တရားခွင်မှ မထွက်ခွာမီ ဦးကျော်မြင့်က “နင် ဘာမှစိတ်ဆင်းရဲမနေနဲ့။ အမှုက အရင်ခေတ်က နိုင်ငံရေးအမှု အဆင်ပြေသွားမှာ။ အလုပ်တွေသာ ဆက်လုပ်” ဟု တီးတိုးမှာကြားသည်ကို တွေ့ရသည်။

ယနေ့တရားခွင်တွင် ဦးကျော်မြင့်က တရားခံပြသက်သေ ၆ ဦးအဖြစ် ပြည်ကြီးတံခွန်မြို့နေ ဦးစောလွင်၊ တောင်ကြီးမြို့နေ ဦးမြငြိမ်း ၊ အုတ်တွင်းမြို့နေ ဦးသက်ဦး ၊ ငဖဲမြို့နေ ဦးကျော်ရွှေ ၊ ကန့်ဘလူမြို့နေ ဦးသောင်းရွှေ၊ အောင်လံမြို့နေ ဒေါ်မြတ်ခိုင်ခိုင်သူ တို့ကို တရားရုံးထံ တင်သွင်းထားသည်။

အဆိုပါ တရားခံပြသက်သေများသည် သက်ဆိုင်ရာ မြို့များမှ ကျန်းမာရေးစစ်ဆေးထောက်ခံချက်များ မပါရှိဘဲ ကွာရန်တင်းများ ဝင်ရမည်ဆိုပါက အမှုစစ်ဆေးမှု ကြန့်ကြာသွားမည်ဖြစ်ကြောင်း တရားသူကြီးက ဆိုသည်။

နောက်ရုံးချိန်းကို အောက်တိုဘာ ၂၆ သို့ ချိန်းဆိုထားပြီး တရားခံပြသက်သေများကိုစစ်ဆေးမည် ဖြစ်သည်။
 

Show More

Related Articles

Back to top button