သတင်း

အင်းစိန်ထောင်ရောက် နှင်းဆီပါတီဥက္ကဋ္ဌဟောင်းကို အမှုနှစ်ခုဖြင့် ထပ်မံအရေးယူထား 

နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည့် နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ကို ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေအပါအဝင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်အရေးယူထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ 

ဦးကျော်မြင့်ကို ၂၀၁၆ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၇၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက ပြောသည်။

နှင်းဆီပါဥက္ကဋ္ဌဟောင်းကို ထောင်ပြေးမှုအတွက် မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက နိုဝင်ဘာ ၁၂ ရက်တွင် အမိန့်ချခဲ့ပြီးနောက် လဝကဥပဒေဖြင့် ဆက်လက်အရေးယူ ဒီဇင်ဘာလဆန်းပိုင်းတွင် ရန်ကုန် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ 

ထို့နောက် ငွေရေးကြေးရေးဆိုင်ရာဥပဒေများဖြင့် အရေးယူနိုင်ရန် အထူးစုံစမ်းစစ်ရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး လှိုင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ 

“စသုံးလုံးက စစ်တာ။ အကုန်လုံး စသုံးလုံးကပဲ။ တရားလိုလုပ်တော့လည်း သူတို့ပဲ။ အမှုစစ်တော့လည်း သူတို့ပဲ။ ကျွန်တော်တို့က အမှုဖွင့်ပေးလိုက်ရတာပဲရှိတာ။ နိုဝင်ဘာလကုန်ပိုင်းက အမှုဖွင့်သွားတာ” ဟု လှိုင်မြို့နယ်စခန်းမှူး ဦးဉာဏ်ထွန်းက Myanmar Now ကို ပြောသည်။ 

ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေအရ ဗဟိုဘဏ်မှထုတ်ပေးထားသော ခွင့်ပြုချက်လက်မှတ်မရှိဘဲ ငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် ထူထောင်လုပ်ကိုင်ခြင်း၊ အပ်နှံငွေလက်ခံခြင်းပြုလုပ်ပါက ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ဒဏ်ငွေ ကျပ်သန်း ၅၀၀ ချမှတ်နိုင်သည်။ 

ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်ကို နိုင်ငံတော်အဆင့် သီးသန့်အဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာတွင် ပထမအသုတ်စစ်ဆေးမှုတွင် ပြည်တွင်းပိုင်ဆိုင်မှု ကျပ် ၂၃ ဘီလျံ၊ တရုတ်နိုင်ငံမှ လွှဲငွေ ၁၆ ဘီလျံ တွေ့ရှိခဲ့ပြီး၊ ဒုတိယအသုတ်တွင် ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှလွှဲငွေ ၁၁ ဘီလျံ ထပ်မံထုတ်ဖော်နိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက အေက်တိုဘာလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ 

သိမ်းဆည်းရမိသည့် ငွေကြေးများတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ငွေကြေးများပါဝင်သည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများဖြင့်ပါ ထပ်မံအရေးယူရန်ရှိကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

ရန်ကုန် အင်းစိန်ထောင်ရောက် ဦးကျော်မြင့်ကို ၎င်းနေထိုင်ခဲ့ရာ လှိုင်သာယာမြို့နယ်တွင်လည်း လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်ထားပြီး လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဝင်းဘိုဦးက “ဥပဒေအကြံတောင်း တင်ထားတယ်။ ပြန်ကျလာရင် တရားစွဲမယ်” ဟု ပြောသည်။ 

ဦးကျော်မြင့်ကို အောက်တိုဘာလတွင် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တရားရုံး၌ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သော်လည်း ၎င်းနေထိုင်ရာမြို့နယ် (သို့မဟုတ်) ပြန်လည်ဝင်ရောက်လာသည့်မြို့နယ်တွင်သာ စွဲဆိုနိုင်မည်ဖြစ်ကြောင်း မြို့နယ်တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။ 

ထောင်ပြေးမှုဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသည့် နှင်းဆီပါတီဥက္ကဋ္ဌဟောင်းကို လှိုင်သာယာမြို့နယ်နှင့် လှိုင်မြို့နယ်တွင် လဝကဥပ‌ဒေ၊ ငွေရေးကြေးရေးဥပဒေများဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး တရားစွဲဆိုတင်ပို့မည့်အချိန်ကိုမူ မသိရှိရသေးပေ။ 

ဦးကျော်မြင့်ကို လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် စက်တင်ဘာ ၂၉ ရက် ညပိုင်းက ဖမ်းဆီးခဲ့ပြီး ၎င်းထွက်ပြေးခဲ့ရာ မန္တလေးအိုးဘိုထောင်သို့ ညတွင်းချင်းပို့ဆောင်ခဲ့သည်။ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထောင်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် တရားစွဲဆိုပြီး ၄၁ ရက်အကြာ နိုဝင်ဘာ ၁၂ တွင် ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ဦးကျော်မြင့်အနေဖြင့် ထောင်ကြွေးကျန်နှစ်များပါ တစ်‌ပေါင်းတစ်စည်းတည်း ကျခံရမည်ဖြစ်သည်။ 

‘ဝ’ တပ်ဖွဲ့နှင့် ဆက်စပ်သည်ဆိုသော မြန်မာကျုံယွမ်ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်ခဲ့သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ၁၉၉၈ ခုနှစ်တွင် မြန်မာကုမ္ပဏီများအက်ဥပဒေချိုးဖောက်မှု၊ ငွေကြေးမသမာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရသည်။ 

မန္တလေး အိုးဘိုထောင်၌ ထောင်ဒဏ်ကျခံနေစဉ် ၁၉၉၉ ခုနှစ်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထို့နောက် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ခိုလှုံခဲ့ပြီး ၂၀၀၇ ခုနှစ် နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို တည်ထောင်ခဲ့သည်။ 

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ဝင်ရောက်လာပြီးနောက် ပါတီဥက္ကဋ္ဌအဖြစ် ရပ်တည်ခဲ့ပြီး မြန်မာကျော်အမည်ရ ကုမ္ပဏီများတည်ထောင်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ဦးကျော်မြင့်၏ ပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရှိခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အဖမ်းခံရပြီးနောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ငြိစွန်းသည့် နှင်းဆီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ရာ ပါတီကိုယ်စားလှယ်လောင်းများလည်း ရွေးကောက်ခံပိုင်ခွင့်ဆုံးရှုံးခဲ့သည်။ 

Show More

Related Articles

Back to top button