ဆောင်းပါးရွေးကောက်ပွဲ

တစ်ဦးတည်းသော မသန်စွမ်း အမျိုးသမီးကိုယ်စားလှယ်လောင်း 

လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်အတွင်း၌ အခြေခံလူတန်းစားများနေထိုင်ရာ အလယ်ရွာဆိုသော ရပ်ကွက်လေးရှိသည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလဖြစ်သော်လည်း ထိုရပ်ကွက်လေးသည် စည်ကားလျက်ရှိသည်။ ရပ်ကွက်အတွင်းရှိ ‘ချောချော’ အမည်ရ အပ်ချုပ်ဆိုင်အတွင်း၌ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် မိန်းမပျိုလေးများ အလုပ်များလျက်ရှိသည်။ 

စက်ချုပ်နေရာမှထကာ အိမ်နံရံများကိုင်လျက် ခြေထောက်ထော့နဲ့ ထော့နဲ့ဖြင့် အိမ်အတွင်းနှင့် စက်ချုပ်ခန်းအတွင်း ဝင်လိုက်ထွက်လိုက် အလုပ်များနေသူမှာ ချောချောအပ်ချုပ်ဆိုင်ပိုင်ရှင် မချောစုလှိုင်ဖြစ်သည်။

အပ်ချုပ်ဆိုင်လုပ်ငန်း လုပ်ကိုင်လာသည်မှာ ၁၇ နှစ်ကျော်ရှိပြီဖြစ်သည့် မချောစုလှိုင်သည် အပ်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးနေသည့် ဆရာမတစ်ဦးလည်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည့် လက်တစ်ဆုပ်စာ မသန်စွမ်းကိုယ်စားလှယ်လောင်များအနက် မချောစုလှိုင်လည်း အပါအဝင်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်အတူ မချောစုလှိုင်သည် ပထမဆုံးနှင့် တစ်ဦးတည်းသော မသန်စွမ်းအမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ယောက်လည်းဖြစ်သည်။ မချောစုလှိုင်သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများပါတီ (UNDP) ကိုယ်စားပြုကာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မသန်ပေမဲ့ စွမ်းခဲ့သူ 

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ဇာတိဖြစ်သော မချောစုလှိုင်သည် အသက်တစ်နှစ်ခွဲခန့်တွင် အပြင်းဖျားရာမှ ပိုလီယိုရောဂါဖြစ်ကာ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ခဲ့ရသည်။ ဆရာဝန်တစ်ဦးဖြစ်ချင်သော အိပ်မက်မှာလည်း အကောင်အထည်မဖော်နိုင်ခဲ့ပေ။ 

သို့သော် မချောစုလှိုင်သည် လွယ်လွယ်ကူကူ အရှုံးပေးတတ်သူ မဟုတ်ပါပေ။ ခဲရာခဲဆစ်ဘဝဖြင့် ပညာဆုံးခန်းတိုင်အောင် ကျားကုတ်ကျားခဲ သင်ယူခဲ့သည်။ 

လမ်းမလျှောက်နိုင်သော မချောစုလှိုင်အတွက် စာသင်ကျောင်းရောက်ရေးက မဟာအခက်အခဲတစ်ခု ဖြစ်သည်။ ဖခင်ဖြစ်သူက ကုန်းပိုးပြီး နေ့စဉ်ကျောင်းလိုက်ပို့ခဲ့ရသည်။ ကျောင်းရောက်သည်နှင့် စာသင်ခုံတွင် တစ်နေ့လုံးထိုင်ရတော့သည်။ ညနေခင်း ဖခင်ဖြစ်သူလာခေါ်ချိန်အထိ အလေးအပင်မျှပင် မသွားနိုင်ဘဲ ပင်ပန်းကြီးစွာ စာသင်ကြားရသည်။ 

မချောစုလှိုင်သည် ပညာကို ကြိုးစားပမ်းစား သင်ယူခဲ့သည့်အလျောက် ထူးချွန်ခဲ့သူလည်းဖြစ်သည်။ မသန်စွမ်းဖြစ်သော်လည်း အလုပ်တစ်ဖက်နှင့် မြန်မာစာဘွဲ့ ရယူနိုင်ခဲ့သည်။ 

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်တွင် ဂျပန်အစိုးရအထောက်အပံ့ဖြစ်သော အသက်မွေးဝမ်းသင်တန်းကျောင်းတစ်ခုတွင် အပ်ချုပ်သင်တန်းကို တက်ဖြစ်ခဲ့သည်။ မသန်စွမ်းဖြစ်မှုအပေါ် သိမ်ငယ်စိတ်ဝင်ခဲ့မိသော်လည်း ဘဝတူမသန်စွမ်းများနှင့် ချိတ်ဆက်မိပြီးနောက် ဘဝရှေ့ခရီးအတွက် ယုံကြည်ချက်ခိုင်မာလာခဲ့သည်။ 

“အစက တစ်ကမ္ဘာလုံးမှာ ခြေထောက်မကောင်းတာ မသန်စွမ်းတာ ငါတစ်ယောက်တည်းရှိတာလားပေါ့။ သင်တန်းကျောင်းရောက်တော့မှ ကိုယ့်လိုဘဝတွေ တွေ့ရ၊ ကိုယ့်ထက်ဆိုးတဲ့သူတွေ တွေ့ရတယ်။ ကိုယ့်ထက်ဆိုးတဲ့သူတွေတောင် ကြိုးစားနေကြတာ မြင်ရတော့ ကျွန်မစိတ်ဓာတ်တော်တော် တက်ကြွသွားတယ်” ဟု အသက်မွေးမှုသင်တန်းကျောင်း တက်ရောက်ရင်း ကြုံတွေ့ခဲ့ရပုံကို မချောစုလှိုင်က ပြောပြသည်။ 

သင်တန်းရလဒ်အဖြစ် ၂၀၀၃ ခုနှစ်တွင် ကိုယ်ပိုင်အပ်ချုပ်ဆိုင်တစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုအပ်ချုပ်ဆိုင်ဖြင့်ပင် ယနေ့အချိန်ထိ အသက်မွေးဝမ်းကျောင်းလျက်ရှိသည်။ ဘဝတူ မသန်စွမ်းများကို ကူညီဖေးမရန် အပ်ချုပ်ပညာကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့သည်။ 

“အရင်က စာတွေတော့ သင်နေတာပဲ၊ ဘွဲ့လည်းရပြီဆိုပေမယ့် လမ်းပျောက်ခဲ့တယ်။ ဘာဆက်လုပ်ရမလဲ မသိခဲ့ဘူး။ နောက်တော့ ငါဘာမှ မလုပ်နိုင်ရင်တောင် ကိုယ့်လိုဘဝတူတွေကို ဖေးမကူညီနိုင်မယ်ဆိုရင်ကို သေပျော်ပါပြီဆိုပြီး စိတ်ဓာတ်ခွန်အားရခဲ့တယ်” ဟု မချောစုလှိုင်က ဆိုသည်။ 

နောက်ပိုင်းတွင် မသန်စွမ်းသူများသာမက အပ်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလိုသူ မည်သည့် မိန်းကလေးများကိုမဆို သင်ကြားပေးခဲ့သည်။ လှိုင်သာသာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လိုသည့် နွမ်းပါးသော မိန်းကလေးများကို အခမဲ့ပင် စက်ချုပ်ပညာသင်ကြားပေးခဲ့သည်။ 

ဘဝတူ မသန်စွမ်းများနှင့် နွမ်းပါးသော မိန်းကလေးများကို အခမဲ့ စက်ချုပ်ပညာသင်ကြားပေးနေသည့် မချောစုလှိုင်ကို လှိုင်သာယာမြို့နယ်ရှိ ၎င်း၏ ‘ချောချော’ အမည်ရ အပ်ချုပ်ဆိုင်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ဖြိုးထက်အောင်/ Myanmar Now) 

မသန်စွမ်းသူများအရေး တက်ကြွလှုပ်ရှားသူ 

၂၀၁၃ ခုနှစ်တွင် မချောစုလှိုင်သည် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အသင်း တာဝန်ရှိသူတစ်ဦးနှင့် ချိတ်ဆက်မိသည်။ ထိုမှတဆင့် မသန်စွမ်းသူများအတွက် ဖွင့်လှစ်သော Community-based Rehabilitation (ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး) သင်တန်းကို တက်ရောက်ခဲ့သည်။ 

ထိုသင်တန်းမှတဆင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ မသန်စွမ်းအခြေပြုလုပ်ငန်းများနှင့် အသိပညာများကို မချောစုလှိုင် ရရှိခဲ့သည်။ ထိုမှစ၍ မသန်စွမ်းသူများအရေး တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နှင့် လက်တွဲပြီး မသန်စွမ်းသူများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

“ခွေးလေးတွေ ကြောင်လေးတွေ မွေးထားသလို မနက်ထမင်းတစ်နပ်စား ညထမင်းတစ်နပ်စားနဲ့ ဘဝကြီး အဆုံးရှုံးခံမှာလားလို့ ကျွန်မတွေးပြီး မသန်စွမ်းလောကထဲ ရောက်လာခဲ့တယ်” ဟု မချောစုလှိုင်က ပြောသည်။ 

၂၀၁၉ ခုနှစ်တွင် မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများစုပေါင်း၍ မသန်စွမ်းကိုယ်စားလှယ်ရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ အမျိုးသမီးကိုယ်စားလှယ်အဖြစ် မချောစုလှိုင်က ထောက်ခံမဲအများဆုံးဖြင့် ရွေးချယ်ခြင်း ခံခဲ့ရသည်။ 

ယခုအခါ မချောစုလှိုင်သည် ရန်ကုန်တိုင်းမသန်စွမ်းသူများအသင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး နိုင်ငံတော်အဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ မသန်စွမ်းသူများ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ၌လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 

မချောစုလှိုင်သည် ၂၀၁၉ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ (UNCRPD) သဘောတူစာချုပ်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ ၏ ၂၂ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ကာ ပါဝင်ဆွေးနွေးခွင့်ရရှိခဲ့သည်။

ကျား/မ တန်းတူညီမျှရေးနှင့် လိင်စိတ်ခံယူမှု မတူကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှု မရှိစေရန် သင်တန်းများပို့ချပေးလျက်ရှိသည့်နည်းတူ မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သော အသိအမြင်ဖွင့်သင်တန်းများ၊ သားဆက်ခြားကျန်းမာရေး စသည့် ကျန်းမာရေးသင်တန်းများတွင်လည်း ပါဝင်ဆောင်လျက်ရှိသည်။ 

လူနည်းစုများနှင့် ဖယ်ကြဉ်ခံအုပ်စုများ လူ့အခွင့်အရေးတန်းတူရရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း မချောစုလှိုင်၏ ကိုယ်စားလှယ်ကြေညာချက်တွင် ဖော်ပြထားသည်။ 

မသန်စွမ်းသူများအရေး လှုပ်ရှားမှုတစ်ခုတွင် မချောစုလှိုင် ပါဝင်ဆောင်ရွက်ခဲ့စဉ်။ (ဓာတ်ပုံ – မချောစုလှိုင် Facebook) 

စာရွက်ပေါ်မှာရှိနေသေးသည့် မသန်စွမ်းသူများအခွင့်အရေး 

‌၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်းရှိသည်။ တစ်နိုင်ငံလုံးလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းမျှရှိသော မသန်စွမ်းသူများအတွက် မသန်စွမ်းသူများအခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ 

သို့သော် မသန်စွမ်းသူများအတွက် ထိုဥပဒေပါ အခွင့်အရေးများရရှိရေးဆိုသည်ကား လက်တွေ့၌ ကွာဟချက် ကြီးမားနေဆဲဖြစ်သည်။ 

“ကျွန်မတို့ မသန်စွမ်းတွေဆိုရင် အစိုးရက ထင်နေတာက ထောက်ပံ့ကြေးပေးပြီးတော့မှ တစ်ခုခုလိုအပ်ရင် ကူညီတယ်ဆိုတဲ့အပိုင်းတွေကိုပဲ၊ ဒါဆိုရင် တာဝန်ကျေပြီလို့ ထင်တာ။ တကယ်တော့ မဟုတ်ဘူး။ တန်းတူအခွင့်အရေးက အဓိကကျတာ။ ကျွန်မတို့က မသန်စွမ်းအခွင့်အရေးကိုပဲ အဓိကသွားချင်တာ” ဟု မချောစုလှိုင်က ပြောသည်။ 

မြန်မာနိုင်ငံရှိ အဆောက်အအုံများ၊ လမ်းများဆောက်လုပ်ရာတွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်းကောင်း မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိသေးသည်ကို မချောစုလှိုင်က ထောက်ပြခြင်းဖြစ်သည်။ 

မသန်စွမ်းတစ်ယောက်အတွက် သွားလေရာတိုင်းတွင် ဘီးတပ်ကုလားထိုင် (Wheel Chair) ကိုသာ အားကိုးအားထားပြုနေရပြီး ပုံမှန်ထက် သွားလာစရိတ် ပိုကုန်ကျကြောင်းလည်း မချောစုလှိုင်က ပြောသည်။ 

“အစ်မတို့ မသန်စွမ်းတွေက ချမ်းသာတဲ့အသိုင်းအဝိုင်းက မဟုတ်ပါဘူး။ ဒါပေမဲ့ အရွေ့တစ်ခုကို ရောက်ချင်လွန်းလို့ အရင်းအနှီးတစ်ခုလိုပဲ သဘောထားပါတယ်” ဟု သူက ဆိုသည်။ 

ငယ်စဉ်ကပင် မသန်စွမ်းဖြစ်ခဲ့သူ မချောစုလှိုင်သည် တက္ကသိုလ်ပထမနှစ်တက်ရောက်စဉ်တွင် ဘီးတပ်ကုလားထိုင်ကို စတင်အသုံးပြုခဲ့သည်ဟု ဆိုသည်။ “စသုံးတုန်းက အစ်မဆို တွန်းနည်းမသိတော့ ခဏခဏ ပြုတ်ကျတယ်” ဟု စအသုံးပြုစဉ်က အတွေ့အကြုံကို မချောစုလှိုင်က ပြောပြသည်။ 

မသန်စွမ်းမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း မပြုရဟု ဥပဒေက ဆိုထားသော်လည်း မသန်စွမ်းဖြစ်ပါက အလုပ်ရှင်များက ငြင်းပယ်တတ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေသည်။ မသန်စွမ်းသူများ မတရားမှုတစ်ခုခု ခံရပါက တရားစွဲဆိုသည့်အဆင့်ဆင့်တွင် စိန်ခေါ်မှုများရှိနေသည်ဟု မချောစုလှိုင်က ဆိုသည်။ 

မသန်စွမ်းအရေးဟုဆိုပါက လူမှုရေးလုပ်ငန်းအဖြစ် ဖွံ့ဖြိုးရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကိုသာ မြင်ကြပြီး ရပိုင်ခွင့်တစ်ရပ်အနေဖြင့် ရရှိမှုနည်းသေးသည်ဟု မသန်စွမ်းသူများဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူများက ပြောသည်။  

ကဏ္ဍပေါင်းစုံတွင် မသန်စွမ်းသူများ ပါဝင်လာနိုင်ရေးအတွက် မသန်စွမ်းအရေးကို နိုင်ငံရေးခေါင်းစဉ်အောက်ရွှေ့ပြီး လုပ်ဆောင်ရန်လိုအပ်သည်ဟုလည်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အတိုင်ပင်ခံအရာရှိ ဦးနေလင်းစိုးက ပြောသည်။ 

“မသန်စွမ်းတွေကိုယ်တိုင်ကလည်း နိုင်ငံရေးမှာ ပိုပြီးစိတ်ဝင်စားလာဖို့ လိုတယ်။ တစ်ဖက်ကလည်း မသန်စွမ်းတွေရဲ့ အရေးကိစ္စကို နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးရပ်ဝန်းကလူတွေ ပိုပြီးအလေးထား ဆောင်ရွက်ဖို့လိုပါတယ်” ဟု ဦးနေလင်းစိုးက ပြောသည်။ 

မသန်စွမ်းများကို နိုင်ငံရေးဖြစ်စဉ်တွင် မပါဝင်နိုင်အောင် ကန့်သတ်ထားခြင်းမရှိသော်လည်း ထိုသို့ မကန့်သတ်ထားရုံမျှဖြင့် မလုံလောက်ဟု ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ‌ရော ရွေးကောက်ပွဲဥပဒေအရပါ ကန့်သတ်ထားခြင်းမျိုး မရှိပေမဲ့ ပါဝင်လာနိုင်ဖို့ အခွင့်အလမ်းများ ဖန်တီးပေးဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများစွာ ရှိနေဆဲပင်ဖြစ်သည်။ 

“မသန်းစွမ်းတစ်ယောက် ပညာသင်ကြားဖို့ အခွင့်အရေးဆိုတာ ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းပါတယ်။ ပညာတတ်မသန်စွမ်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ မိဘတွေမှာလည်း အရမ်းကိုပင်ပန်းသလို မသန်စွမ်းဘက်ကလည်း ကြိုးစားရတာ တအားပင်ပန်းပါတယ်။ သာမန်ကလေးတစ်ယောက် ကျောင်းတက်ရတာနဲ့ မတူဘူးပေါ့နော်” ဟု VOA သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် မချောစုလှိုင်က ပြောကြားထားသည်။ 

တစ်ဦးတည်းသော မသန်စွမ်းအမျိုးသမီးကိုယ်စားလှယ်လောင်း 

၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများအပါအဝင် ကိုယ်စားလှယ်ပေါင်း တစ်သောင်းနီးပါး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထောင်နှင့်ချီသော ထိုကိုယ်စားလှယ်လောင်းများအနက် မသန်စွမ်းကိုယ်စားလှယ်လောင်း ၃ ဦးရှိပြီး မချောစုလှိုင်က တစ်ဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်လောင်းဖြစ်သည်။ 

မသန်စွမ်းသူများအရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ကိုယ်တိုင်ရွေးကောက်ပွဲဝင်ပြိုင်တော့မည့် မသန်စွမ်း အမျိုးသမီးကိုယ်စားလှယ်လောင်း မချောစုလှိုင်ကို အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – ဖြိုးထက်အောင်/ Myanmar Now) 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းကိုယ်စားလှယ်လောင်းနှစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှ ဦးစောသူရအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ 

အရပ်ဘက်အဖွဲ့အစည်းများက မသန်စွမ်းသူများအခွင့်အရေး တောင်းဆိုနေခြင်းထက် လွှတ်တော်တွင်းမှနေ၍ တိုက်ရိုက်ဆောင်ရွက်ခြင်းက ပို၍အလုပ်ဖြစ်မဉ်ဟု ယုံကြည်လျက် မသန်စွမ်းသူများအရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မချောစုလှိုင်က ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို မဲထည့်ခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ခံကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် NLD အပါအဝင် အင်အားကြီးနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်တော့မည်ဖြစ်သည်။ 

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော် ဝင်ပြိုင်ကြမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် သာမန်လူတစ်ယောက်အတွက်ပင် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ မလွယ်ကူသည်ဖြစ်ရာ မသန်စွမ်းတစ်ယောက်ဖြစ်သော မချောစုလှိုင်အတွက် အခက်အခဲများက ပြောမကုန်နိုင်အောင် ရှိပေမည်။ 

“ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်တဲ့နေ့ကတည်းက အခက်အခဲရှိတယ်။ မသန်စွမ်းအဖွဲ့အစည်းတွေက မသန်စွမ်းတွေသွားလို့ရအောင် အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဓာတ်လှေကားလှူထားတယ်။ သူတို့က ဓာတ်လှေကားကို အသုံးပြုခွင့်မပေးဘူး” ဟု မသန်စွမ်းကိုယ်စားလှယ်လောင်းတစ်ယောက်၏ အခက်အခဲကို မချောစုလှိုင်က ပြောပြသည်။ 

ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သည့်နေ့က မချောစုလှိုင်တစ်ယောက် ကော်မရှင်ရုံးအောက်ထပ်တွင် နာရီပေါင်းများစွာ ထိုင်စောင့်ခဲ့ရသည်။ အမျိုးသားဖြစ်သူက ရုံးအပေါ်ထပ်သို့သွားကာ လျှောက်လွှာဖောင်ဖြည့်ပေးခဲ့ရသည်။ 

ထိုထိုသော အခက်အခဲများရှိလင့်ကစား မချောစုလှိုင်သည် လွယ်လွယ်ကူကူ အရှုံးပေးတတ်သူ မဟုတ်ပေ။ သူ့မျှော်လင့်ချက်အိပ်မက်သည်ကား သန်စွမ်းသူများနှင့်တန်းတူ အခွင့်အရေးရရှိရန် ဖြစ်သည်ဟုဆိုသည်။ 

“ကျွန်မရဲ့ အိပ်မက်ကတော့ ကြီးတယ်။ မြန်မာနိုင်ငံအနေနဲ့ ဝုန်းခနဲဖြစ်သွားဖို့လည်း မမျှော်လင့်ပါဘူး။ တဖြည်းဖြည်းချင်း အကောင်းဘက်ဦးတည်ရွေ့ရမှာပေါ့” ဟု ပြောလိုက်သော မချောစုလှိုင်၏ မျက်နှာပေါ်တွင် ခိုင်မာသောယုံကြည်ချက်များ အထင်းသားပေါ်လွင်လျက်ရှိသည်။ 

Show More

Related Articles

Back to top button