သတင်း

အိမ်အကူကို ရိုက်နှက်မှု ထောင် ၁၅ ရက်ချခြင်း ပြစ်ဒဏ်နည်းသဖြင့် ပြင်ဆင်ချက်တက်မည်

၁၂ နှစ်အရွယ် အိမ်အကူမိန်းကလေးကို မျက်နှာဖူးရောင်အောင် ကန်ကျောက်သည်ဆိုကာ အိမ်ရှင် မသိင်္ဂီထွန်းကို ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခဲ့သည့်အပေါ် မကျေနပ်သဖြင့် ပြင်ဆင်ချက်တက်မည်ဟု တရားလိုက ပြောသည်။ 

၂၀၁၈ နိုဝင်ဘာတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ချယ်ရီလမ်းရှိ အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့သည့် ယင်းအမှုကို မြို့နယ်တရားရုံးက တစ်နှစ် ရှစ်လခန့်ကြာ စစ်ဆေးပြီးနောက် ယခုနှစ် ဇူလိုင် ၁၀ တွင် သာမန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၃ အရ အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။ 

တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်သည် နည်းလွန်း၍ နောက်ထပ်ပြစ်မှုများ မဖြစ်ပေါ်စေရန် တားဆီးရာမရောက်သဖြင့် တရားလိုလည်းဖြစ် ကနဦးတိုင်တန်းသူလည်းဖြစ်သည့် ရာအိမ်မှူး ဦးဆန်းကိုကိုက ခရိုင်အဆင့်တရားရုံး၌ ပြင်ဆင်ချက်တက်မည်ဟု Myanmar Now ကို ပြောသည်။ ပြင်ဆင်ချက်မှာ အမိန့်ချမှတ်ပြီး နှစ်လအတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။ 

“နှစ်နှစ်နီးပါး အမှုရင်ဆိုင်ရတာ ချလိုက်တော့ ၁၅ ရက်ဆိုတော့ ရုံးချိန်းတိုင်း သွားနေရတယ်။ ဖြစ်လာတော့ ဥပဒေက ဘယ်လိုမဏ္ဍိုင်နဲ့ ဘယ်လိုတွေ လုပ်ကြလဲ မသိဘူး။ တော်တော်စိတ်ပျက်တယ်။ တရားသူကြီးကို ကျွန်တော် ကြည့်ပြီး တော်တော် စိတ်မကောင်းဖြစ်တယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး” ဟု ဦးဆန်းကိုကိုက ပြောသည်။

အိမ်အကူမိန်းကလေးငယ်၏ ခန္ဓာကိုယ်တွင် ရရှိထားသည့် ဒဏ်ရာများကို အိမ်ရှင် မသိင်္ဂီထွန်းက ပြုလုပ်ကြောင်း သက်သေထင်ရှားစွာ မရှိဘဲ တစ်ဆင့်ကြားစကား ထွက်ဆိုချက်များသာရှိခြင်း၊ စွပ်စွဲခံရသူ အိမ်ရှင်မသိင်္ဂီထွန်းကလည်း ၎င်း မပြုလုပ်ကြောင်း သက်သေခိုင်လုံစွာ မတင်ပြနိုင်ခဲ့ကြောင်း တရားသူကြီး၏ စီရင်ချက်မှတ်တမ်းတွင် ရေးသားထားသည်။

တရားခံမှာ ယခင်ပြစ်မှုဟောင်း မရှိခြင်း၊ အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ နစ်နာသူများနှင့် ဆွေမျိုးတော်စပ်ကြသဖြင့် အမှုကျေအေးရုပ်သိမ်းလိုကြောင်း နစ်နာသူ မိသားစုဝင်များက တင်ပြခြင်း၊ ပြစ်ဒဏ်ချမှတ်ရာတွင် အကျင့်စာရိတ္တပြုပြင်ရေးဟူသော တရားစီရင်ရေးမူအရ ပြစ်မှုကျူးလွန်ပါက ပြစ်ဒဏ်ချမှတ်ခံရမည်ကိုသိစေရန် ထောင် ၁၅ ရက် ချမှတ်ခဲ့သည်ဟု စီရင်ချက်မှတ်တမ်းအရ သိရသည်။ 

ထောင်ဒဏ် ၁၅ ရက်ကို ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုသဖြင့် ၃၃ နှစ်အရွယ် တရားခံ မသိင်္ဂီထွန်းမှာ အမိန့်ချသည့်နေ့တွင်ပင် လွတ်မြောက်ခဲ့သည်။ 

သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ မှာ  ပြစ်မှုထင်ရှားပါက တစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ တစ်ထောင်ကျပ်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

ရာအိမ်မှူး ဦးဆန်းကိုကိုက တရားလိုပြု၍ တရားစွဲဆိုခဲ့သော်လည်း နစ်နာသူ မိန်းကလေး၏ မိခင်နှင့်ဖခင်က အချိန်ကြာရှည်စွာ အမှုမရင်ဆိုင်လိုခြင်း၊ စွပ်စွဲခံရသူမှာ ဆွေမျိုးဖြစ်၍ အပြစ် မရစေလိုသဖြင့် တရားသူကြီးထံ အမှုကျေအေးရုပ်သိမ်းခွင့် လျှောက်ထားခဲ့ပြီး တရားသူကြီးကလည်း ယင်းအချက်ကို ထည့်သွင်းသုံးသပ်ထားကြောင်း အမှုစီရင်ချက်မှတ်တမ်းအရ သိရသည်။  

အိမ်အကူမိန်းကလေးငယ်ကို တစ်လလျှင် ကျပ် ၃၀,၀၀၀ ဖြင့်၂၀၁၇ တွင် ခေါ်ယူခဲ့သည်ဟု တရားလိုဦးဆန်းကိုကိုက ထွက်ဆိုထားသော်လည်း နစ်နာသူ၏ မိဘများနှင့် စွပ်စွဲခံရသူများကမူ ငွေကြေးဖြင့် ခေါ်ယူခြင်း မဟုတ်ကြောင်း ထွက်ဆိုထားသည်ကို စီရင်ချက်မှတ်တမ်းတွင် တွေ့ရသည်။

အိမ်ရှင်အမျိုးသမီးမှာ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုတွင် စာရင်းကိုင်အဖြစ် လုပ်ကိုင်ပြီး ဆွေမျိုးနီးစပ်တော်သည်ဟုဆိုသော အိမ်အကူမိန်းကလေးငယ်မှာ ၎င်း၏အိမ်၌ တစ်နှစ်ကျော်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် အမှုကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

စီရင်ချက်မှတ်တမ်းများအရ အိမ်အကူမိန်းကလေး၏မိခင်နှင့် ကျူးလွန်သူအိမ်ရှင်မှာ ယောက်မတော်စပ်ကြောင်း သိရသည်။ 

အမှုတိုင်တန်းမှုအစ

မိန်းကလေးငယ်သည် မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် ဈေးဝယ်ထွက်သည်ကို မြင်တွေ့သူ ရပ်ကွက်အတွင်းနေသူတစ်ဦးနှင့် ဆယ်အိမ်မှူးများက ရာအိမ်မှူးထံ တိုင်ကြားခဲ့ပြီး မသိင်္ဂီထွန်းသည် အိမ်အကူကို ရိုက်နှက်ခြင်း၊ ရေနွေးပူလောင်းခြင်း၊ ဓားဖြင့်မွှန်းခြင်း၊ မီးပူကပ်ခြင်းတို့ ပြုလုပ်သည်ဆိုကာ ရာအိမ်မှူးဦးဆန်းကိုကိုက ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

အိမ်အကူ မိန်းကလေး၏ ညာမျက်လုံး၊ နဖူးတို့တွင် ဖူးရောင်ဒဏ်ရာများရှိပြီး လက်မောင်းတို့တွင် ဓားနှင့်မွှန်းသည်ဆိုသော အမာရွတ်များ၊ ကျောတွင် ရေနွေးပူဖြင့် လောင်းထားသည်ဆိုသော အမာရွတ်များ၊ ဒူးကို မီးပူဖြင့် ကပ်သည်ဆိုသော ဒဏ်ရာဟောင်းများကိုလည်း တွေ့ရ၍ တရားစွဲဆိုခဲ့ကြောင်း ဦးဆန်းကိုကိုက ဓာတ်ပုံများ ပြသပြီး Myanmar Now ကို ပြောသည်။

အိမ်ရှင် မသိင်္ဂီထွန်းသည် ၎င်းကို ရေချိုးခန်း၌ ပက်လက်လှန်စေကာ ခြေထောက်ဖြင့် တက်နင်းခြင်း၊ မျက်နှာကို နင်းခြင်းတို့ ပြုလုပ်ကြောင်း၊ ခေါင်းကို ဓားနှောင့်ဖြင့် ခေါက်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်း၊ လက်မောင်းကို ဓားဖြင့်မွှန်းခြင်း၊ မီးပူဖြင့်ကပ်ခြင်းတို့ ပြုလုပ်ကြောင်း ကာယကံရှင်မိန်းကလေးငယ်က ထွက်ဆိုထားသည်ကို တရားရုံးစီရင်ချက်မှတ်တမ်းများအရ သိရသည်။

အိမ်အကူ မိန်းကလေး၏ မိခင်က ၎င်းသမီးမှာ မသိင်္ဂီထွန်းထံ မရောက်ခင် နဖူးရှိဒဏ်ရာမှ လွဲ၍ မည်သည့် ဒဏ်ရာမှ မရှိကြောင်း၊ မသိင်္ဂီထွန်းထံ ရောက်သည့်အခါ မီးပူထိုးမိသည့် ဒဏ်ရာ၊ ရေနွေးပူလောင်သည့် ဒဏ်ရာများ တွေ့ရပြီး ကလေးထိန်းရာမှ ရေနွေးပူလောင်သည့် ဒဏ်ရာများဟု သိရကြောင်း ထွက်ဆိုထားသည်။  

မိန်းကလေး၏ အဘွားဆိုသူကမူ အိမ်အကူ မိန်းကလေး၏ နဖူးရှိ ဒဏ်ရာနှင့် ခန္ဓာကိုယ်ရှိ အမာရွတ်များမှာ မူလကတည်းက ရှိသည့် ဒဏ်ရာများ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဓားဖြင့် မွှန်းခြင်း၊ ရေနွေးပူလောင်းခြင်းစသည့် အပူလောင်အမာရွတ်များ၊ ခေါင်းရှိ ဒဏ်ရာများမှာ မည်သည့်အချိန်က မည်သို့ရကြောင်း ထင်ရှားပေါ်ပေါက်ခြင်း မရှိသည့်အပြင် အိမ်အကူ မိန်းကလေးတစ်ဦးတည်း၏ ထွက်ဆိုချက်တစ်ခုတည်းသာ ရှိ၍ အထောက်အထား သက်သေခံချက် မရှိဟု စီရင်ချက်တွင် ဖော်ပြထားသည်။ 

တရားလိုရာအိမ်မှူး ဦးဆန်းကိုကိုနှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များမှာ တစ်ဆင့်ကြားဖြစ်၍ သက်သေခံအဖြစ် အသုံးမပြုနိုင်ကြောင်းလည်း ဖော်ပြထားသည်။

အိမ်အကူမိန်းကလေး၏ ထွက်ဆိုချက်တွင် တရားခံကို စိတ်မဆိုးကြောင်း၊ ၎င်းကို နှိပ်စက်သည့်အကြောင်း မိဘများကို မတိုင်ကြားခဲ့သလို ထိုအိမ်တွင် ဆက်မနေလိုကြောင်းလည်း မပြောခဲ့၍ တရားခံ သိင်္ဂီထွန်းက ဓားဖြင့် မွှန်းသည်၊ ရေနွေးပူဖြင့် လောင်းသည်ဆိုသော ထွက်ချက်မှာ ယုတ္တိမရှိကြောင်း၊ ထို့ကြောင့် ယင်းဒဏ်ရာအမာရွတ်ဟောင်းများကို မသိင်္ဂီထွန်းက ပြုလုပ်သည်ဟု ကောက်ယူပါက တရားမျှတမည်မဟုတ်ကြောင်း တရားသူကြီး၏ သုံးသပ်ချက်ကို စီရင်ချက်တွင် တွေ့ရသည်။

Show More

Related Articles

Back to top button