နိုင်ငံတကာသတင်းသတင်း

မြန်မာအိမ်အကူကို သတ်သူ စင်ကာပူအမျိုးသမီး ရှေ့နေထပ်ငှား

၂၄ နှစ်အရွယ် မြန်မာအိမ်အကူကို အမျိုးမျိုးနှိပ်စက်၍ သတ်ဖြတ်ခဲ့သော စင်ကာပူအမျိုးသမီးတစ်ဦးသည် ရှေ့နေအသစ် ငှားရမ်းလိုက်ပြီး ပြစ်ဒဏ်လျော့ကျစေရေး၊ အမှုကို ပြင်ပတွင် ဆွေးနွေးခြင်းမပြုကြရန် တရားသူကြီး၏ တားမြစ်မိန့် ရရှိရေးတို့အတွက် ကြိုးပမ်းနေသည်။

ထိုအမျိုးသမီးသည် အိမ်အကူကို ရိုက်နှက်၊ မီးပူဖြင့်တို့၊ ကိုယ်အလေးချိန် ၂၄ ကီလိုသာ ရှိတော့သည်အထိ အငတ်ထားခဲ့သည်။

၄၁ နှစ်အရွယ် Gaiyathiri Murugayan သည် လူသေစေမှု၊ အငတ်ထားမှု၊ ပူသောပစ္စည်းဖြင့် ထိကပ်ကာ နာကျင်စေမှု၊ မှားယွင်းစွာ ကန့်သတ်ချုပ်ချယ်မှု စသည်တို့ အပါအဝင် စွဲချက် ၂၈ ခုအတွက် အပြစ်ရှိကြောင်း ဖေဖော်ဝါရီလက ဝန်ခံခဲ့ပြီး ဖြစ်သည်။ သူ့ကို အပြစ်ပေးရာတွင် အခြား စွဲချက် ၈၇ ခုကိုလည်း ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။ 

သူ၏ ကျူးလွန်မှုများအတွက် ထောင်ဒဏ်တစ်သက် ချမှတ်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အစိုးရရှေ့နေက ပြောခဲ့သည်။ 

မူလကမူ ရှေ့နေချုပ်၏ အကြံပေးချက်အရ  အမှုကို လူသတ်မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင်မူ ပေါ်ထွက်လာသော သက်သေအထောက်အထားများအရ လူသေစေမှုအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ 

အိမ်အကူသည် အလုပ်အတွက် ၂၀၁၅ မေလက စင်ကာပူသို့ ရောက်ရှိလာသည်။

အလုပ်ခန့်အပြီး ငါးလခန့် အကြာမှစ၍ Gaiyathiri က ရုပ်ပိုင်းဆိုင်ရာအရ စတင်နှိပ်စက်ခဲ့သည်။ သေဆုံးသွားသူ အိမ်အကူ၏ နောက်ဆုံး ၃၅ ရက်အတွင်းတွင်  အစားအသောက် မစို့မပို့သာ ကျွေးခဲ့သည်။ အိမ်အကူသည် တစ်ညလျှင် ငါးနာရီမျှသာ အိပ်စက်ခွင့်ရခဲ့ကာ၊ တစ်ကိုယ်ရေလွတ်လပ်ခွင့်လည်း မရခဲ့ပေ။ Gaiyathiri သို့မဟုတ် သူ့မိခင်၏ မျက်စိဒေါက်ထောက် စောင့်ကြည့်မှုအောက်တွင်သာ အိမ်အကူက ရေချိုးရ၊ အိမ်သာတက်ရခြင်း ဖြစ်သည်။ 

အိမ်အကူသည် ၁၄ လ အတွင်းတွင် ကိုယ်အလေးချိန် ၁၅ ကီလိုဂရမ် လျော့ကျသွားခဲ့ပြီး၊ ကန်ကျောက်ခံရခြင်း၊ တွန်းခံရခြင်းတို့အပြင် တံမြက်စည်း၊ သတ္တုယောက်ချိုဇွန်း စသည်တို့နှင့် ရိုက်နှက်ခံရသည်။ 

အိမ်အကူမလေးကို ဆံပင်မှနေ၍ ဆောင့်ဆွဲကာ အကြမ်းဖက်၍ ကိုင်လှုပ်ပြီး ဆံပင်များကိုလည်း ဆွဲနုတ်ခဲ့သည်။ တစ်ကြိမ်တွင်မူ လက်မောင်းကို မီးပူဖြင့် ထိုးခဲ့သည်။ 

မသေဆုံးမီ ၁၂ရက်အလို ညဘက်တွင် အိမ်အကူသည် ပြတင်းပေါက်သံပန်းတွင် ကြိုးဖြင့် ချည်နှောင်ခံခဲ့ရသည်။ 

အိမ်အကူသည် ဇူလိုင် ၂၆ ရက်နေ့ မနက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ Gaiyathiri နှင့် သူ့မိခင်တို့၏ တိုက်ခိုက်မှုကြောင့် လည်ပင်းရိုးကျိုး၊ ဦးနှောက်ထိခိုက်ပျက်စီးပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

ကြာသပတေးနေ့ (ဧပြီ ၂၉) တွင် တရားခံအမျိုးသမီးသည် ရှေ့နေသစ် Joseph Chen နှင့်အတူ တရားရုံးတွင် တရားရင်ဆိုင်ခဲ့သည်။ ပြစ်ဒဏ်လျှော့ပေါ့ပေးစေရေး ကြိုတင်ပြင်ဆင်ခဲ့ကြသော ရှေ့နေဟောင်းများဖြစ်သည့် Ms. Diana Ngiam နှင့် Mr. Sunil Sudheesan တို့၏ နေရာတွင်  အစားထိုးလိုက်ခြင်း ဖြစ်သည်။ 

ပြစ်ဒဏ်လျော့ပါးရေးကို ရှေ့နေသစ်လိုလား

ထောင်ဒဏ်တစ်သက် ချမှတ်ပစ်နိုင်သည့် အပြစ်ထိုက်သော လူသေစေမှု ပုဒ်မ ၃၀၄ (က) စွဲချက်အား ပြန်လည်စဉ်းစားပေးရန် အစိုးရရှေ့နေဘက်အား တောင်းဆိုချင်ကြောင်း ရှေ့နေသစ်က တရားရုံးတော်တွင် လျှောက်ထားခဲ့သည်။  

ထိုအစား ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ထက် မပြင်းထန်သည့်၊ ပြစ်ဒဏ်လျော့ပါးသည့် စွဲချက်မျိုးကိုသာ ရှေ့နေသစ်က လိုလားသည်။  

ပြစ်မှုကျူးလွန်သည့်ကာလ၌ ကျင့်သုံးသော ဥပဒေကျင့်ထုံးအရဆိုပါက သေစေလိုသော တမင်တကာ ရည်ရွယ်ချက်မရှိသောအမှုအတွက် ပုဒ်မ ၃၀၄ (ခ)သည် ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ဒဏ်ငွေကျခံရနိုင်သည်။ အမျိုးသမီးများကို ကြိမ်ဒဏ်ပေးခွင့် မရှိပေ။ 

အပြန်အလှန်ဆွေးနွေးပြောဆိုပြီးနောက် ရှေ့နေက သူ၏ အမှုသည်သည် အပြစ်ရှိကြောင်း ခံဝန်ချက်ကို ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု ပြောခဲ့သည်။  ပြစ်ဒဏ်လျှော့ပေါ့ရေး နောက်ထပ် လျှောက်လဲချက်တစ်ရပ်အတွက် အချိန်ပေးရန်လည်း ရှေ့နေက တောင်းဆိုခဲ့သည်။ 

“တရားရုံးရဲ့ ခွင့်ပြုမှု၊ အစိုးရရှေ့နေရဲ့ လိုက်လျောကူညီမှုတွေနဲ့သာ ဆိုရင် သူဟာ သူ့အမှုကို အထောက်အပံ့ဖြစ်စေမယ့်၊ အချက်တချို့ကို မီးမောင်းထိုးပြမယ့် ပြစ်ဒဏ်လျှော့ပေါ့ပေးရေး နောက်ထပ် လျှောက်လဲချက်ကို တင်မှာပါ” ဟု ရှေ့နေက ပြောခဲ့သည်။  

သူ၏ စိတ်ပိုင်းဆိုင်ရာ ရောဂါများနှင့်အတူ “ပိုဆိုးလာသော စိတ်တင်းကျပ်မှု” ကို  ထည့်သွင်းစဉ်းစားပေးပါရန် ရှေ့နေက တင်ပြခဲ့သည်။ Gaiyathiri သည် ပြင်းထန်သော စိတ်ကျရောဂါနှင့် OCPD ရောဂါ ခံစားနေခဲ့ရပြီး ထိုရောဂါနှစ်မျိုးလုံးကြောင့်  အမှုဖြစ်ပွားရန်  ဦးတည်စေခဲ့ကြောင်း တရားရုံးက အမှုကို ကြားနာခဲ့သည်။  

ဤရောဂါများကြောင့် သူသည် တာဝန်ယူမှုအပြည့်အဝမရှိနိုင်ကြောင်း ခုခံခွင့်ရရှိခဲ့ပြီး၊ သူ၏ OCPD ရောဂါမှာ မီးဖွားပြီးနောက်ပိုင်းတွင် ပြင်းထန်သော စိတ်ကျဝေဒနာ လက္ခဏာများကို ပိုမိုဆိုးဝါးစေသော အဓိကအချက်တစ်ခု ဖြစ်ခဲ့သည်။ ထိုအချက်ကြောင့် သူ၏ စိတ်ဓာတ်ကျဆင်းမှုကို ပိုမိုဆိုးဝါးစေခဲ့ကာ သူ၏ အပြုအမူများအတွက် စိတ်ပိုင်းဆိုင်ရာအရ တာဝန်ယူတာဝန်ခံနိုင်မှုကို တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်ပြားစေခဲ့ကြောင်း တရားရုံး၏ ယခင်အမှုကြားနာမှုက ဆိုသည်။ 

သူ့ကလေးနှင့် သက်ဆိုင်သော အချက်များထဲမှ တချို့မှာ သူ့အပြစ်လျော့ပါးသက်သာစေရေး ယခင်လျှောက်ထားမှုတွင် ပါခဲ့ပြီးသားဖြစ်ကြောင်း တရားသူကြီးများက ဆိုသည်။ ယခင် ရှေ့နေများက ပြုစုပြင်ဆင်ခဲ့သော လျှောက်ထားချက်အရ ဆိုလျှင် သူ့စိတ်ထဲတွင် သူ့ကလေးများကို ပြုစုစောင့်‌ရှောက်ရေးသာ လွှမ်းမိုးနေခဲ့ပြီး၊ ထိုကလေးများမှာ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများကြောင့် ဆေးရုံသို့ ပုံမှန်ပြသပေးနေရသူများ ဖြစ်ကြသည်။ 

ကလေးများ နေမကောင်းဖြစ်ကြခြင်းမှာ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အားနည်းသောကြောင့်ဖြစ်သည်ဟု ဆရာဝန်များက သူ့ကို ပြောပြခဲ့ကြရာ သူ့စိတ်ထဲတွင် အစွန်းရောက်လောက်အောင် အသန့်ကြိုက်ခြင်းက လွှမ်းမိုးလာခဲ့ကြောင်း ရှေ့နေဟောင်းများကလည်း ယခင်က ပြောခဲ့ကြသည်။ 

“သူ့ကလေးတွေ နေမကောင်းဖြစ်ရခြင်းရဲ့ အကြောင်းရင်းက ကွယ်လွန်သူအိမ်အကူဟာ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အားနည်းခဲ့တာကြောင့် ဖြစ်တာလို့ ကျွန်တော်တို့ရဲ့ အမှုသည်က ယူဆခဲ့တာပါ။ ဥပမာ၊ ကွယ်လွန်သူဟာ ချက်ပြုတ်မယ့် အိုးခွက်တွေကို မကိုင်ခင်မှာ လက်မဆေးတာတွေ၊ ချက်ပြီးသား အစားအသောက်တွေကို လက်မဆေးဘဲ ကိုင်တာမျိုးတွေပါ” ဟု ရှေ့နေများက ပြောခဲ့သည်။ 

သူ့ ဝန်ခံလျှောက်လဲချက်ထဲမှ “အစိတ်အပိုင်းတစ်ခု သို့မဟုတ် နှစ်ခု” ကို ပြုပြင်လိုသည် သို့မဟုတ် ရုပ်သိမ်းလိုသည်ဟု ရှေ့နေသစ်က ပြောခဲ့သည်။  

ဤအချက်ကို အစိုးရ လက်ထောက်ရှေ့နေချုပ် Mohamed Faizal က အံ့အားသင့်ဟန် ပြခဲ့သော်လည်း ထိုက်သင့်သလို တုံ့ပြန်မည်ဟု ဆိုခဲ့သည်။ 

“အမှုကို ပြင်ပတွင် ဆွေးနွေးခြင်းမပြုကြရန် တရားသူကြီး၏ တားမြစ်မိန့်ရရှိရေး လျှောက်ထားရန်အတွက် အမှုသည်၏ ညွှန်ကြားချက်များအတိုင်း တတ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်မည်ဖြစ်ကြောင်း” လည်း ရှေ့နေသစ်က ပြောခဲ့သည်။ 

အမှုနှင့် ပတ်သက်၍ နောက်ထပ် ပြောဆိုရေးသားခြင်းအပေါ် တားမြစ်မိန့်ကို အမှုသည်က အလိုရှိခဲ့ကြောင်းလည်း ရှေ့နေက မီဒီယာများကို ပြောပြခဲ့သည်။ 

ရှေ့နေသစ်က  နောက်ထပ်လျှောက်လဲချက်ကို မေလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းနိုင်ရန်၊ အစိုးရရှေ့နေကလည်း အချိန်ရရန်အတွက် တရားသူကြီး See Kee Oon က အမှုစီရင်မည့်ရက်ကို နောက်ဆုတ်ခဲ့သည်။ အမှုအတွက် လာမည့်ရုံးချိန်းရက်အဖြစ် ဇွန်လ ၂၂ ရက်နေ့ကို သူက သတ်မှတ်ပေးခဲ့သည်။ 

အမှုသည်၏ ခင်ပွန်းဖြစ်သူ တာဝန်မှ ဆိုင်းငံ့ခံထားရသော ရဲအရာရှိ Kelvin Chelvam သည်လည်း အိမ်အကူကို နှိပ်စက်ညှဉ်းပန်းမှု၊ သူ၏ တိုက်ခန်းရှိ စီစီတီဗီကင်မရာများကို ဖယ်ရှားခဲ့ပြီးဖြစ်သည်ဟု ရဲများထံ လိမ်လည်ပြောဆိုခဲ့မှုတို့နှင့် ပတ်သက်၍ စွဲချက်ငါးခုနှင့် ရင်ဆိုင်နေရသည်။ 

သူသည် လာမည့်လ (မေလတွင်) တရားခွင်အကြို စစ်ဆေးမှုအတွက် ရုံးတော်သို့ ပြန်လည်လာရောက်ရမည် ဖြစ်သည်။ သူ၏ ယောက္ခမ Prema Naraynasamy သည်လည်း ဆိုင်းငံ့စွဲချက်များကို ရင်ဆိုင်နေရသည်။ 

(CNA သတင်းဌာန၏ Myanmar maid’s death: Employer hires new lawyer, wants to reduce culpable homicide charge သတင်းကို ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါသည်)

Related Articles

Back to top button