သတင်း

အိမ်အကူကို အက်ဆစ်ဖြင့်ပက်၍ ရှစ်နှစ်ကြာ ပိတ်လှောင်ထားသူနှစ်ဦးကို ထောင် ၁၅ နှစ်စီချ

အိမ်ရှင်က အက်ဆစ်ဖြင့်ပက်သည့်အပြင် ရှစ်နှစ်ကြာ ပိတ်လှောင်ခြင်းကိုပါခံခဲ့ရသူ အိမ်အကူမိန်းကလေးအမှုတွင် ကျူးလွန်သူ နှစ်ဦးကို အလုပ်နှင့်‌ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် မန္တလေးခရိုင် တရားရုံးက ယနေ့ အမိန့် ချမှတ်လိုက်သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တွင် အိမ်အကူလုပ်နေသည့် ထိုစဉ်က အသက် ၁၆ အရွယ် နန်းမေဇင်ဦးကို အိမ်ရှင် မိသားစုဝင် မနီနီနုနွယ်က ၂၀၁၀ ပြည့်နှစ်အတွင်း အက်ဆစ်ဖြင့် ပက်ခဲ့သည့်အတွက် မျက်စိကွယ်ပြီး မျက်နှာတစ်ခြမ်း ပျက်စီးခဲ့သည်။

ယင်းနောက် နန်းမေဇင်ဦးကို အိမ်ထဲ၌ ပိတ်လှောင်ထားရာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁ နေ့တွင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

နန်းမေဇင်ဦးကို နေအိမ်အတွင်း ပိတ်လှောင်ထားစဉ် တရားခံနှစ်ဦးသည် ရှစ်နှစ်တာအတွင်း လုပ်အားခမပေးချေဘဲ အိမ်မှုကိစ္စများခိုင်းစေခြင်း၊ မတရားညှဉ်းပန်းနှိပ်စက်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုလည်း တရားခွင်တွင် တရားသူကြီးက အမိန့်ကိုဖတ်ပြရာတွင် ထည့်သွင်းပြောသွားသည်။

အက်စစ်နှင့် အပက်ခံရသည့် နန်းမေဇင်ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အလုပ်လုပ်ကိုင်ရန် ၂၀၀၈ ခုနှစ်က မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ဒေါ်မိုးမိုး၏ကုန်စုံဆိုင်တွင် လုပ်ကိုင်နေသူဖြစ်သည်။

ယင်းသို့ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည့် အိမ်ရှင် ဒေါ်မိုးမိုးနှင့် ချွေးမ မနီနီနုနွယ် တို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် နန်းမေဇင်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့၍  ၎င်းတို့ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးပြီး တရားရုံးတင်ခဲ့သည်။

ထို့နောက်  ယခုနှစ်ဖေဖော်ဝါရီလ ၂၇ နေ့တွင် ချမ်းမြသာစည်မြို့နယ် တရားရုံးက အပြင်းအထန်နာကျင်စေမှုပုဒ်မအတွက် မနီနီနုနွယ်အား အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။

ဒေါ်မိုးမိုးကမူ ယင်းအမှုတွင် လွတ်မြောက်ခဲ့သော်လည်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဖြင့် တရားစွဲဆိုထားမှုတွက် အချုပ်ဖြင့် တရားရင်ဆိုင်နေခြင်းဖြစ်သည်။

ယနေ့ တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချရာတွင် ‌ဒေါ်မိုးမိုးမှာ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရခဲ့ပြီး၊ မနီနီနုနွယ်မှာ မူလပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ခုနစ်နှစ်အပြင်၊ ထောင်ဒဏ် ၁၅ နှစ်ကို သီးခြားကျခံစေရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။

ယနေ့ အမိန့်ချမှတ်ရာတွင် ယခု အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သည့် တရားလို နန်းမေဇင်ဦး လာရောက်ခြင်းမရှိခဲ့ပါ။ တရားခံနှစ်ဦးဖြစ်သည့် ဒေါ်မိုးမိုးနှင့် မနီနီနုနွယ်တို့မှာ အမိန့်ချပြီးသည်နှင့် ယပ်တောင်များဖြင့် မျက်နှာကိုကွယ်ကာ ပြန်ထွက်သွားကြသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၄ တွင် မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ငွေကြေးချို့တဲ့ပြီး ပညာရည်နိမ့်ပါးသည့် တောသူတောင်သား မိန်းကလေးငယ်အများအပြား မြို့သို့တက်၍ အိမ်အကူအလုပ်လုပ်သည့် ဖြစ်စဉ်များ ဟိုးယခင်ကတည်းက ရှိလာပြီး အိမ်အကူများကို အလုပ်ရှင်များက လုပ်အားခခေါင်းပုံဖြတ်ခြင်း၊ လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းများ ကျူးလွန်သည့်ဖြစ်စဉ်များ မကြာခဏ ကြားလာရသော်လည်း အိမ်အကူတို့အတွက် တရားဥပဒေအရ ကာကွယ်စောင့်ရှောက်မှုအပိုင်းမှာမူ အားနည်းနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button