ရန်ကုန်မှ အိမ်အကူ ကလေးနှစ်ဦး လပေါင်းများစွာ နှိပ်စက်ခံရ

(ဓာတ်ပုံ - ဇာနည်ဝင်း / Myanmar Now)
(ဓာတ်ပုံ - ဇာနည်ဝင်း / Myanmar Now)

ရန်ကုန် – အသက်မပြည့်သေးသော အိမ်အကူ မိန်းကလေးနှစ်ဦး ရန်ကုန်မြို့လယ်ရှိ နာမည်ကျော်အပ်ချုပ်ဆိုင်တစ်ခုတွင် ငါးနှစ်ကြာ မတရား ထိန်းသိမ်း ကျွန်ပြု နှိပ်စက်ခံရမှုအကြောင်း
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လာပြီးနောက်ပိုင်းတွင် အလုပ်ရှင်တို့က ၎င်းကလေးငယ်များအား မိဘအုပ်ထိန်းသူများထံသို့ မကြာသေးမီက ပြန်လည်အပ်နှံလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဘော်လုံးကွင်းကျေးရွာမှ ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့သည် ကျောက်တံတားမြို့နယ်ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် လစာ ကျပ် ၁၅,ဝဝဝ ရမည့် အိမ်အကူဖြစ် လုပ်ကိုင်ရန် ရောက်ရှိခဲ့ကြောင်း ၎င်းတို့၏ အုပ်ထိန်းသူများက ဆိုသည်။

ထိုဆိုင်သို့ ရောက်ရှိပြီး အစောပိုင်းနှစ်များတွင် မိဘများက ဆိုင်သို့ သွားရောက်ပြီး လုပ်ခလစာများ ထုတ်ယူခဲ့ကြောင်း၊ သို့သော် လွန်ခဲ့သည့် သုံးနှစ်ခန့်ကစပြီး ကလေးငယ်များနှင့် တွေ့ခွင့် မရခဲ့ကြောင်း မစန်းကေခိုင်၏ မိခင်ဖြစ်သူ ဒေါ်ညိုညိုဝင်းက သတင်းထောက်များကို ပြောပြသည်။

“ကျွန်မ ကလေးဆီသွားတိုင်း အိမ်ရှင်တွေက မရှိဘူး၊ ဟိုသွားတယ်၊ ဒီသွားတယ်ဆိုပြီး ပေးမတွေ့ဘူး” ဟု ဒေါ်ညိုညိုဝင်းက ဘော်လုံးကွင်းကျေးရွာရှိ သူတို့၏ ဝါးအိမ်ငယ်လေးရှေ့တွင် စနေနေ့က တွေ့ဆုံစဉ် ရှင်းပြသည်။

နားရက်မရှိ ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက် စက်တင်ဘာ ၅ ရက်နေ့က ရွာသို့ ပြန်ရောက်နေပြီဖြစ်သော မစန်းကေခိုင်၏ ခန္ဓာကိုယ်တွင်တော့ ဒဏ်ရာအမာရွတ်များ ဗရပွဖြစ်နေသည်။

“အလုပ်လုပ်လို့ မပြီးလို့ အိပ်ပျော်မိရင် ကတ်ကြေးနဲ့ ထိုးတယ်။ ကတ်ကြေးနဲ့ထိုးတဲ့ နေရာတွေက လည်ပင်း၊ ကျောကုန်း၊ လက်မောင်း၊ ပေါင်အရင်းနဲ့ ပြလို့မရတဲ့နေရာမှာလည်း ရှိတယ်၊ ခြေထောက်မှာလည်း ရှိတယ်။ သမီးကို အဲဒီလိုလုပ်တာ အငယ်မပါ” ဟု မစန်းကေခိုင်က ဆိုသည်။

အိပ်ချိန်ပုံမှန် မရှိကြောင်း၊ ထွက်မပြေးစေရန်လည်း ခြိမ်းခြောက်ခံရကြောင်း မစန်းကေခိုင်က ဆက်ပြောသည်။

“သမီးတို့ကို ပြန်လို့ရှိရင် နင်တို့တွေကို ငါ့ဆီက ပိုက်ဆံတွေ လုတယ်။ စိန်တွေခိုးတယ်ဆိုပြီး ပြောပြီးတော့ ထောင်ထဲချမယ်။ သမီးတို့က ကြောက်တယ်”

သူ၏လက်ချောင်း အားလုံး ကျိုးသွားခြင်းမှာ ဆိုင်ပိုင်ရှင်၏ သမီးငယ် ဒေါ်စုမွန်လတ်၏ လက်ချက် ဖြစ်ကြောင်း၊ နှစ်ဖက်လုံး လက်သီးဆုပ်၍ မရတော့ကြောင်း သူ၏ တွန့်လိမ်ကောက်ကွေးနေသော လက်ချောင်းများ ထောင်ပြပြီး ပြောသည်။

“သမီးလက်ဆယ်ချောင်းလုံး ကောက်ကွေးနေတာ။ အဲဒါက အငယ်မ လုပ်တာ။ သူ့တူမလေးနဲ့ စကားပြိုင်ပြောလို့ ဆိုပြီး လက်ချောင်း နှစ်ချောင်းကို အရင်ဆုံး ချိုးတယ်။ ပြီးတော့ သူ့အမေကို ခံပြောတယ်ဆိုပြီး လက်ကိုဆယ်ချောင်းလုံးချိုးမယ် ဆိုပြီး ဆယ်ချောင်းလုံး လှန်ချိုးတယ်” ဟု မစန်းကေခိုင်က သတင်းထောက်များကို ပြောသည်။

ညာဘက်လက်မောင်းကိုလည်း ဒေါ်စုမွန်လတ်ကပင် နောက်ပြန်လှန်၍ရိုက်ချိုးခဲ့ကြောင်း ရှင်းပြပြီး လည်ပင်းရှိ ကတ်ကြေးနှင့် ထိုးခံထားရသော ဒဏ်ရာများကို ပြသသည်။

ဘက်ဘက်လက်ဖျံပေါ်ရှိ အမာရွတ်အဝိုင်းမှာ ဆိုင်ပိုင်ရှင်၏သား ကိုရာဇာထွန်းက သူ့ကို ချုပ်ထားပေးပြီး ဒေါ်စုမွန်လတ်က မီးရှို့ခဲ့သောကြောင့် ရရှိသောဒဏ်ရာဖြစ်ကြောင်း အခြားအိမ်အကူတစ်ဦးထက် ပိုမိုနှိပ်စက်ခံရသော မစန်းကေခိုင်က ပြောကြားသည်။

သူနှင့်အတူတူ ပြန်လည်လွတ်မြောက်လာသော မသဇင်၏နှာခေါင်းတွင် ဓားဒဏ်ရာ အစင်းလိုက် ရှိနေသည်။ အပ်ချုပ်ဆိုင်ရှိ ကလေးများကို ထိန်းရာတွင် ကလေးတစ်ဦးကို ရိုက်ပုတ်မိသဖြင့် ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာက ဓားဖြင့် ခုတ်ခဲ့ရာမှ ရရှိသော ဒဏ်ရာဖြစ်သည်ဟု မသဇင်က ဆိုသည်။

ကော့မှူးမှ ဆင်းရဲချို့တဲ့သူများ

ထိုကလေးများ၏ နေရပ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသတွင် တည်ရှိသည်။ ဒေသခံတို့မှာ ဆင်းရဲချို့တဲ့ကြပြီး အများအပြားမှာ ရန်ကုန်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမြင့်မောင်က ပြောပြသည်။

အင်းဝစက်ချုပ်ဆိုင်ရောက် ကလေးများ၏ အခြေအနေကို ရွာမှ မိသားစုများက မသိရှိခဲ့ကြပေ။ ထိုကလေးနှစ်ဦး ရန််ကုန်ရောက်နေသည့် ၅ နှစ်အတွင်း မိသားစုထံသို့ အလည်အပတ် ပြန်ခွင့် မရှိသည်ကို သတိပြုမိကြောင်း အိမ်နီးချင်းများက ပြောသည်။

အပ်ချုပ်ဆိုင်သို့ ဝင်ထွက်သွားလာဖူးသူများထဲမှ တစ်ဦးက ကလေးများ နေ့စဉ် နှိပ်စက်ခံနေရသည့် သတင်းကို နှစ်လယ်ပိုင်းတွင် Myanmar Now သတင်းအေဂျင်စီသို့ ပြောပြခဲ့သည်။

Myanmar Now သတင်းထောက်များက ဆိုင်သို့သွားရောက် လေ့လာစဉ် အိမ်အကူနှစ်ဦးကို လက်တွင်တူညီသော ပြတ်ရှဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ တစ်ပတ်အကြာတွင် ထိုကိစ္စနှင့်ဆက်စပ်ပြီး မည်သည့်အကြောင်းပြန်ချက်မှ မရရှိသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ စာရေးပြီး အကြောင်းကြားခဲ့သည်။

ကော်မရှင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ထိုကိစ္စအား စုံစမ်းစစ်ဆေးစေပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အင်းဝအပ်ချုပ်ဆိုင်၏ ပိုင်ရှင်ဖြစ်သူဒေါ်တင်သူဇာနှင့် သားသမီးများကို ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းအေးက ဆိုသည်။

“ကလေးတွေက အင်္ကျီလက်ရှည်တွေလည်း ဝတ်လာတယ်၊ သနပ်ခါးတွေလည်း လိမ်းလာတယ် ဆိုတော့ ကျွန်တော်တို့ကတော့ မသင်္ကာဘူးပေါ့။ ဒါပေမယ့် အမှုဖွင့်တိုင်ကြားချက်မရှိတော့ ရဲလုပ်ထုံး လုပ်နည်း အတိုင်း အတိအကျ စစ်ဆေးဖို့လည်း မလွယ်ဘူး။ စခန်းမှာ ကလေးတွေကို မေးနေတဲ့အချိန် အိမ်ရှင်တွေကလည်း ဝင်ဝင်လာတော့ ကလေးတွေကလည်း မဖြေရဲဘူး” ဟု ရဲတပ်ဖွဲ့မှူးက ဆိုသည်။

မိန်းကလေးငယ်တို့ကို မှုခင်းဆရာဝန်များဖြင့် စစ်ဆေးနိုင်ခဲ့ခြင်းလည်း မရှိကြောင်း သူက ဖြည့်စွက် ပြောကြားသည်။ ကလေးများ မည်သည့်အရပ်မှလာသည်ကို သိရှိရန် ရဲတပ်ဖွဲ့က ကာလ အတန်ကြာအောင် ခဲရာခဲဆစ်ရှာဖွေခဲ့ရသည်ဟု ဆိုသည်။

“ကလေးမိဘတွေလိပ်စာမေးတော့ ကလေးမိဘတွေက သင်္ချိုင်းကုန်းမှာနေတာဆိုပြီး အိမ်ရှင်တွေက ဖြေတယ်လေ၊ သူတို့ဘက်က ကျွန်တော်တို့ကို ပူးပေါင်းဆောင်ရွက်မှု မရှိဘူး” ဟု ရဲတပ်ဖွဲ့မှူးက ပြောသည်။

မိန်းကလေးငယ်များ၏ခန္ဓာကိုယ်အား သေချာစွာစစ်ဆေးရန် အတွက် ကလေးများကိုခေါ်ယူပြီး လာရောက်ရန် ဒုတိယအကြိမ် ဆင့်ခေါ်ရာတွင် တိုင်ချင်သည့်နေရာတိုင်ဟု ပြန်လည်ပြောပြီး ရဲစခန်းသို့ လာရောက်ခြင်း မရှိကြောင်း သူက ဆိုသည်။

ရဲတပ်ဖွဲ့၏ အစီရင်ခံစာ

စက်တင်ဘာ ၅ ရက်နေ့တွင်မူ အင်းဝအပ်ချုပ်ဆိုင်က ကလေးတို့၏မိဘများအား ရန်ကုန်သို့ လာရန် ဖုန်းဆက်ခေါ်ပြီး ကလေးများကို ပြန်လည်လွှဲအပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ လွှဲအပ်မည်ကိုလည်း ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်ဝင်းနိုင်က ပြောဆိုသည်။

ကလေးများ အုပ်ထိန်းသူလက်သို့မရောက်ရှိမီ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ကလေးငယ်များ၏ အခြေအနေကို တင်ပြသော ၂၁ မျက်နှာ အစီရင်ခံစာကို လူ့အခွင့်အရေး ကော်မရှင်သို့ ပေးအပ်ခဲ့သည်။

ထိုစာအနှစ်ချုပ်တွင် “မသဇင်နှင့် မကေခိုင်တို့သည် မိဘများနှင့်အတူ ပြန်လည်လိုက်ပါ နေထိုင် လိုသော်လည်း အိမ်ရှင်များက ရိုက်နက် ညှဉ်းပန်း နှိပ်စက်မည်ကို ကြောက်ရွံ့သောကြောင့် အိမ်ရှင်များ ခိုင်းစေဖြေကြားခိုင်းသည့် အတိုင်းသာ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ အိမ်အကူများ၏ မိခင်များမှာလည်း ပညာမတတ် ဆင်းရဲသူများ ဖြစ်ခြင်း ဘဝရပ်တည်ရန် ခက်ခဲသော အခြေအနေတို့ကို အလွဲသုံးစား လုပ်ကာ ထိုမိန်းကလေးများအား နေအိမ်တွင် လက်ခံထားပြီး လုပ်အားခငွေ အနည်းငယ်သာပေး၍ အိမ်အကူအဖြစ် ခိုင်းစေခဲ့ကြောင်း၊ နောက်ပိုင်းတွင် လစာ မပေးတော့ဘဲ ထိခိုက်ဒဏ်ရာရသည်အထိ ရိုက်နှက် နိပ်စက်ကာ လုပ်အားများကို ခေါင်းပုံဖြတ် အမြတ် ထုတ်ခဲ့ကြောင်း၊ ကလေးများ၏ မိဘများမှ ၎င်းတို့၏ သားသမီးများကို အိမ်ရှင်များထံမှ အကြိမ်ကြိမ် ပြန်လည်ခေါ်ဆိုသော်လည်း ပြန်လည်အပ်နှံခြင်းမပြုဘဲ နေအိမ်တွင် ကျွန်သာသာအဖြစ် လက်ခံထားရှိ” ဟူ၍ ဖော်ပြထားသည်။

နစ်နာမှု အပေါ် ကျေနပ်မှုမရှိပါက မူလသတင်းပေးတိုင်ကြားသူက လည်းကောင်း၊ ကာယကံရှင် မိဘများက လည်းကောင်း ဥပဒေအရ အမှုဖွင့်အရေးယူသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။

သို့ရာတွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးက စက်တင်ဘာ ၁၅ ရက်နေ့တွင် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်၏ သားသမီးများ၊ ညှင်းပန်းနှိပ်စက်ခံရသည့် မိန်းကလေးငယ်များ၊ ၎င်းတို့ မိခင်တစ်ဦးနှင့် အဒေါ်တစ်ဦး၊ ကျောက်တံတားမြို့နယ် ရဲအုပ် ဇော်ဝင်းနိုင်၊ မူလသတင်းပေး တိုင်ကြားသူ Myanmar Now သတင်းအေဂျင်စီမှ ကိုယ်စားလှယ်တစ်ဦးတို့ကို ဖိတ်ကြား၍ စေ့စပ်ညှိနှိုင်းရေး အသွင်ဆောင်သည့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဆိုင်ပိုင်ရှင် သားကြီးဖြစ်သူ ကိုတင်မင်းလတ်က “ဒီကလေးတွေက မဟုတ်တာ လုပ်ထားတာတွေ ကျွန်တော်တို့မှာ အထောက်အထား အများကြီးရှိတယ်” ဟု ကော်မရှင်အဖွဲ့များကို ပြောကြားခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များက တောင်းပန်စကား၊ ဝမ်းနည်းစကားပြောကြားခြင်း မရှိဘဲ လျော်ကြေးပေးမည်ဟုသာ ပြောကြားခဲ့သည်။

Myanmar Now ကိုယ်စားလှယ်ဖြစ်သူ ကိုဆွေဝင်းက ယခုအမှုအား ရဲတပ်ဖွဲ့၏ အကြံပြုချက်အတိုင်း ဥပဒေလမ်းကြောင်းအတိုင်းစီရင်ဆုံးဖြတ်သင့်ကြောင်း ပြောကြားရာ ကော်မရှင်အဖွဲ့ဝင်တချို့က လက်မခံဘဲ ကာယကံရှင်ကလေးများ၏ မိဘများသာ ဆုံးဖြတ်ရမည်ဟု ပြန်လည် ပြောဆိုသည်။

လျော်ကြေးဖြင့် ကြေအေးစေလိုသည်ဟူသော ကမ်းလှမ်းချက်အတိုင်း အပေးအယူလုပ်၍ဆွေးနွေးရန်၊ ဥပဒေလမ်းကြောင်းကို ရွေးလျှင် ရွာမှမြို့ပေါ်သို့ တရားရုံး ရုံးချိန်းများစွာ တက်ရောက်ပြီး အခက်အခဲ ဖြစ်နိုင်ကြောင်း တက်ရောက်လာသူ အာဏာပိုင်တချို့က နှပ်ကြောင်းပေး ဆွေးနွေးလာခဲ့သည်။

နောက်ဆုံးတွင် လက်ချောင်းဆယ်ချောင်းလုံးကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး ၁ဝ သိန်း ပေးအပ်သည်ကို လက်ခံ ရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုးခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ ကျူးလွန်ခဲ့သည့် ကျွန်ပြုမှု၊ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်မှု တို့မှာ အမှုကြီးများဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က Myanmar Now ကို ပြောကြားသည်။

“ဒီအမှုမှာ ပြစ်မှု ၃ရဝ ၊ ၃၇၁ အရ အာမခံပေးခွင့် မရှိ၊ ကြေအေးခွင့်မရှိ။ နောက်ပြီး ၃၂၅၊ ၃၂၆ အပြင်းအထန် နာကျင်စေမှု အရလည်း ကြေအေးခွင့် မရှိ၊ အာမခံပေးခွင့်မရှိ။ ဒါ ခရိုင်တရားရုံးအဆင့်နဲ့ ဖြေရှင်းရမှာ။ ခု ကော်မရှင်ဘက်ကရော၊ ရဲဘက်ကရော လုပ်တာ တော်တော် လုပ်ထုံးလုပ်နည်း လွဲသွားပြီ” ဟု ဦးခင်မောင်မြင့်က သုံးသပ်သည်။ ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading