သတင်း

အိမ်အကူမိန်းကလေးကို မီးပူဖြင့်ကပ်၊ ရေနွေးဖြင့်လောင်းနှိပ်စက်သည့်အမှု အပြီးသတ်အမိန့်ချ  

အိမ်အကူမိန်းကလေးကို ခန္ဓာကိုယ်တစ်ခုလုံးနီးပါး မီးပူဖြင့်ကပ်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အိမ်ရှင်အမျိုးသမီးကို ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် ငွေဒဏ် ကျပ်သုံးသိန်းနှင့် ထောင်ဒဏ် တစ်လကျခံစေရန်နှင့် အမျိုးသားဖြစ်သူကိုမူ အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်စေရန် ဆိပ်ကမ်းမြို့နယ်တရားရုံးက ဇူလိုင် ၂၁ တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။ 

အဆိုပါအမှုမှာ ၂၀၁၇ တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သည့် အိမ်ရှင်အမျိုးသမီးကို ကလေးသူငယ်ဥပဒေ ၆၆ (ဃ) ဖြင့် ၂၀၁၉ တွင် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီးဖြစ်ကာ၂၀၂၀ ဧပြီတွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီးနောက် ကျန်ပုဒ်မများအတွက် အာမခံချက်ဖြင့် တရားရင်ဆိုင်နေခဲ့ခြင်းဖြစ်သည်။  

အမှုဖြစ်ပွားစဉ်က အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့သူ မခိုင်နှင်းဝေမှာ အသက် ၁၃ နှစ်အရွယ်သာရှိသေးပြီး အိမ်ရှင်လင်မယား၏ မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း စသည့်နှိပ်စက်မှုများကြောင့်  ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းနှစ်ဖက်၊ ပေါင်နှစ်ဖက်တွင် မီးအပူလောင်ဒဏ်ရာများ၊ ဦးခေါင်းနှင့် ခြေထောက်နှစ်ဖက်လုံးတွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။

အိမ်အကူအဖြစ် တစ်လကြာ လုပ်ကိုင်စဉ် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့်အပြင် နေ့စဉ် ထမင်းတစ်နပ်သာ စားခဲ့ရသည်ဟု အမှုစတင်စစ်ဆေးစဉ် ၂၀၁၇ တွင် မခိုင်နှင်းဝေက မီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့သည်။  

မူလက  အိမ်ရှင်အမျိုးသမီးကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆/၃၂၅၊ အမျိုးသားကို ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု) ဖြင့် ရဲကအမှုဖွင့်ခြင်းဖြစ်သော်လည်း အမျိုးသမီးကို အာမခံပေးနိုင်သည့် ပုဒ်မများဖြင့် စွဲချက်တင်ကာ ပြောင်းလဲစစ်ဆေးခဲ့သည်။ 

အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှာ ပြစ်မှုထင်ရှားပါက ခုနစ်နှစ်အထိလည်းကောင်း၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့မဟုတ် နည်းဖြင့် နာကျင်စေမှုပုဒ်မ ၃၂၄ မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ်အထိလည်း အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

(ဓာတ်ပုံ – ဆလိုင်းလာလ်နွန်အုပ်/Myanmar Now)

ပြစ်မှုပြစ်ဒဏ် မျှတမှုမရှိသဖြင့် အပြီးသတ်ချမှတ်ခဲ့သည့် အမိန့်ကို မကျေနပ်သော်လည်း အမှုကြန့်ကြာမည်ဆိုး၍ အယူခံမဝင်လိုတော့ကြောင်း အိမ်အကူမိန်းကလေးငယ်အတွက် တရားလိုပြုလုပ်ခဲ့သူ ဦးမျိုးတင့်နိုင်က ပြောသည်။  

“ဒီအမှုကြီးက သုံးနှစ်နဲ့ ၄၇ ရက် ကြာတယ်။ နောက်ထပ် အယူခံထပ်တင်နေရင် ဘယ်လောက်ကြာဦးမလဲ မသိဘူး။ စိတ်ညစ်ဖို့ကောင်းတယ်။ ရုံးချိန်းတွေ ပြန်စစ်မယ်ဆို နှစ်နဲ့ချီ ကြာသွားဦးမှာလေ။ အဲဒီတစ်ခုက စိတ်ပျက်ဖို့ကောင်းတယ်။ အဲဒါကြောင့် နည်းနည်းစဉ်းစားပြီးမှပဲ လုပ်တော့မယ်” ဟု တရားလို ဦးမျိုးတင့်နိုင်က ပြောသည်။ 

အိမ်အကူမိန်းကလေးငယ်ကို ထိုသို့နှိပ်စက်ခဲ့သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူ အိမ်ရှင် မမြတ်နိုးသူနှင့် ကိုထွန်းထွန်းကို လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်ကာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေပါ ပုဒ်မများဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

အိမ်ရှင် မမြတ်နိုးသူသည် ၂၀၂၀ ဧပြီတွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကျန်ပုဒ်မများအတွက် အာမခံဖြင့် တရားရင်ဆိုင်ခဲ့ရသည်။ 

အပြီးသတ်အမိန့်ချမှတ်ရာတွင် သုံးနှစ်အရွယ်သားနှင့် ရင်ခွင်ပိုက်ကလေးတစ်ယောက်၏ နောင်ရေးနှင့် စိတ်ထိခိုက်မည်ကို သုံးသပ်၍လည်းကောင်း၊ နစ်နာသူဘက်သို့ နစ်နာကြေးပေးလျော်ထားခြင်း၊ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခံထားရခြင်းကို ထည့်သွင်းဆင်ခြင်၍ ငွေဒဏ်သုံးသိန်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ကြောင်း တရားသူကြီးက အမိန့်ချမှတ်စဉ် ထည့်သွင်းပြောကြားခဲ့သည်ဟု တရားလို ဦးမျိုးတင့်နိုင်က ပြောသည်။

Show More

Related Articles

Back to top button