၁၃ နှစ်သမီး နှိပ်စက်ခံရမှုကို သာမန်နာကျင်စေမှုအဖြစ် ဆက်စစ်မည်

ရည်ရွယ်ချက်ဖြင့်ပြုလုပ်မှုကြောင့် ဖြစ်ပေါ်သောဒဏ်ရာ ကလေးအလုပ်သမားတွင် တွေ့ရကြောင်း မှုခင်းဆရာဝန်က ပြောသည်။

Published on Jul 24, 2017
ဇွန်လဆန်းပိုင်းက ရန်ကုန်၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသမှု ခံယူနေသော မခိုင်နှင်းဝေ (ဓာတ်ပုံ - ဆလိုင်းလာလ်နွန်အုပ်/Myanmar Now)
ဇွန်လဆန်းပိုင်းက ရန်ကုန်၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသမှု ခံယူနေသော မခိုင်နှင်းဝေ (ဓာတ်ပုံ - ဆလိုင်းလာလ်နွန်အုပ်/Myanmar Now)

ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလုပ်လုပ်ခဲ့သည့် အိမ်အကူ မခိုင်နှင်းဝေ၏ မျက်နှာမှဒဏ်ရာသည် အပြင်းအထန်နာကျင်စေမှုနှင့် အကျုံးဝင်ကြောင်း ရဲတပ်ဖွဲ့က တရားရုံးကို တင်ပြထားသော်လည်း မြို့နယ်တရားရုံးက ထိုအမှုကို ဇူလိုင် ၂၄ ရက်နေ့တွင် သာမန်နာကျင်စေမှုပုဒ်မဖြင့်သာ ဆက်လက် စစ်ဆေးခဲ့သည်။

ယခင်က အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် တိုင်ကြားခဲ့စဉ် ရဲတပ်ဖွဲ့က အိမ်ရှင်နှစ်ဦးလုံးကို ဖမ်းဆီးခဲ့သည်။ မြို့နယ်တရားရုံးက ဇူလိုင် ၃ ရက်နေ့တွင် သာမန် နာကျင်စေမှု ပုဒ်မ ၃၂၃/ ၃၂၄ တို့ဖြင့် ပြောင်းလဲတရားစွဲပြီး နှစ်ဦးလုံးကို အာမခံပေးခဲ့သည်။

ဇူလိုင် ၂၄ ရက်နေ့ တရားခွင်သို့ အိမ်ရှင်နှစ်ဦးဖြစ်သည့် ကိုထွန်းထွန်း၊ မမြတ်နိုးသူတို့လည်း တက်ရောက်ကြသည်။ အမှုဖွင့် တိုင်ကြားသူ ရာအိမ်မှူးဦးမျိုးတင့်နိုင်ကို နှစ်ဘက်ရှေ့နေများက အပြန်အလှန် မေးမြန်းခဲ့ပါသည်။

ပုဒ်မအပြောင်းအလဲ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသိန်းစိုးက ပုဒ်မ အပြောင်းအလဲသည် ရဲတပ်ဖွဲ့နှင့် မသက်ဆိုင်ဟု ဆိုသည်။

“ပုဒ်မပြောင်းတာ၊ မပြောင်းတာက ဥပဒေအရာရှိနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်မယ်။ ကျွန်တော်တို့က ဆေးမှတ်တမ်းရတဲ့နေ့ကပဲ အစီရင်ခံစာရေးပြီး တရားရုံးကို ပို့ပြီးသွားပြီ။

အစီရင်ခံစာမှာ အပြင်းအထန် နာကျင်စေမှုမျိုး သက်ရောက်နေတယ်ဆိုတာ ပါတယ်။ ပြောင်းမယ်ဆိုလည်း အပြင်းအထန်နာကျင်စေမှုဖြစ်တဲ့ ပုဒ်မ ၃၂၅ နဲ့ပဲ ဖြစ်သွားလိမ့်မယ်” ဟု စခန်းမှူးက ပြောသည်။

အာမခံပေးနိုင်သည့် ပုဒ်မ ၃၂၅ အရ ပြစ်မှုထင်ရှားပါက ချမှတ်နိုင်သော အမြင့်ဆုံးထောင်ဒဏ်မှာ ၇ နှစ် ဖြစ်သည်။

ကလေးသူငယ်ဥပဒေ

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မရမ်းကုန်းမြို့နယ်၊ အမျိုးသမီးငယ်များ သင်တန်းကျောင်းအုပ် ဒေါ်ခင်ဌေးကြည်က မခိုင်နှင်းဝေ၏ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုနိုင်ရေးအတွက် ဥပဒေအကြံပေး၏ အကြံပြုချက်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ပြောသည်။

“ကျွန်မ အခု စာရွက်စာတမ်းတွေ စုံအောင် စီစဉ်နေတယ်။ ရဲတပ်ဖွဲ့ကလည်း ကူညီပါတယ်။ စုံတာနဲ့ မြို့နယ်ဥပဒေရုံးကနေ တစ်ဆင့် ခရိုင်ဥပဒေရုံးက တင်မယ်။ ခရိုင်ဥပဒေရုံးက မှတ်ချက်ပြန်ကျတာနဲ့ တရားရုံးမှာ တရားစွဲဆိုဖို့ တင်ပါ့မယ်။ မြို့နယ်တရားရုံးက အဲ့ဒီအတိုင်းမှ လက်ခံမယ်ဆိုတော့လည်း အဲ့ဒီအတိုင်းဝင်အောင် ကျွန်မတို့ လုပ်နေကြတယ်” ဟု ကျောင်းအုပ်က ဆိုပါသည်။

ဆရာဝန်တို့၏ မှတ်ချက်

မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူနှင့်ပက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းများကြောင့် မခိုင်နှင်းဝေ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းများတွင် အပူလောင်ဒဏ်ရာ၊ ဦးခေါင်းနှင့်ခြေနှစ်ဖက်တွင် ဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူများက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မခိုင်နှင်းဝေသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ၉၄ ရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း(၄ဝ၂) တွင် ယခုနှစ်မေ လဆန်းက အိမ်အကူအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

၎င်းကိုနှိပ်စက်ကြောင်း အိမ်နီးချင်းတို့က ရိပ်မိကာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့က သွားရောက်စစ်ဆေးပြီး အိမ်ရှင်နှစ်ဦးကို ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံက ဒေါက်တာဆန်းလင်းက မခိုင်နှင်းဝေ ဆေးရုံရောက်လာပြီး တစ်ပတ်ခန့်အကြာတွင် မျက်နှာဒဏ်ရာမှလွဲပြီး ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများသည် အသားပြန်ဖြစ်သွားရာ ပြဋ္ဌာန်းထားသည့် ဥပဒေအရ သာမန်နာကျင်စေမှုဒဏ်ရာများတွင်သာ အကျုံးဝင်သည့်အတွက် ဆေးစာတွင် သာမန်ဒဏ်ရာဟုသာ ရေးသားရခြင်းဖြစ်ကြောင်း ပြောသည်။

စံပြဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှကလည်း မခိုင်နှင်းဝေ မျက်နှာပေါ်မှဒဏ်ရာကို တစ်လကျော်ကြာ စောင့်ကြည့်ပြီးမှ အပြီးသတ် မှတ်ချက်ပေးနိုင်မည် ဖြစ်ရာ ဇူလိုင် ၂၁ ရက်နေ့တွင် ဆေးရုံဘုတ်အဖွဲ့က အပြီးသတ် ဆုံးဖြတ်ပြီးနောက် အပြင်းအထန်ဒဏ်ရာမြောက်ကြောင်း ဆေးစာမှတ်ချက်ကို မြို့နယ်ရဲတပ်ဖွဲ့သို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

စံပြဆေးရုံမှ မှုခင်းဆရာဝန် ဒေါက်တာရဲဝင်းက ဆေးစာမှတ်ချက်ကို စည်းကမ်းချက်အတိုင်းသာ ရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့မှတ်ချက်ပြုတယ်ဆိုတာက ဒဏ်ရာ၊ အမာရွတ် စတာတွေကိုပဲကြည့်ပြီး ဆေးစာမှတ်ချက်ပြုလို့ရတာ။ နောက်တစ်ခုက ကျွန်တော်တို့ဆေးစာမှာ ဒဏ်ရာအမျိုးအစား ခွဲခြားတာမှာလည်း ပုဒ်မ ၃၂ဝ မှာ ပြဋ္ဌာန်းထားတဲ့ အချက် ၈ ချက်နဲ့ လွတ်လို့ မရဘူး။ မီးပူနဲ့ကပ်တယ်ဆိုတဲ့ ဒဏ်ရာဆိုရင်လည်း အပူလောင်လို့ရတဲ့ဒဏ်ရာလို့ပဲ ကျွန်တော်တို့ဘက်က ပြောလို့ရတယ်။ မီးပူကြောင့်လို့ သုံးနှုန်းလို့ မရဘူး။ တစ်ခုတော့ပြောလို့ရတယ်၊ ဒီဒဏ်ရာတွေက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်လို့ ရတဲ့ဒဏ်ရာပဲ၊ သာမန် ခိုက်ရန်ဖြစ်လို့ရတဲ့ ဒဏ်ရာ မဟုတ်ဘူးလို့တော့ ဆိုနိုင်တယ်” ဟု ဒေါက်တာရဲဝင်းက ဆိုသည်။

ပုဒ်မ ၃၂ဝ တွင်ပြဌာန်းထားသော အပြင်းအထန်နာကျင်စေမှုများတွင် လူကိုသင်းကွပ်ခြင်း၊ လူ၏ မျက်စိတစ်ဖက်ဖက် ကို အမြဲမမြင်အောင်ပြုခြင်း၊ လူ၏နားတဖက်ဖက်ကို အမြဲမကြားအောင်ပြုခြင်း၊ ကိုယ်လက်အင်္ဂါအဆစ်အမျက်တစ်ခုခုကို ကျိုးပဲ့ပျက်စီးအောင်ပြုခြင်း၊ ကိုယ်လက်အင်္ဂါ အဆစ်အမျက်တစ်ခုခု၏ အင်အားကို ဖျက်ဆီးခြင်း သို့မဟုတ် အမြဲချို့တဲ့ အောင်ပြုခြင်း၊ ဦးခေါင်းကိုဖြစ်စေ မျက်နှာကိုဖြစ်စေ အမြဲအရုပ်အဆင်းပျက်အောင်ပြုခြင်း၊ အရိုးကိုဖြစ်စေ သွားကိုဖြစ်စေ ကျိုးအက်ကွဲအောင်ဖြစ်စေ တိမ်းလွဲအောင်ဖြစ်စေပြုခြင်း၊ အသက်ကိုအန္တရာယ်ဖြစ်စေရန် သိုတည်းမဟုတ် နာကျင်ခံရသူသည် ရက်ပေါင်း ၂ဝ အတွင်း ကိုယ်အင်္ဂါအပြင်းအထန် ဝေဒနာခံစားရရန် သို့တည်းမဟုတ် ရက်ပေါင်း ၂ဝ အတွင်း မိမိ လုပ်ဆောင်မြဲအလုပ်အကိုင်တို့ကို မလုပ်ကိုင်နိုင်စေရန် နာကျင်စေခြင်း စသည့် အချက် ၈ ခု ပါဝင်သည်။

ဆေးဝါးကုသမှုစရိတ်

ဇူလိုင် ၂၄ တရားခွင်တွင် အိမ်ရှင်တို့၏ရှေ့နေ ဦးအုန်းညွန့်က ၎င်း၏အမှုသည်တို့က ဆေးကုသစရိတ်အတွက် ကျပ် ၂၈ သိန်း ထောက်ပံ့ရာ မခိုင်နှင်းဝေ၏ အဘွား ဒေါ်ခင်သန်း လက်ခံခဲ့သည်ဟု ပြောသည်။

“ဇွန်လ ၁၆ ရက်နေ့က ကျပ် ၂၈ သိန်းကို သူ့ရှေ့မှာပဲ အုပ်ထိန်းသူ သူ့အဘွားက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့တယ်။ သူတို့ မတိုင်ပါဘူး၊ ဘာမှမလုပ်ပါဘူး ဆိုပြီး ငွေလက်ခံတဲ့စာချုပ်ကို ချုပ်ခဲ့ကြတာ။ ကျွန်တော့်မှာ စာချုပ်အထောက်အထား ရှိတယ်” ဟု ရှေ့နေဦးအုန်းညွန့်က ပြောသည်။

အမှုကို သြဂုတ် ၈ ရက်နေ့တွင် ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading