
မန္တလေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ပြန်လည်ထိန်းသိမ်းခံရသူ လူငယ်၂ ဦး သေဆုံးခဲ့မှုကို တိုင်းအစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီးနောက် ကျောင်းဝန်ထမ်း ၅ ဦးနှင့် သင်တန်းသား ၁၁ ဦးကို လူသတ်မှု၊ အပြင်းအထန်နာကျင်စေမှုပုဒ်မများဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် တရားစွဲဆိုထားသည်ဟု အောင်မြေသာစံမြို့နယ် အမှတ် (၂) ရဲစခန်းမှ သိရှိရသည်။
အမှုဖွင့် အရေးယူထားသူ သင်တန်းသား ၁၁ ဦးအနက် ၅ ဦးမှာ အသက်မပြည့်သေးသော သက်ငယ်ကျောင်းသားများ ဖြစ်သည့်အတွက် ကလေးသူငယ်တရားရုံးတွင်သာ အမှုရင်ဆိုင်ရမည်ဟု အောင်မြေသာစံအမှတ် (၂) ရဲစခန်းမှူး ရဲအုပ်ဇော်ဝမ်းလေးက Myanmar Now ကို ပြောသည်။
“ကိုဗစ်ကြောင့် အမှုက ရုံးမထုတ်ဘူး။ ၅ ဦးကို ကလေးသူငယ်တရားရုံး၊ ကျန်သူတွေကို မန္တလေးခရိုင်တရားရုံးမှာ တရားစွဲတင် ပို့ထားပါတယ်” ဟု ရဲအုပ်ဇော်ဝမ်းလေးက ပြောသည်။
တာဝန်ကျ သင်တန်းကျောင်းဝန်ထမ်း ၅ ဦးနှင့် သင်တန်းသား ၆ ဦးကို မန္တလေးခရိုင်တရားရုံး၌ စက်တင်ဘာ ၂၅ တွင် တရားစွဲတင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ရဲစခန်းကို သက်သေခံ တင်ပြလာတာက တုတ်နဲ့ ဝါးခြမ်းပြားတွေပေါ့၊ အများစုက ဝါးခြမ်းပြားတွေပါ။ သေသူတွေမှာက ရိုက်ခံရတဲ့ အရှိုးရာတွေ အများကြီးလေ” ဟု ရဲအုပ်ဇော်ဝမ်းလေးက ပြောသည်။
အမှုဖွင့်တရားစွဲဆိုခံရသူ ၁၆ ဦးအနက် သင်တန်းကျောင်းအုပ် ဦးနေအောင်ကျော် မပါဝင်ကြောင်းလည်း ၎င်းက အတည်ပြုသည်။
လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသူ လူငယ် ၅ ဦးသည် ၂၀၂၀ ဇူလိုင် ၃၁ တွင် ကျောင်းမှ ထွက်ပြေးခဲ့သဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးမှာ ယင်းနေ့တွင်ပင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ၅ ရက်အကြာတွင် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
သေဆုံးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဌာနတွင်းစစ်ဆေးရေးအဖွဲ့နှစ်ခုအပြင် တိုင်းအစိုးရအဖွဲ့၏ သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ဦးဆောင်သောအဖွဲ့၊ တိုင်းတရားသူကြီးချုပ် ဦးဆောင်သောအဖွဲ့၊ ကျော်စောသတင်းကြောင့် လာရောက်စစ်ဆေးသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ စသည်ဖြင့် တိုင်းအဆင့်နှင့် နိုင်ငံတော်အဆင့် စစ်ဆေးရေးအဖွဲ့ ၇ ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်။
ထွက်ပြေးသည့် ကျောင်းသားနှစ်ဦးသေဆုံးရခြင်းမှာ လိုက်လံဖမ်းဆီးသည့် ကျောင်းသားများက ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့်ဖြစ်သည်ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စစ်ဆေးသုံးသပ်ချက်နှင့် ပတ်သက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဩဂုတ်လအတွင်း Myanmar Now ကို ပြောကြားခဲ့သည်။
အမှုဖွင့်ခံထားရသည့် သင်တန်းကျောင်းဆရာ ၅ ဦးမှာ ဘော်ယိမ်း၊ လော့ထန်း၊ ကျော်မင်းဌေး၊ သက်နိုင်၊ ဝင်းထွန်းတို့ ဖြစ်သည်။ သင်တန်းဆရာ လော့ထန်း၏ မိခင်ဖြစ်သူ ဒေါ်ရှင်းဟာကမူ ၎င်း၏ သားသည် ကျူးလွန်သူမဟုတ်ကြောင်း ယုံကြည်နေပြီး သေဆုံးမှုများမှာ ကျောင်းသားအချင်းချင်း ရိုက်နှက်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။
“ဖြစ်တဲ့နေ့က သူ့ဂျူတီလည်းမဟုတ်ဘဲ လူမရှိတော့ ဝင်ရတာ။ ဖြစ်စဉ်ဖြစ်တော့ လိုက်ဖမ်းတဲ့အထဲတော့ သူပါတယ်။ ရိုက်တဲ့အထဲတော့ သူမပါဘူးလို့ ကျွန်မတို့ စခန်းကို လိုက်သွားတော့ပြောတယ်” ဟု ဒေါ်ရှင်းဟာက ပြောသည်။
အလုပ်တာဝန်ချိန်အတွင်း လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံရန် အထက်လူကြီးများ၏ စေခိုင်းမှုရှိသည်ဟု ဒေါ်ရှင်းဟာက စွပ်စွဲလိုက်ပြီး နိုင်ငံတော်သမ္မတရုံးသို့ စက်တင်ဘာ ၁၇ တွင် တိုင်ကြားစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။
“သူ့ကိုအတင်းဝန်ခံခိုင်းတယ်။ ဝါးခြမ်းကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်တဲ့အထိ သူဖမ်းခံရမယ်မှန်း မသိသေးဘူးတဲ့” ဟု ဒေါ်ရှင်းဟာက ဆက်ပြောသည်။
ထိုတိုင်ကြားမှုကို သမ္မတရုံးက အကြောင်းမပြန်သေးကြောင်း၊ လက်ရှိတွင် ကိုဗစ်ကပ်ရောဂါကာလ တရားရုံးချိန်းများ မထုတ်သည့်အတွက် သားဖြစ်သူကို တွေ့ခွင့်မရကြောင်းလည်း ဒေါ်ရှင်းဟာက ဆိုသည်။
အခင်းဖြစ်ပွားသည့်နေ့တွင် ကျောင်းလုံခြုံရေးတာဝန်ကျနေသူ ဘော်ယိမ်း၏ ဦးလေးဖြစ်သူကလည်း ထွက်ပြေးပြီးဖမ်းမိလာသူ လူငယ်များကို ကျောင်းအုပ်၏ စေခိုင်းမှုကြောင့် ရိုက်ခဲ့ရသော်လည်း သေဆုံးစေနိုင်လောက်သည့် ဒဏ်ရာများမှာ ကျောင်းသားအချင်းချင်း ထိုးကြိတ်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ ရိုက်နှက်ရန် စေခိုင်းမှုနှင့် အတင်းအကျပ်ဝန်ခံခိုင်းမှုများ ရှိပါက အမှုဖွင့်ခံထားရသူများကိုယ်တိုင် တရားရုံးတွင်သာ ဖြေရှင်းရန် ရဲအုပ်ဇော်ဝမ်းလေးက တုံ့ပြန်သည်။
“ဒါက အဖွဲ့တွေအများကြီး စစ်ဆေးထားတဲ့ အဖြေပဲ။ မဟုတ်ဘူးဆို တရားရုံးမှာ ဖြေရှင်းရမှာပေါ့” ဟု ၎င်းက ပြောသည်။
မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထားရသည့် သင်တန်းသားဦးရေ များပြားသော်လည်း ဝန်ထမ်းအရေအတွက် နည်းပါးခြင်းကြောင့် လုံခြုံရေးအားနည်းကာ ကျောင်းသားများ ထွက်ပြေးသည့် ဖြစ်ရပ်များ ပေါ်ပေါက်ရကြောင်း ကျောင်းအုပ်ဆရာ ဦးနေအောင်ကျော်က ထုတ်ဖော်ပြောကြားထားသည်။
လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သော မန္တလေးလူငယ်သင်တန်းကျောင်း၏ ဖြစ်စဉ်နောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းကို Myanmar Now က မေးမြန်းခဲ့ရာ ကျောင်းသားများ ထွက်ပြေးပါက ရဲစခန်းကိုသာ တိုင်ကြားရမည်ဟု ဆိုသည်။
“လုပ်ထုံးလုပ်နည်းမှာက ထွက်ပြေးရင် လိုက်မဖမ်းရဘူး။ ရဲကို အကြောင်းကြားရတယ်။ လိုက်ဖမ်းမိတဲ့ အကျိုးဆက်ပေါ့ဗျာ။ အခုတော့ ရဲပဲ အကြောင်းကြားတော့တယ်” ဟု ဇန်နဝါရီ ၆ တွင် ၎င်းက Myanmar Now ကို ပြောသည်။
ထွက်ပြေးမှုများကြောင့် လုံခြုံရေးကင်မရာ အများအပြား တိုးချဲ့တပ်ဆင်ထားရှိထားသည်ကိုလည်း ဇန်နဝါရီ ၆ တွင် Myanmar Now က သင်တန်းကျောင်းသို့ သွားရောက်ခဲ့စဉ် တွေ့ခဲ့ရသည်။
ထိုသင်တန်းကျောင်း၌ အခင်းဖြစ်ပွားပြီး လပိုင်းအကြာတွင် ထပ်မံတိုးချဲ့ထားသည့် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းသို့ ကျောင်းသားဦးရေ ၂၁၁ ဦး ပြောင်းရွှေ့လိုက်သည်။
အဆိုပါသင်တန်းကျောင်းသစ်မှလည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျောင်းသားတစ်ဦးထွက်ပြေးမှု ထပ်မံပေါ်ပေါက်ခဲ့ပြီး ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ပုသိမ်ကြီးမြို့နယ်ရဲစခန်းထံမှ သိရသည်။