သတင်း

ဒေါ်အောင်ဆန်းစုကြည်က PDF ကို အားမပေးဟု စစ်ကောင်စီ ဝါဒဖြန့်

ဒေါ်အောင်ဆန်းစုကြည်က NUG, PDF တို့ကို လက်မခံကြောင်း ပုံဖော်ထားသည့် လက်ကမ်းစာစောင်ကို မန္တလေး၊ သပိတ်ကျင်းမြို့တို့တွင် စစ်ကောင်စီ လက်နက်ကိုင်တို့က ဇူလိုင် ၁၇ တွင် ဖြန့်ဝေခဲ့ကြသည်။

ဂျပန်နိုင်ငံအခြေစိုက် PanOrient News အွန်လိုင်းစာမျက်နှာ၏ ဖော်ပြချက်ကို တော်လှန်ရေးတွင် ပါဝင်နေသူများက စိတ်ပျက်လက်ပျက် ဖြစ်နေကြသယောင် စစ်ကောင်စီဘက်တော်သားတို့က အွန်လိုင်းတွင် ရေးသားဖြန့်ဝေခဲ့ကြသလို ထိုရေးသားချက်များကို ယခုလက်ကမ်းစာစောင်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟူသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ရုပ်ပုံကိုလည်း ထည့်သွင်း အသုံးပြုထားသည်၊ အာဆီယံအစည်းအဝေးအတွင်း ဝန်ကြီးပြောဆိုမှုကိုမူ ထည့်သွင်းဖော်ပြမထားပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဇူလိုင် ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ကျန်းမာရေးကောင်းကြောင်း ပြောဆိုထားသည်။ သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီး၊ ဝန်ကြီးဌာနပြောခွင့်ရတို့၏ ထုတ်ပြန်ပြောဆိုမှုများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NUG, PDF တို့နှင့် ပတ်သက်သည့် မှတ်ချက် မပါဝင်ခဲ့ပေ။

၁၇ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ ရဲကင်းစခန်းရှေ့တွင် စစ်သားနှင့် ရဲများက စာရွက်များဝေခဲ့ကြပြီး၊ ယနေ့တွင် တွင်းငယ်ကျေးရွာရှိ အမှတ် (၁၃) လေ့ကျင့်ရေးတပ်ဝန်းရှေ့တွင် ဝေနေကြောင်း ဒေသခံတို့က ဆိုသည်။

“ကျွန်မတို့ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့အချိန် သူတို့ စာရွက်ဝေနေတာနဲ့ တိုးတာ။ ဘာမှတော့ မပြောဘူး။ ဆိုင်ကယ်ကို တားပြီး စာရွက်တစ်ရွက် လာပေးသွားတာ၊ ရန်လုပ်မှာ ကြောက်တော့ ယူလာရတာပေါ့” ဟု သပိတ်ကျင်းဒေသခံတစ်ဦးက ပြောပြသည်။

တစ်ချိန်တည်းမှာပင် မန္တလေးမြို့ရှိ လည်ပတ်သူများပြားသော ဦးပိန်တံတားတွင်လည်း အရပ်ဝတ်စစ်သားများက အလားတူစာရွက်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စာရွက်ရရှိသူတို့အဆိုအရ မန္တလေးနှင့် သပိတ်ကျင်းတို့တွင် ဝေသည့် စာရွက်များမှာ တစ်ပုံစံတည်းဖြစ်သည်။

ဝါဒဖြန့်စာ၏ အနေအထားက စစ်ကောင်စီ၏ အခက်အခဲကို ဖော်ပြနေသည်ဟု သပိတ်ကျင်းမြို့မှ စာလက်ခံရခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

“ဒီဟာက အောက်တန်းကျတာပေါ့နော်၊ သတင်းမမှန်ဘူးဆိုတာကို ထမင်းစားကြီးတဲ့လူတိုင်းက သိပြီးသားပါ၊ သူတို့မှာ အတော်ကို ကြံရာမရဖြစ်နေတာကို သိရတာ၊ သူတို့က ရွံဖို့ကောင်းတာကို ပိုသိလာရတာပါပဲ” ဟု သူက ပြောသည်။

သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီသည် ၎င်းတို့တတ်နိုင်သည်ကိုသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မူလကရှိပြီးသား ရည်ရွယ်ချက်များအတိုင်းသာ ဆက်လက်လုပ်ဆောင်နေမြဲဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“သူတို့တတ်တာ၊ လုပ်နိုင်တာ လုပ်တာပါပဲ။ သူ့လုပ်ခွင့်ရှိတာ ဒါပဲကိုး။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်နေမှာပဲလေ။ ဒီလို ဝါဒဖြန့်တာတွေကို ကျွန်တော်တို့ မြေပြင်မှာက ဘာမှ အထွေအထူးပြောဆိုနေတာမျိုးမရှိဘူး” ဟု သူက ပြောသည်။

NUG, PDF တို့ကို လက်မခံဟု သေချာခြင်းမရှိသည့် သတင်းပေါ်ထွက်လာပြီးနောက် PDF များဟု ပုံဖော်ထားသည့် လူငယ် ၈ ဦး၏ အင်တာဗျူးကို စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက အလျင်အမြန် ဖော်ပြခဲ့ကြသည်။ ထိုအထဲတွင် လူငယ်အချို့က NUG, PDF တို့ကို လက်မခံဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကြောင့် အလင်းဝင်လာကြသည်ဟု စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများကို ဖြေထားသည်။

နိုင်ငံအနှံ့အပြား စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို PDF ထောက်ပံ့မှုမပြုရန် တောင်းဆိုထားသည်။

NUG အစိုးရသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးအင်အားစုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင် စစ်ရေးလှုပ်ရှားနေသော PDF သည် စစ်တပ်က ဆန္ဒပြသူတို့ကို သတ်ဖြတ်ခြင်းကြောင့် လက်နက်ကိုင်တော်လှန်ရန် စစ်ပညာသင်ယူခဲ့သော လူငယ်များကို အခြေပြု ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုတစ်ခုတွင် အမှုတွဲတစ်ဦးဖြစ်သည့် စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်ကမူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီ ဆန့်ကျင်သူတို့ကို ချီးကျူးသူဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုဖူးသည်။

ထောင်တွင်း တရားခွင်တွင် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအတွက် ခုခံတိုက်ပွဲဝင်နေကြသူများ  အထူးသဖြင့် လူငယ်များအတွက် အထူးဂုဏ်ယူနေသည်ဟု ပြောကြားခဲ့ကြောင်း ထောင်မှ ပြန်လွတ်လာသူ ပါမောက္ခ ရှောင်တာနယ်က အမေရိကန် NEWS 10 ABC သတင်းဌာနကို ၂၀၂၂ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြောခဲ့သည်။

နိုင်ငံခြားသားပညာရှင်ဖြစ်သည့် သူ့ကို စစ်ကောင်စီက အနှေးနှင့်အမြန် ပြန်လွှတ်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယူဆသည်၊ မြန်မာလူထုက ဒီမိုကရေစီနှင့် ထိတွေ့ခွင့်ရသည့်ကာလ တိုတောင်းသော်လည်း ဒီမိုကရေစီအတွက် ခုခံတိုက်ပွဲဝင်ရန် ပြင်ဆင်ထားခြင်းအတွက် အလွန်ဂုဏ်ယူနေသည်ဟု ပါမောက္ခ ရှောင်တာနယ်က ပြောသည်။

စစ်ကောင်စီတပ်သားများ ဖြန့်ဝေနေသည့် လက်ကမ်းစာစောင်။

ထိုင်းဝန်ကြီး၏ မြန်မာခရီးစဉ်နှင့် သံသယဖြစ်ဖွယ် အချက်များ

အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဆန္ဒရှိခဲ့သည်။ သို့သော် စစ်ကောင်စီက တွေ့ဆုံခွင့် မပေးခဲ့ပေ။

အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်း နိုလင်းဟေဇာသည်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းခဲ့သေးသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် တရားရင်ဆိုင်နေရသူဖြစ်ခြင်း၊ အကျဉ်းကျခံနေရခြင်းကြောင့် ဥပဒေအရ တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီက တုံ့ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် Don Pramudwinai တို့ တွေ့ဆုံသည်ဟူသော သတင်းကို စစ်ကောင်စီက ထိမ်ချန်ထားခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင်မှ တွေ့ဆုံမှုရှိခဲ့ကြောင်း ယင်းထိန်းချုပ်ထားသည့် သတင်းစာများတွင် ဖော်ပြသည်။ ဆွေးနွေးချက်အသေးစိတ်ကို မသိဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထိုစဉ်က ကုလအထူးကိုယ်စားလှယ်ကိုလည်းကောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌကိုလည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးဘဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပရန် ၂ ရက်အလိုတွင် Don Pramudwinai ကို ထိုအခွင့်အရေးပေးခြင်း ဖြစ်သည်။

ထိုတွေ့ဆုံမှုကို ခွင့်ပြုခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသုံးချခြင်းဟု NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက Myanmar Now ကို ပြောဆိုထားသည်။ Don Pramudwinai ၏ ခရီးစဉ်နှင့် ပတ်သက်၍ အာဆီယံနိုင်ငံများအကြား သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် “ဘုံသဘောတူညီချက်များအတိုင်း အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်ရန်” အာဆီယံက တိုက်တွန်းထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button