ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai မြန်မာနိုင်ငံသို့ တိတ်တဆိတ်သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ခဲ့သည် ဆိုသော်လည်း အာဆီယံကမူ ဘုံသဘောတူညီချက်များအတိုင်း အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။
ဇူလိုင် ၁၃ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ထိုသို့ တိုက်တွန်းကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် Don Pramudwinai နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုဟု တိုက်ရိုက်မရည်ညွှန်းသလို ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကိုလည်း ထည့်သွင်းမထားပါ။
သို့သော် “ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လတ်တလော လုပ်ဆောင်ချက်” ဟု ရည်ညွှန်းဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ လုပ်ဆောင်ချက်ကို အာဆီယံနိုင်ငံအချို့က အကောင်းဘက်မှ ရှုမြင်သည်၊ အာဆီယံအနေဖြင့် ဘုံသဘောတူညီချက်များနှင့်အညီ လုပ်ဆောင်သည့် မည်သည့်ကြိုးပမ်းမှုမျိုးကိုမဆို အားပေးပြီး အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။
အာဆီယံဘုံသဘောတူညီချက်ပါ အချက်များ အကောင်အထည်ဖော်သည့်လုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု ရှိမရှိကို စက်တင်ဘာလ ပထမပတ်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြန်လည်သုံးသပ်မည်ဖြစ်သည်။
အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန်တို့ ပါဝင်သည့် အာဆီယံဘုံသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ထားခဲ့သည်။ သို့သော် ၂ နှစ်ကျော်ကြာသည့်တိုင် ဖြစ်ပေါ်တိုးတက်ခြင်းမရှိသည့် ဘုံသဘောတူညီချက်မူကို အာဆီယံက ဆက်လက်ကိုင်စွဲထားဆဲဖြစ်သည်။
နိုင်ငံအတွင်း အကြမ်းဖက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ပြည်သူ့အိုးအိမ်များ ဖျက်ဆီးခံရမှုအတွက် အာဆီယံက ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။ လူသားချင်းစာနာမှုအကူအညီများ ပေးနိုင်ရန်နှင့် အားလုံးပါဝင်သော ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်လည်း အာဆီယံက တိုက်တွန်းထားသည်။
ထိုင်းဝန်ကြီး၏ တိတ်တဆိတ်ခရီးနှင့် သဘောထားကွဲလွဲမှုများ
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ Don Pramudwinai သည် ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။
ထိုတွေ့ဆုံမှု၏ အသေးစိတ်အခြေအနေကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းသည် ဟူသည့် သတင်းစကားကိုသာ Don က ယူဆောင်လာနိုင်ခဲ့သည်။ စစ်ကောင်စီကလည်း ထိုသတင်းကို ထိမ်ချန်ထားပြီး တွေ့ဆုံမှု ၆ ရက်မြောက်နေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင်မှ တွေ့ဆုံမှုရှိခဲ့ကြောင်း ယင်းထိန်းချုပ်ထားသည့် သတင်းစာများတွင် ဖော်ပြသည်။
ဆွေးနွေးချက်အသေးစိတ်ကို မသိဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့ပေ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်း နိုလင်းဟေဇာသည်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် တောင်းခဲ့သေးသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် တရားရင်ဆိုင်နေရသူဖြစ်ခြင်း၊ အကျဉ်းကျခံနေရခြင်းကြောင့် ဥပဒေအရ တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီက တုံ့ပြန်ခဲ့သည်။ ထိုသို့သော နောက်ခံအခြေအနေများရှိခဲ့ရာ မြန်မာနိုင်ငံသို့ လျှို့ဝှက်သွားရောက်ခဲ့သည့် Don Pramudwinai ၏ ခရီးစဉ်သည် သံသယဖြစ်ဖွယ်ရှိသည်။
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံနိုင်ငံများအကြား သဘောထားကွဲလွဲမှုများ တွေ့မြင်ရပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတို့က စစ်ကောင်စီကို အပြင်းအထန်ဝေဖန်လေ့ရှိသည်။
ထိုင်းနိုင်ငံကမူ စစ်ကောင်စီနှင့် တိတ်တဆိတ် ဆက်ဆံရေးရှိနေသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ထိုင်းက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ကာ အာဆီယံနိုင်ငံအချို့နှင့် ဆွေးနွေးစေခဲ့သည်။ ထိုအစည်းအဝေးသို့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်တို့အပြင် တရုတ်နှင့် အိန္ဒိယမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သို့သော် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့ ပါဝင်တက်ရောက်ခြင်းမရှိပေ။ ထိုင်းနိုင်ငံ၏ ကမကထပြုတွေ့ဆုံမှုကိုလည်း အင်ဒိုနီးရှားနိုင်ငံက ဝေဖန်ထားသည်။
ကျင်းပပြီးစီးခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံနိုင်ငံများ သဘောထားမကွဲကြရန် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက သတိပေးထားသည်။ အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည်သာ အဓိကကျပြီး အခြားရွေးချယ်ရန် လမ်းမရှိဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြောသည်။
“အာဆီယံဟာ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားနိုင်မှသာ အောင်မြင်မှာဖြစ်ပါတယ်” ဟု Retno Marsudi က ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာ့အရေးနှင့် ပတ်သက်၍ အားလုံးပါဝင်သော ဆွေးနွေးမှုသာ အဖြေဖြစ်လိမ့်မည်ဟူသည့်မူကို ကိုင်ဆွဲထားသည်။ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးသည်သာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြစ်လိမ့်မည်ဟု ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် Retno Marsudi က ပြောဆိုခဲ့သည်။
၂ နှစ်ခွဲနီးပါး ကြာမြင့်လာပြီဖြစ်သော အာဆီယံဘုံသဘောတူညီချက်များ အကောင်အထည်ပေါ်လာရေးအတွက် အာဆီယံခေါင်းဆောင်များက စစ်ခေါင်းဆောင်ကို အစည်းအဝေးများမှ ဖယ်ကြဉ်ထားခြင်းသာ တတ်နိုင်သေးသည်။
ဘုံသဘောတူညီချက်မူကို အာဆီယံက ဆက်ကိုင်ထားပြီး ထိုအချက်များ လိုက်နာရန် စစ်ကောင်စီကို အကြိမ်ကြိမ်တိုက်တွန်းနေသည်။ စစ်ခေါင်းဆောင်ကမူ ထိုသဘောတူညီချက်များ အကောင်အထည်မပေါ်ခြင်းမှာ ကိုဗစ်ကပ်ဘေး ထိန်းချုပ်ရန် လုံးပန်းနေရခြင်းကြောင့်ဟု ဆင်ခြေပေးထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)