သတင်း

လာဘ်စားသည့် လဝကအရာရှိနှင့် ပွဲစားအမျိုးသမီးကို အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချ

နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယားနှင့် မွေးဖွားလူဦးရေတိုးစာရင်းပြုလုပ်ရာတွင် ကျပ် ၉၅ သိန်းကျော် လာဘ်ငွေတောင်းခံမှုဖြင့် လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးမှ အရာရှိတစ်ဦးနှင့် ပွဲစားအမျိုးသမီးကို အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်စီ ကျခံစေရန် ရှမ်းပြည်နယ်တရားလွှတ်တော်က ဇွန် ၂၃ တွင် အမိန့်ချမှတ်ခဲ့သည်။

လားရှိုးမြို့နယ်လဝကဦးစီးမှူးနှင့် ဒုဦးစီးမှူးအပါအဝင် လဝကဝန်ထမ်းခုနစ်ဦးနှင့် အကျိုးဆောင်ပွဲစားဖြစ်သူကို အဂတိလိုက်စားမှုဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လားရှိုးမြို့မ ရဲစခန်းတွင် ၂၀၁၉ ဇွန် ၁၂ တွင် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။ 

ကနဦး အမှုဖွင့်ပြီးချိန်တွင် မြို့နယ်လဝကဦးစီးမှူးနှင့်အတူ ကျန်လဝကအရာရှိငါးဦး ထွက်ပြေးလွတ်မြောက်သွားသဖြင့် ဖမ်းဆီးရမိထားသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းနှင့် ပွဲစားကိုသာ ယမန်နေ့က အမိန့်ချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။

အဆိုပါ ကျပ် ၉၅ သိန်းကျော် လာဘ်စားမှုတွင် ပါဝင်သူနှစ်ဦးကို အမှုဖွင့်ပြီး တစ်နှစ်ကျော်ကြာမှသာ  ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကာ ကျန်လဝကအရာရှိ ခြောက်ဦးမှာ ယနေ့အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ 

ထွက်ပြေးလွတ်မြောက်နေသူများမှာ မြို့နယ်လဝကဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဒေါ်ကြည်ကြည်ညွန့်နှင့် ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဦးထက်ဝင့်အောင်၊ ဒေါ်အိအိမွန်အောင်နှင့် ဦးကျော်သူဟိန်းတို့ဖြစ်သည်။ 

ငွေကျပ် ၉၅ သိန်း ၆ သောင်း လာဘ်ယူခဲ့သည့် လဝကအရာရှိများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မ-၅၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ပြီး လာဘ်စားမှုဖြစ်မြောက်စေရန် အားပေးကူညီသည့် အကျိုးဆောင်ပွဲစား ဒေါ်မာရှောက်ဆန်းကို အဂတိတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ -၅၆/၆၃ တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 

“သူက ကြားကနေ လာဘ်ပေးဖို့ အားပေးကူဖို့ လုပ်တယ်ဆိုပြီးတော့မှ အားပေးကူညီမှုနဲ့ ချလိုက်တာ။ ကျန်တဲ့ပြေးနေတဲ့သူတွေကိုတော့ ဝရမ်းထုတ်မှာပေါ့ဗျာ။ တစ်နိုင်ငံလုံးတော့ မထုတ်နိုင်ဘူး ထင်ပါတယ်။ သူတို့အရင်နေခဲ့တဲ့ တာဝန်ကျတဲ့နေရာတို့ မိသားစုရှိတဲ့နေရာတို့လောက်ပဲ ဝရမ်းကပ်နိုင်မယ်ထင်ပါတယ်” ဟု ဒေါ်မာရှောက်ဆန်း၏ အကျိုးဆောင်ရှေ့နေက Myanmar Now ကို ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူကို  ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး အဂတိမှုကျူးလွန်ရာတွင် အားပေးကူညီကိုလည်း ပုဒ်မ ၆၃ အရ တူညီသော ပြစ်ဒဏ်ကို ချမှတ်နိုင်သည်။

ထွက်ပြေးလွတ်မြောက်နေသည့် လဝကအရာရှိခြောက်ဦးကို တရားခံပြေးအဖြစ် ကြေညာထားသော်လည်း တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းမိသည့်သတင်း မကြားရသေးကြောင်းလည်း ကော်မရှင်ပြောခွင့်ရ ဦးကျော်စိုးက ပြောသည်။

“ထိန်းသိမ်းဖို့လုပ်တဲ့အချိန်မှာ သူတို့က မရှိဘူးဆိုတော့ ဖမ်းဖို့ကို တရားခံပြေးအဖြစ်ကြေညာပြီး အဲ့ဒီလိုပဲ လုပ်ထားခဲ့ရတာ။ ဖမ်းမိရင် သူတို့အကြောင်းကြားရင် ကျွန်တော်တို့က တရားစွဲဖို့ ထပ်လုပ်ရမှာ” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် နေ့စဉ်ရက်ဆက် စောင့်ဆိုင်းနေသူများမှာ ရာချီရှိပြီး FRC (Foreigners Registration Certificate – နိုင်ငံခြားသားမှတ်ပုံတင်ကတ်ပြား) လက်မှတ်ရ တရုတ်နိုင်ငံသားများ အပါအဝင် ဒေသခံမဟုတ်သူ ပိုများကြောင်း လားရှိုးဒေသခံ ဦးမြင့်မောင်က ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသား ခပ်များများက မှတ်ပုံတင်ကို စိတ်မဝင်စားဘူး။ အဓိကလုပ်တာကတော့ FRC တွေပေါ့ဗျာ။ တရုတ်တို့ ဘာတို့ပေါ့ဗျာ။ တစ်သိန်းဆိုလည်း ပေးလိုက်တာပဲ၊ သူတို့က အလုပ်ရှုပ်မခံဘူးလေ။ သူတို့က ပိုက်ဆံရှိတယ်။ ကျွန်တော်တို့အတွက် အဲဒီတစ်သိန်းဆိုတာ တစ်လရှာလို့လည်း ဝင်ချင်မှ ဝင်တာလေ” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button