ရွေးကောက်ပွဲ

စစ်ကိုင်း၊ မကွေးရှိ ရွေးကော်နှင့် လဝကရုံးတချို့ မီးရှို့၊ ဖောက်ခွဲခံရ

ရွေးကောက်ပွဲ လုပ်ရန် စစ်ကောင်စီက ပြင်ဆင်လာချိန် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံးတချို့ ပစ်မှတ်ထား တိုက်ခိုက်ခံရသည်။

ဇန်နဝါရီ ၁၀ မှ ဇန်နဝါရီ ၁၉ အတွင်း မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ လဝကရုံး၊ စစ်ကိုင်းတိုင်းအတွင်း တမူးမြို့နယ် ရွေးကော်ရုံး၊ မြင်းမူမြို့နယ် လဝကရုံးတို့ မီးရှို့ခံရကာ အင်းတော်ရှိ ရွေးကော်ရုံး မိုင်းခွဲခံရသည်။

ဇန်နဝါရီ ၁၂ နံနက် ၁ နာရီတွင် ရေစကြိုမြို့ပေါ် လဝကရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များ ဝင်ရောက်သွားပြီး ရုံးပင်မအဆောင်၊ စာရွက်စာတမ်းထားသည့်အဆောင် အပါအဝင် အဆောက်အအုံ ၄ ခု မီးလောင်ခဲ့သည်။

မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေမတန်တဆ တောင်းခံခြင်း၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းကြောင့် မီးရှို့ရခြင်းဖြစ်သည်ဟု ရေစကြို PDF ခေါင်းဆောင်က Myanmar Now ကို ပြောထားသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် အိန္ဒိယနယ်စပ် တမူးမြို့ပေါ်ရှိ ရွေးကော်ရုံးကို တမူး PDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၅ တို့ ပူးပေါင်းပြီး မီးရှို့ခဲ့သည်။

စစ်ကောင်စီပြုလုပ်သည့် ရွေးကောက်ပွဲကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နေကြသူများကို နမူနာပေးသည့်အနေဖြင့် မြို့ပေါ်ရှိ ထိုရုံးကို ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု တမူးမြို့နယ် PDF တာဝန်ခံ ဗိုလ်စင်္ကြာက Myanmar Now ကို ပြောသည်။

“ဒီ တရားမဝင်တဲ့ ရွေးကောက်ပွဲကို မဖြစ်စေချင်ဘူး။ ဖြစ်လည်းမဖြစ်ရဘူး။ ဖြစ်ဖို့လည်း မကြိုးစားကြနဲ့” ဟု ၎င်းက ဆိုသည်။

ရုံးအတွင်းရှိ စာရွက်စာတမ်းများကို မီးရှို့ခဲ့ပြီး PDF,ABSDF ပူးပေါင်းတပ်များ ပြန်ထွက်သွားပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြကြောင်း အထက်ပါတာဝန်ခံက ဆက်ပြောသည်။

လူဦးရေစာရင်းကောက်ယူခြင်း မလုပ်သေးသော်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ လုပ်နေသောကြောင့် လဝကရုံးကို မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု တမူး PDF က ဆိုသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရွေးကော်ရုံးကို လာရောက်တိုက်ခိုက်သည့် လက်နက်ကိုင် လူတစ်စုနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြနေကြသည်။

-ရေစကြိုမြို့ပေါ်ရှိ လဝကရုံးအတွင်း မီးလောင်နေသည်ကို ဇန်နဝါရီ ၁၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ည ၇ နာရီခန့်တွင် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း မြင်းမူမြို့ပေါ်တွင် လဝကရုံး မီးရှို့ခံရပြီး ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်သည်။

လဝကရုံးကို ဝင်ရောက်စီးနင်းစဉ် ရုံးအတွင်းဝန်ထမ်းတချို့က မဲစာရင်းများပြုလုပ်နေသည်ကို တွေ့ရကြောင်း၊ မဲစာရင်း ၊ စာရွက်စာတမ်းများနှင့် ကွန်ပျူတာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း “အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့” (PAFD) ဟု အမည်ပေးထားသော ဒေသခံကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

လဝကရုံးသည် မီးသတ်ရုံးနှင့် ကပ်လျက်တည်ရှိနေသောကြောင့် မီးရှို့ဖျက်ဆီးနိုင်ရေး သေချာ စီစဉ်ဆောင်ရွက်ခဲ့ရပြီးအာဏာရှင်စနစ်ကို တိုက်ဖျက်သည့်အတွက် လူပုဂ္ဂိုလ်များကို တတ်နိုင်သမျှ ငဲ့ညှာစွာ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုတိုက်ခိုက်မှုကို ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များဖြစ်သော PAFD, တပ်ခွဲ DK PDF(MMU), People’s Knight Defense Force Myinmu (PKDF.MMU), TAUNGTHA People Defense Force (TTAPDF), D.B.B.F.MMU မဟာမိတ်အဖွဲ့ အစရှိသော ၅ ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်၏ ရွေးကောက်ပွဲကို ပါဝင်ခြင်း မပြုရန် တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းထားကြပြီး ကာကွယ်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များက အဆက်မပြတ် တိုက်ခိုက်နေသည်။

မဲဆန္ဒရှင် လူဦးရေစာရင်းနှင့် ဆက်စပ်သည့် ရုံးတချို့ မီးရှို့ဖျက်ဆီးခံရသလို ဖောက်ခွဲတိုက်ခိုက်မှု များ၊ လူဦးရေစာရင်း ကောက်ရာတွင် ပါဝင်သူများ ပစ်ခတ်သတ်ဖြတ်ခံနေရသည်။

ဇန်နဝါရီ ၁၇ ကလည်း အင်းတော်မြို့နယ် ရွေးကော်ရုံးကို အင်းတော် PDF က လက်လုပ်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ပြင်းထန်မှု မရှိသည့် မိုင်းနှစ်လုံးကို သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့သည်ဟု PDF ဘက်က ပြောခဲ့ပြီး ဖောက်ခွဲမှုအပြီး မြို့ပေါ် အခြေစိုက်တပ်များက ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီးကျည် မြို့ပေါ်ကျရောက် ပေါက်ကွဲကာ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့သည်။

ဇန်နဝါရီ ၁၀ က ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့တွင် စည်ပင်သာယာရုံး ဗုံးခွဲတိုက်ခိုက်ခံရသလို နောက်တစ်နေ့တွင် တာမွေမြို့နယ်၌ လူဦးရေစာရင်းကောက်အပြီး ပစ္စည်းများသိမ်းဆည်းနေသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၁၁တွင် မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီ၏အုပ်ချုပ်ရေးအဖွဲ့ဝင်များ လူဦးရေစာရင်းကောက်နေသည့် နေရာ ၅ ခု၌ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး No more Dictatorship People Defence Force (NMD) အမည်ရ မြို့ပြပြောက်ကျားအဖွဲ့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဆိုသည်။

အလားတူ လူစာရင်းကောက်နေကြသော ဇန်နဝါရီ ၁၅ တွင် မန္တလေးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၊ ဇန်နဝါရီ ၁၃ တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးမတစ်ဦး၊ ဇန်နဝါရီ ၁၈ တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှ စစ်တပ်သတင်းပေးဟု အမည်ထွက်နေသော အမျိုးသားတစ်ဦးတို့ ပစ်သတ်ခံရသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်ကာလသက်တမ်း ၂ နှစ်အထိ အာဏာယူထားနိုင်သည်ဟု အကြောင်းပြထားရာ ထို ၂ နှစ် သက်တမ်းမှာ ဇန်နဝါရီလကုန်လျှင် ကုန်ဆုံးတော့မည်ဖြစ်သည်။

ထို့ကြောင့် သက်တမ်းပြည့်ပြီးလျှင် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တိုင်းပြည်အာဏာကို ပြန်ယူပြီး ၆ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဟု ဆိုထားရာ စစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ခံနေမှုများတွင် ပူးပေါင်း ပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် မည်သူ့ကိုမဆို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲမည်ဟု ဇန်နဝါရီ ၉ က ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button