သတင်း

အင်းတော် ရွေးကော်ရုံး မိုင်းခွဲခံရပြီး စစ်တပ်က ပစ်၍ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁၇) ညနေပိုင်းက ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ရာ ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရသွားသည်။

ပြင်းထန်မှု မရှိသည့် မိုင်းနှစ်လုံး ဖောက်ခွဲခဲ့သည်ဟု အင်းတော်မြို့ပြပြောက်ကျားအဖွဲ့က ပြောသည်။

“အဆောက်အအုံ အထိအခိုက်ကတော့ မရှိခဲ့ပါဘူး၊ သတိပေးတဲ့အနေနဲ့ပဲ လုပ်တာဆိုတော့။ နောက်ပြီးတော့ မိုင်းခွဲပြီးတဲ့အချိန်မှာ စစ်တပ်ကုန်းက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်ပြီးတော့ ရမ်းသန်းပစ်ခတ်တယ်” ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်နက်ကြီးကျည်များမှာ မြို့ပြင်ရှိ သုသာန်အတွင်း ၂ လုံး၊ မြို့ ပေါ်သို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ မြို့ပေါ်မှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးတို့ မစိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့သည်ဟု အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

“မစိုးရိမ်ရဘူး၊ နည်းနည်းလေး ထိသွားတာ၊ ဈေးရှေ့အပေါက်နားမှာ ကျတာ၊ အဲဒီတပ်ကုန်းက လှမ်းပစ်တဲ့ အလုံးက။ သင်္ချိုင်းကုန်းမှာ ကျတာကတော့ ဘယ်သူမှမထိဘူး” ဟု အဆိုပါ အသက် ၄၀ ခန့်ရှိသည့် အထက်ပါဒေသခံအမျိုးသားက ဆက်ပြောသည်။

ယနေ့နံနက်တွင် စစ်ကောင်စီတပ်က စစ်တပ်ကုန်းရှေ့ရှိ မြို့နယ်ပညာရေးမှူးရုံးအနီး လမ်းသွားလမ်းလာများအား စစ်ဆေးနေသလို စစ်ကားနှစ်စီးဖြင့် မြို့ပေါ်တွင် လှည့်လည်စစ်ဆေးမှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။

“ဒီနေ့မနက်က တစ်မြို့လုံးစစ်သားတွေချည်းပဲ၊ ဘယ်နားသွားသွား သူတို့ချည်း တွေ့နေရတာ၊ အစစ်အဆေးလည်း ကြမ်းနေတယ်” ဟု အထက်ပါ အင်းတော်မြို့ဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များတွင် ဖော်ပြထားသည့် အင်းတော်ရွေးကော်ရုံး တိုက်ခိုက်ခံရပြီး အခြေအနေ။

စစ်ကောင်စီကို ထောက်ခံသည့် ပုံစံနှင့် ဝါဒဖြန့်နေသော အွန်လိုင်း တယ်လီဂရမ်စာမျက်နှာများတွင် အင်းတော်ရွေးကော်ရုံးကို PDF များက လက်လုပ်အသံမိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အင်းတော်ဒေသတွင် PDF က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးတွဲလှုပ်ရှားလျက်ရှိသည်။

စစ်ကောင်စီတပ်သည် အခြားဒေသများတွင်လည်း ၎င်းတို့တိုက်ခိုက်ခံရပါက ပတ်ဝန်းကျင်ကို ပစ်ခတ်တတ်သောကြောင့် အရပ်သားများ ထိမှန် သေဆုံး၊ ဒဏ်ရာရနေသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁ ကလည်း မကွေးတိုင်း ဆိတ်ဖြူမြို့နယ်တွင် ကျေးရွာစာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရပြီး ထိုစစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အသက် ၇ နှစ်အရွယ် ဒေသခံမိန်းကလေးတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီက ဦးဆောင်ပြုလုပ်မည်ဟု ကြေညာထားသော ရွေးကောက်ပွဲအတွက် စစ်ကောင်စီ လက်အောက်ခံ ရွေးကော်အဖွဲ့များ၊ အုပ်ချုပ်ရေး၊ လဝကနှင့် ပညာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်နေရာ ကာကွယ်ရေးအဖွဲ့များက သတိပေးတိုက်ခိုက်မှုများ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ ပြုလုပ်နေသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်အတူ လူဦးရေစာရင်းလိုက်ကောက်နေသည့် အဖွဲ့ကို ဇန်နဝါရီ ၉ တွင် လောင်းလုံး PDF က ဝင်ရောက်တိုက်ခိုက်ရာ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိသွားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးရှိ လူဦးရေစာရင်းကောက်သည့် နေရာ ၇ ခု ဗုံးခွဲခံရသည်။

ဇန်နဝါရီ ၁၅ က စစ်ကောင်စီရွေးကောက်ပွဲအတွက် လူစာရင်းကောက်နေကြသော မန္တလေးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၊ ဇန်နဝါရီ ၁၃ တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးမတို့ ပစ်သတ်ခံရသည်။

အလားတူ ရက်ပိုင်းအတွင်း ရေစကြိုမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးကွပ်ကဲမှုဌာန (လဝက) ရုံး မီးရှို့ခံရသလို မြောင်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်နေသည့် အုပ်ချုပ်ရေးဝန်ထမ်း ၄ ဦးကို PDF များက ဖမ်းဆီးခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ခံနေမှုများတွင် ပူးပေါင်းပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် မည်သူ့ကိုမဆို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲမည်ဟု ဇန်နဝါရီ ၉ က ကြေညာထားသည်။

စစ်ကောင်စီကလည်း သင့်တော်သည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး နိုင်သည့်ပါတီကို အာဏာအပ်မည်ဟု အာဏာသိမ်းကတည်းက ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button