ရွေးကောက်ပွဲ

ရန်ကုန်နှင့် မန္တလေးရှိ လူဦးရေစာရင်းကောက်သည့် နေရာ ၇ ခု ဗုံးခွဲခံရ

စစ်ကောင်စီက ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူနေသူများကို မြို့ပြပြောက်ကျားအဖွဲ့များက ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင် နှစ်ရက်အတွင်း ၇ ကြိမ် ဗုံးခွဲတိုက်ခိုက်သည်ဟု သိရသည်။

ဇန်နဝါရီ ၉ မှစတင်၍ နိုင်ငံအနှံ့တွင် မဲပေးနိုင်သူစာရင်း ပြုလုပ်ရန် ရည်ရွယ်၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးများက လူဦးရေစာရင်း ကောက်ယူနေသည်။

ဇန်နဝါရီ ၁၀ မွန်းလွဲ ၃ နာရီခန့်က ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့တွင် စည်ပင်သာယာရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး မဲစာရင်းကောက်ယူမှုတွင် စည်ပင်ဝန်ထမ်းများ ပါဝင်နေ၍ သတိပေးတိုက်ခိုက်ခြင်း ဖြစ်သည်ဟု Yangon Underground Force (YUF) မြို့ပြပြောက်ကျားအဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

ရဲနှင့်စစ်သား ၁၀ ဦးခန့် လုံခြုံရေးရှိသည့် အဆိုပါစည်ပင်ရုံးရှေ့ လုံခြုံရေးဘန်ကာ ဗုံးခွဲခံရ၍ ပျက်စီးသွားပြီး လူသေဆုံးမှု မရှိခဲ့ပေ။

“တရားမဝင်ရွေးကောက်ပွဲကို ကူညီနေတဲ့လူတွေကို သတိပေးတာပါ။ တိုက်ခိုက်မှုအပြီးမှာ စစ်ကား ၅ စီးလောက် ရောက်လာပြီး (အခင်းဖြစ်နေရာကို) စစ်ဆေးတယ်” ဟု YUF တာဝန်ခံ ကိုလီယိုက Myanmar Now ကို ပြောသည်။

နောက်တစ်နေ့ ဇန်နဝါရီ ၁၁ မွန်းလွဲ ၂ နာရီကျော်တွင် ရန်ကုန် တာမွေမြို့နယ်၊ တာမွေကြီးရပ်ကွက်၊ ၁၆၂ လမ်းတွင် လူဦးရေစာရင်းကောက်အပြီး ပစ္စည်းများသိမ်းဆည်းနေသည့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

Freeland Attack Force (FLA)၊ Emerald Girls Army (EGA) ၊ Revolution of 21 Century စသည့် မြို့ပြပြောက်ကျားအဖွဲ့ ၃ ဖွဲ့က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

“မနေ့က အသေ မလုပ်တာ ဆရာမတွေ ပါနေလို့ပါ။ စာထုတ်တယ်၊ ခြောက်လှန့်ပစ်တယ်။ ကျွန်တော်တို့ သတိပေးကာလ ပြီးပါပြီ။ ဆက်လုပ်နေရင် သူတို့ထိုက်နဲ့ သူတို့ကံပါပဲ” ဟု Freeland Attack Force (FLA) အဖွဲ့မှ တာဝန်ခံ ကိုနေမျိုးနွယ်က ပြောသည်။

ဗုံးကွဲပြီးနောက် Double Cab ကားတစ်စီးဖြင့် အခင်းဖြစ်နေရာကို စစ်သားများ ရောက်လာပြီး စစ်ဆေးသလို ညပိုင်းတွင်လည်း တာမွေမြို့နယ်၊ တာမွေကြီးရပ်ကွက်ရှိ ၁၅၇ လမ်းနှင့် ၁၆၂ လမ်းတို့၌ စစ်သားများ လိုက်လံစစ်ဆေးခဲ့သည်ဟု သိရသည်။

Yangon Underground Force (YUF) မြို့ပြပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ကြေညာချက်။

စစ်ကောင်စီက လာမည့် ဩဂုတ်လအတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားရာ ရွေးကောက်ပွဲတွင် ပူးပေါင်းခြင်းမရှိရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ယင်းနေ့ ဇန်နဝါရီ ၁၁ ညနေမှာပင် မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီ၏အုပ်ချုပ်ရေးအဖွဲ့ဝင်များ လူဦးရေစာရင်းကောက်နေသည့် နေရာ ၅ ခုတွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မန္တလေး မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိသော ၃၇ လမ်းနှင့် ၇၃ လမ်းရှိ ဓမ္မာရုံ အနီး၊ ၁၁၃ လမ်း (၅၆ နှင့် ၅၇ လမ်းကြား)၊ ၃၈ လမ်းနှင့် ၈၉ လမ်းထောင့် စည်ပင်ဝင်းအတွင်း၊ ၆၈ လမ်းနှင့် ၁၀၇ လမ်းရှိ ဘောလုံးကွင်း၊ လမ်း ၉၀ (လမ်း ၄၀နှင့် ၄၁ လမ်းကြား) ရှိ ဧသုခရပ်ကွက်ရုံးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

“ဧသုခရပ်ကွက်ရုံး အုံးတာတော့ (ဗုံးပေါက်တာတော့) ကြားလိုက်တယ်ဗျ။ အသံကောင်းချက်ပဲ။ အထိအခိုက်တော့ မရှိဘူး။ ဖြစ်ဖြစ်ချင်း အနားက အထက ၂၄ ကျောင်းထဲ တပ်စွဲထားတဲ့ စစ်သားတွေ ရောက်လာပြီး စစ်ဆေးတယ်” ဟု စိန်ပန်းရပ်ကွက်တွင် နေထိုင်သော မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးအခြေစိုက် No more Dictatorship People Defence Force (NMD) အမည်ရ မြို့ပြပြောက်ကျားအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုနဂါးကြီးက ထိုနေရာ ၅ ခုလုံးကို ၎င်းတို့ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့တွင် ပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှုတစ်ခုကို ၂၀၂၂ မတ်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ -ပေးပို့)

“စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ဘဲ အယောင်ပြ နာမည်ခံရွေးကောက်ပွဲကို လက်ခံနိုင်စရာမရှိလို့ လုပ်တာပါ။ ပြည်သူလုထုဆန္ဒမပါဘဲ စကစအလိုကျ မဲစာရင်းအတွက် လုပ်ပေးနေမယ်ဆိုရင် အသက်အန္တရာယ်အတွက် အာမခံနိုင်မှာမဟုတ်ပါဘူး” ဟု  ကိုနဂါးကြီးက ဆိုသည်။

သတိပေးဖောက်ခွဲမှုသာ ဖြစ်သည်၊ ရွေးကောက်ပွဲအတွက် စာရင်းဆက်ကောက်နေပါက ထိရောက်စွာ တုံ့ပြန်မည်ဟု သူက ပြောသည်။

ယမန်နေ့တိုက်ခိုက်မှုများအပြီး ယနေ့တွင် လူဦးရေစာရင်းကောက်ယူနေမှုများ မတွေ့ရကြောင်း စိန်ပန်းရပ်ကွက်နေ အထက်ပါမြို့ခံအမျိုးသားက ဆိုသည်။

“ဒီနေ့ ကောက်တာ မတွေ့ရတော့ဘူး။ မဲစာရင်းကောက်တာ အလကားပါ။ (မဲ) မထည့်လည်း အနိုင်ယူမယ်။ ထည့်လည်း အနိုင်ယူမယ်။ ပြည်သူတွေအတွက်က မထူးပါဘူး။ အခုလည်း သေနတ်ပြပြီး ခြိမ်းခြောက်ကောက်နေတာ” ဟု သူက ဆက်ပြောသည်။

နေရာ နှစ်ခု သတိပေးဖောက်ခွဲခံထားရသော ရန်ကုန်မြို့တွင် ယနေ့ လူဦးရေစာရင်းကောက်ယူမှုတချို့ ရှိနေပြီး စစ်ကားတစ်စီး လိုက်ပါပေးနေသည်ဟု သိရကြောင်း မြို့ပြပြောက်ကျားအဖွဲ့ FLA ထံမှ သိရသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာတွင် လူဦးရေစာရင်း လိုက်လံကောက်ခံနေသည့် သတင်းများ ဝေဝေဆာဆာ ဖော်ပြနေသည်။

ဇန်နဝါရီ ၉ ကလည်း တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် လူဦးရေစာရင်းလိုက်ကောက်နေသူတို့ကို ဒေသခံကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့၍ ရဲတစ်ဦးသေပြီး စစ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်လည်း လူဦးရေစာရင်းပြင်ဆင်နေသည့် လဝကရုံးကို ယနေ့ နံနက် ၁ နာရီတွင် ရေစကြို PDF က မီးရှို့ခဲ့သည်။

NUG က စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူနေမှုတွင် ပူးပေါင်းပါဝင်နေသော ဝန်ထမ်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇန်နဝါရီ ၉ တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများကမူ ရွေးကောက်ပွဲသည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဖြစ်သောကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လူထုကို တိုက်တွန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button