အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသော ရေစကြိုလဝကရုံး မီးရှို့ခံရ

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများလုပ်နေသော မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးကွပ်ကဲမှုဌာန (လဝက) ရုံးကို ယနေ့ (ဇန်နဝါရီ ၁၂) နံနက်က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

နံနက် ၁ နာရီတွင် ဝင်ရောက်စီးနင်းစဉ် ဖမ်းမိသည့် လဝကဝန်ထမ်း ၄ ဦးကို အာဏာဖီဆန်ရေးလှုပ်ရှား (CDM) တွင် ပါဝင်ရန် တိုက်တွန်းကာ ပြန်လွှတ်လိုက်ကြောင်း၊ ရုံးပင်မအဆောင်၊ စာရွက်စာတမ်း ထားသည့်အဆောင် အပါအဝင် အဆောက်အအုံ ၄ ခု မီးရှို့ခဲ့ကြောင်း ရေစကြို PDF ခေါင်းဆောင် ကိုဝေကြီးက ပြောသည်။

ဒေသခံများ မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေမတန်တဆ တောင်းခံခြင်း၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းတို့ကြောင့်  မီးရှို့ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“မှတ်ပုံတင်လုပ်ရင် ပုံမှန်ဆိုရင်တော့ နှစ်သောင်း၊ သုံးသောင်းတောင်းတာ ရှိတယ်။ အရေးကြီးတယ် ထင်တဲ့သူတွေဆို ငွေညှစ်တာတွေ ရှိတယ်။ မဲစာရင်း လိုက်ကောက်တာတွေတော့ မရှိသေးဘူး။ မဲစာရင်းအတွက် လဝကစာရင်းကို အခြေခံပြီးတော့ (စာရင်း) ပြင်နေတဲ့အချိန် ကျွန်တော်တို့က အရေးယူလိုက်တာ” ဟု ကိုဝေကြီးက Myanmar Now ကို ပြောသည်။

ဝန်ထမ်း ၄ ဦးကို နှိပ်စက်ခြင်းမရှိကြောင်း၊ စစ်ကောင်စီဘက် ရပ်တည်ခြင်းမပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

“သူတို့ကတော့ ဖမ်းမှာ၊ သတ်မှာ ကြောက်နေကြတာပေါ့။ ခင်ဗျားတို့လည်း ပြည်သူလူထုနဲ့ ပူးပေါင်းပါ၊ ကျွန်တော်တို့က တရားလက်လွတ် သတ်တဲ့ဖြတ်တဲ့ကိစ္စတွေ မလုပ်ဘူး၊ တော်လှန်ရေးသမားတွေပါလို့ ရှင်းပြတယ်” ဟု ရေစကြို PDF ခေါင်းဆောင်က ဆက်ပြောသည်။

ထို ၄ ဦး၏ ရာထူး၊ အမည်နှင့် အသက်အရွယ်တို့ကို အသေးစိတ်မသိရပေ။

ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ ရေစကြိုမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ခုခံသူများရှိသော ဒေသတစ်ခု ဖြစ်သည်။

မီးလောင်နေသော လဝကရုံးရှိ စာရွက်စာတမ်းတချို့။ (ဓာတ်ပုံ-ပေးပို့)

ထို့ကြောင့် စစ်ကောင်စီရွေးကောက်ပွဲ မဲစာရင်းအတွက် တစ်ရွာဝင်တစ်ရွာထွက် ကောက်ယူနိုင်ခြင်း မရှိသဖြင့် မြို့တောင်ဘက်ခြမ်း လဝကရုံးရှိ အချက်အလက်များဖြင့် မဲထည့်နိုင်သူစာရင်း ပြုစုရန် ပြင်ဆင်နေချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရေစကြို PDF  ခေါင်းဆောင်က ပြောသည်။

အဆိုပါ လဝကရုံးသည် မှတ်ပုံတင်ပြုလုပ်သူများထံမှ ငွေကျပ် နှစ်သောင်းမှ လေးသိန်းအထိ တောင်းယူနေကြောင်း တိုင်ကြားချက်များ လက်ခံရရှိထားသည်ဟု ဆိုသည်။

စီးနင်းချိန်အတွင်း စစ်ကောင်စီတပ်သားတို့က ရေစကြိုမြို့နယ် လဝကရုံးတွင် မရှိသလို ထိုနေရာနှင့် မလှမ်းမကမ်းရှိ ပြည်သူ့ဆေးရုံတွင်သာ ဆက်ရှိနေ၍ ပစ်ခတ်မှု မဖြစ်ခဲ့ကြောင်း သိရသည်။

လဝကရုံး မီးရှို့ခံရပြီးနောက် နာရီပိုင်းအတွင်း စစ်ကောင်စီတပ်က မြို့ပေါ်တွင် လိုက်လံ စစ်ဆေးခဲ့သည်ဟု ဆိုသည်၊ နောက်ဆက်တွဲအခြေအနေ မသိရသေးပေ။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကိစ္စ အကြောင်းပြကာ အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် ယခု နှစ်ဆန်းမှစ၍ ၎င်းတို့ စီစဉ်မည့် ရွေးကောက်ပွဲအတွက် နိုင်ငံအနှံ့ လူဦးရေစာရင်း ကောက်ယူနေပြီး စစ်တပ်ထောက်ခံသူ အမာခံများဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်သည့် ကြံ့ခိုင်ရေးပါတီသည်လည်း တစ်နိုင်ငံလုံးအနှံ့ ပါတီဝင် တွေ့ဆုံပွဲများ ပြုလုပ်နေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကို မပူးပေါင်းရန် တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ခံနေမှုများတွင် ပူးပေါင်းသည့် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် မည်သူကိုမဆို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲမည်ဟု ကြေညာထားသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၁) က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ၁၆၂ လမ်းတွင် လူဦးရေစာရင်းကောက်အဖွဲ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်၊ မည်သို့ ထိခိုက်သွားသည်ကို မသိရသေးပေ။

အလားတူ ဇန်နဝါရီ ၁၀၊ ၁၁ တို့တွင် ရန်ကုန်နှင့် မန္တလေး၌ စစ်ကောင်စီ၏လူဦးရေစာရင်းကောက်ယူနေမှု များ ရပ်တန့်ရန် မြို့ပြပြောက်ကျားအဖွဲ့များက ဗုံးခွဲသတိပေးမှု ၇ ကြိမ် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီဗိုလ်ချုပ်ကြီးများကမူ ရွေးကောက်ပွဲသည် ဒီမိုကရေစီအတွက်ဖြစ်သောကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူများကို တိုက်တွန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button