အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဂတိမှုဖြင့် ထောင်ကျနေသည့် ရဲမှူးကို စစ်ကောင်စီ ပြန်လွှတ်၊ ရာထူးပြန်ပေး

၂၀၂၀၊ မတ်လတွင် အဂတိမှုဖြင့် ထောင် ၄ နှစ် ချခံရ၊ ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းခံထားရသည့် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ရဲမှူးဟောင်း သိန်းနိုင်ကို စစ်ကောင်စီက ပြန်လွှတ်ကာ မူလရာထူး၊ လစာဖြင့် နေပြည်တော်တွင် အလုပ်ပြန်ခန့်သည်။

စစ်ကောင်စီ၏ စီမံ/ဘဏ္ဍာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် သီတာထွန်းဆိုသူက ပြည်ထဲရေးဝန်ကြီးဌာနထံ မကြာသေးမီက ပေးပို့သည့် စာတစ်စောင်ကို Myanmar Now က ရရှိထားပြီး ထိုစာတွင် သိန်းနိုင်ကို ရဲမှူးရာထူး၊ လစာ ကျပ် ၃၂၈,၀၀၀ ဖြင့် ပြန်ခန့်ကြောင်း ဖော်ပြထားသည်။

ထောင်ကျခဲ့သည့် ၃ နှစ်နီးပါးကို တာဝန်ချိန် သတ်မှတ်၍ လစာ၊ ချီးမြှင့်ငွေ ကျပ်သိန်း ၁၃၀ နီးပါး ပြန်ပေးမည်ဟုလည်း စာတွင် ဖော်ပြထားသည်။

ပြည်သူကို မတရား ဖမ်းဆီး၊ ညှဉ်းပန်း ငွေတောင်းသည်ကို စိစစ်တွေ့ရှိသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရဲမှူး သိန်းနိုင်၊ ရဲအုပ် ကျော်သူ၊ ဒုရဲအုပ် ထွန်းထွန်းလင်းတို့ကို ၂၀၁၉ ခုနှစ် ဇွန် ၁၄ ရက်တွင် အမှုဖွင့်ခဲ့သည်။ ရဲအုပ်ကျော်သူမှာ တိမ်းရှောင်သွားသည်။

ရဲမှူးသိန်းနိုင်၊ ဒုရဲအုပ် ထွန်းထွန်းလင်းတို့မှာ ထောင် ၁၀နှစ် ချခံရနိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အချုပ်သားအဖြစ် တရားရင်ဆိုင်ခဲ့ရကာ ၂၀၂၀ မတ် ၁၉ တွင် မန္တလေးတိုင်းတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၄ နှစ်စီ ချထားသည်။ 

သူ၏ အမှုတွဲ ၂ ဦး မည်သည့်နေရာသို့ ရောက်နေသည်ကို မသိရသေးပေ။

၎င်းတို့မှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် တပ်ဖွဲ့မှ ထုတ်ပယ်ခြင်းကိုလည်း ခံထားရသည်။

ထိုသို့ အဂတိမှုဖြင့် ထုတ်ပယ်၊ ထောင်ချခံထားရသူကို ရဲအရာအဖြစ် ပြန်ခန့်၊ ခံစားခွင့်ပါ ပြန်ပေးသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ရဲအချို့က အံ့ဩရကြောင်း၊ စစ်ကောင်စီက လာဘ်စားရန် တရားဝင်ခွင့်ပြုလိုက်ခြင်းပင် ဖြစ်ကြောင်း ပြောသည်။

“ရဲမှာ ထောင်ကျ၊ ထုတ်ပယ်၊ နှစ်မျိုးပဲ ရှိတယ်၊ အဲဒါဆိုရင် ဥပဒေအရ ပြန်ခန့်လို့ မရဘူး” ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းစကတည်းက CDM ဝင်ကာ တော်လှန်ရေးတွင် ပါဝင်နေသည့် နေပြည်တော်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနမှ ရဲအုပ် ခွန်အောင်ကိုကိုကလည်း စစ်ကောင်စီလက်ထက် အဂတိလိုက်စားမှုများ ပို၍ ဆိုးရွားလာမည့် နိမိတ်လက္ခဏာပင်ဖြစ်ကြောင်း သုံးသပ်သည်။

“ခုလို ပြန်ခန့်လို့ လုံးဝမရဘူး။ သူက နှစ်ခုခံထားရတာ။ ရဲတပ်ဖွဲ့မှာ အမြဲတမ်း ထုတ်ပယ်ပြစ်ဒဏ် ခံထားရတယ်။ နောက်တစ်ခုက အဆင့်ဆင့် စစ်ဆေးပြီး အဂတိမှု ပေါ်ပေါက်ထားတာတောင် လွှတ်ပေးပြီး ပြန်ခန့်တယ်ဆိုတော့ စစ်ကောင်စီက အဂတိလိုက်စားမှုကို တရားဝင် ခွင့်ပြုလိုက်တဲ့သဘောပဲ” ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အဂတိလိုက်စားမှုဖြင့် အရေးယူခံရသည့် ရဲအရာရှိအများအပြားကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့သော် ရဲမှူးသိန်းနိုင်ကဲ့သို့ အလုပ်ပြန်ပေးခံရသူ မကြားမိကြောင်း ရဲအုပ် ခွန်အောင်ကိုကိုက ဆက်ပြောသည်။

အာဏာမသိမ်းမီ ရက်ပိုင်းအလို ၂၀၂၁ ဇန်နဝါရီလအတွင်း နေပြည်တော်တွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/Myanmar Now)

စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲနီးပါးအတွင်း နိုင်ငံတစ်ဝန်းတွင် ရဲနှစ်ဒါဇင်ခန့် လစဉ် သေဆုံးနေရသည်ဟု ဩဂုတ်လအတွင်း နေပြည်တော်၌ ပြုလုပ်သည့် ရဲချုပ်ရုံး အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

၂၀၂၁မှ ယခုနှစ် ဇူလိုင်လအထိ ရဲတပ်ဖွဲ့ဝင် ၃၆၀ ဦး သေဆုံးခဲ့ကြောင်း၊ လစဉ် ပုံမှန်သေဆုံးသည့် ရဲတပ်ဖွဲ့ဝင်အင်အားမှာ ၂၀ မှ ၂၆ ဦးအထိ ရှိနေကြောင်း ရဲချုပ်၊ ဗိုလ်ချုပ် ဇင်မင်းထက်က ပြောခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။ ထိုမှတ်တမ်းကို Myanmar Now က ရရှိခဲ့၍ သတင်းဖော်ပြပြီး ဖြစ်သည်။

“ယခုကာလသည် သာမာန်အချိန်ကာလမဟုတ်ဘဲ အရေးပေါ်ကာလဖြစ်၍ မိမိကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များအား စနစ်တကျဖြင့် သွားလာနေထိုင်နိုင်ရေး သေချာစွာ ကြပ်မတ် ဆောင်ရွက်သွားရန် ပြောလိုကြောင်း၊ သေဆုံးမှုများနှင့် ပတ်သက်၍ လစဉ်လစဉ် ၂၀/၂၆ ယောက် ဝန်းကျင် ကျဆုံးနေသည်ကို တွေ့ရှိရကြောင်း” ဗိုလ်ချုပ် ဇင်မင်းထက်က ပြောခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ရဲတပ်သားသစ် စုဆောင်းရရှိမှု လျော့နည်းသွားသည်ကိုလည်း ရဲအရာရှိကြီးများနှင့် ပြုလုပ်သည့် ထိုအစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီးလည်းဖြစ်သူ ၎င်းက ဝန်ခံထားသည်။

ထိုအခြေအနေတွင် တစ်နှစ်ခွဲကျော်အတွင်း CDM ဝင်သူ ရဲနှင့် စစ်သား တစ်သောင်းထက်မနည်းရှိမည်ဟု ထိုထက်များနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် CDM များကို ကူညီပေးနေသည့် စစ်တပ်အရာရှိဟောင်းအချို့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button