လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးစိုးပိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ မင်္ဂလာဒုံရဲစခန်း၌ ယနေ့ (ဇန်နဝါရီ ၁၁) တွင် အမှုဖွင့်လိုက်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဦးစိုးပိုင်သည် ဌာနဆိုင်ရာ အကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာတို့ကို အသုံးချကာ ကိုယ်ကျိုးအတွက် စီးပွားရှာ၍ မမှန်မကန် ဆောင်ရွက်နေသဖြင့် အရေးယူပေးရန် တိုင်ကြားမှုကို ကော်မရှင်သည် ၂၀၂၀ ခုနှစ်အတွင်း လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
“ကပ်ရောဂါအခြေအနေအရ ဒီဟာနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်မှုတွေကတော့ အထိုက်အလျောက်တော့ အကန့်အသတ်တွေ ရှိခဲ့တယ်။ ရှိတဲ့ကြားကပဲ စစ်ဆေးဆောင်ရွက်ရတဲ့နေရာမှာ အချိန်အတိုင်းအတာလေး တစ်ခုတော့ ကြာသွားတာပေါ့နော်” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက Myanmar Now ကို ပြောသည်။
ဦးစိုးပိုင်ကို ရဲတပ်ဖွဲ့က ယနေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ၎င်း၏ အဂတိမှုသည် ကော်မရှင်အနေဖြင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်စပ်၍ ပထမဆုံးကိုင်တွယ်ရသည့် အမှုဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
တိုင်ကြားစာအရ ကော်မရှင်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့ရာ ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန်ထိန်းသိမ်းမှု စစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူးရာထူးနှင့် လေကြောင်းပျံသန်းမှု လမ်းညွှန်ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာရာထူးတာဝန်များ ထမ်းဆောင်စဉ် အဂတိလိုက်စားမှုများ ရှိခဲ့သည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု သိရသည်။
ဦးစိုးပိုင်သည် ယင်းတာဝန်များ ထမ်းဆောင်နေစဉ် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ကာ ပြည်ပလေကြောင်းအော်ပရေတာ ကိုယ်စားလှယ်များထံမှ လေကြောင်းဖြတ်ကျော်ပျံသန်းခွင့် အမြန်ရရှိစေရန် ဆောင်ရွက်ခများ ရယူခဲ့သည်ဟု ကော်မရှင်၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းသည် ဖြတ်သန်းခွင့် ပါမစ်နံပါတ်တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၁၀၀၊ ၆၀၊ ၄၀ စသဖြင့် ပေးရန် “ဦးစိုးပိုင်” အမည်ဖြင့်ပင် ဖွင့်လှစ်ထားသည့် အီးမေးလ်လိပ်စာတစ်ခုကို အသုံးပြု၍ ပြည်ပလေကြောင်းအော်ပရေတာ ကိုယ်စားလှယ်များထံ အကြောင်းကြားခဲ့ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဦးစိုးပိုင်အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပရှိဘဏ်စာရင်းတစ်ခုအတွင်းသို့ ငွေကြေးများပေးသွင်းစေခဲ့ကြောင်း၊ ပြည်ပလေကြောင်း အော်ပရေတာ ကိုယ်စားလှယ် (Agent) ၁၂ ခုထံမှ အမေရိကန်ဒေါ်လာ ၇၂,၀၆၆ လက်ခံရယူခဲ့ကြောင်း တွေ့ရှိရသည်ဟု အဂတိတိုက်ဖျက်ရေးကော်မရှင်က ဆိုသည်။
“သေချာအမှုတွဲကို သက်သေခံအထောက်အထားတွေ ရှာရတယ်။ သက်သေတွေကို မေးရတယ်။ တိုင်ကြားသူကို မေးရသလို တိုင်ကြားခံရသူကိုလည်း မေးရတယ်။ မေးပြီးတော့မှ ခိုင်လုံမှုရှိမှသာ အခုလိုမျိုးတရားစွဲဆိုမှုကို ဆောင်ရွက်ရတာပေါ့နော်” ဟု ကော်မရှင် ပြောရေးဆိုခွင့်ရ ဦးကျော်စိုးက ပြောသည်။
ကော်မရှင်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စွပ်စွဲခံရသူဘက်မှ တုံ့ပြန်ချက်ကို မရရှိသေးပေ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ လုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။